YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 5

5
အိမ်တော်ဆောက်လုပ်ရန် ဟိရံမင်းကြီးပေးသောပစ္စည်းများ
1ရှောလမုန်​မင်းကြီး​အား ရှင်ဘုရင်​အဖြစ်​ဘိသိက်ပေး​၍ ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ကြောင်း ဒါဝိဒ်​မင်းကြီး​လက်ထက်​တစ်လျှောက် ဒါဝိဒ်​မင်းကြီး​နှင့်​မိတ်ဆွေ​ဖြစ်​ခဲ့​သော တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​ကြားသိ​လျှင် ရှောလမုန်​မင်းကြီး​ထံသို့ မိမိ​အမှုထမ်း​များ​ကို​စေလွှတ်​၍ မိတ်ဖွဲ့​စေ​၏​။ 2ရှောလမုန်​မင်းကြီး​က​လည်း ဟိရံ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ 3“အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​သည် သူ​၏​ရန်သူ​တို့​ကို သူ့​ခြေဖဝါး​အောက်​သို့ ထာဝရဘုရား​မ​ချထား​မီ​အချိန်​ထိ သူ့​အား တိုက်ပွဲ​များ​ဝိုင်းရံ​လျက်​ရှိ​သောကြောင့် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ ဗိမာန်တော်​ကို တည်ဆောက်​ခွင့်​မ​ရ​ခဲ့​ကြောင်း မင်းကြီး​သိ​ပါ​၏​။ 4ယခုမှာ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​လက်ထက်​တွင် အေးချမ်းသာယာ​စေ​သဖြင့် အကျွန်ုပ်​ပတ်လည်​တွင် ရန်ပြုသူ​မ​ရှိ​၊ ဘေးအန္တရာယ်​လည်း မ​ရှိ​ပါ​။ 5ထာဝရဘုရား​က အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​သင့်​အရိုက်အရာ​ကို​ဆက်ခံ​ပြီး သင့်​ရာဇပလ္လင်​ပေါ်တွင် ငါ​စံမြန်း​စေ​မည့် သင့်​သား​တော်​သည် ငါ့​နာမ​အဖို့ အိမ်​တော်​ကို တည်​လိမ့်မည်​’​ဟု မိန့်မှာ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​အဖို့ အိမ်​တော်​ကို တည်ဆောက်​ရန် ရည်ရွယ်​ပါ​၏​။
6ထို့ကြောင့် အကျွန်ုပ်​အဖို့ လက်ဘနွန်​တောင်​မှ သစ်ကတိုးပင်​များ​ကို ခုတ်​ပေး​ကြ​ရန် အမိန့်​ထုတ်ပြန်​ပါ​။ အကျွန်ုပ်​၏​အမှုထမ်း​တို့​သည် မင်းကြီး​၏​အမှုထမ်း​တို့​နှင့်အတူ အလုပ်လုပ်​ကြ​ပါ​လိမ့်မည်​။ မင်းကြီး​၏​အမှုထမ်း​တို့​အတွက် လုပ်အားခ​ကို​လည်း မင်းကြီး​ဆို​သည့်​အတိုင်း ပေး​ပါ​မည်​။ မင်းကြီး​သိ​တော်မူ​သည့်​အတိုင်း အကျွန်ုပ်​တွင် ဆီဒုန်​လူမျိုး​တို့​ကဲ့သို့ သစ်ခုတ်​ကျွမ်းကျင်​သူ မ​ရှိ​ပါ​”​ဟု မှာကြား​လိုက်​လေ​၏​။
7ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​၏​စကား​ကို​ကြား​လျှင် “​ယနေ့ ဤ​လူမျိုး​ကြီး​အပေါ် အုပ်ချုပ်​ရန် ဒါဝိဒ်​မင်းကြီး​အား ပညာရှိ​သော​သား​ကို​ပေး​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု ဝမ်းသာအားရ​မြွက်ဆို​လေ​၏​။ 8ထို့နောက် ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​ထံ လူ​လွှတ်​၍ “​သင်​မှာကြား​လိုက်​သော​စကား​ကို အကျွန်ုပ်​ကြားသိ​ရ​ပါ​ပြီ​။ သင်​လို​သမျှ သစ်ကတိုးသား​၊ ထင်းရှူးသား​တို့​ကို ပေး​ပါ​မည်​။ 9အကျွန်ုပ်​၏​အမှုထမ်း​တို့​အား လက်ဘနွန်​တောင်​မှ​သစ်​တို့​ကို ပင်လယ်​အထိ​သယ်လာ​ပြီး ဖောင်​ဖွဲ့​၍​ပင်လယ်ရေကြောင်း​အတိုင်း မျှောချ​မည်​။ မင်းကြီး​အလိုရှိ​သော​နေရာ​သို့​ရောက်​လျှင် ဖောင်​ကို​ဖျက်​ပြီး သစ်​တို့​ကို သယ်ယူ​သွား​ပါ​။ မင်းကြီး​လည်း အကျွန်ုပ်​၏​နန်းတွင်းသူ​နန်းတွင်းသား​တို့​အတွက် ရိက္ခာ​ကို ဖြည့်ဆည်း​ပေး​ပါ​ရန် အကျွန်ုပ်​ဆန္ဒပြု​ပါ​သည်​”​ဟု အကြောင်းပြန်​ကြား​လေ​၏​။
10ဤသို့ဖြင့် ဟိရံ​မင်းကြီး​သည် ရှောလမုန်​မင်းကြီး​အလို​ရှိသမျှ သစ်ကတိုးသား​၊ ထင်းရှူးသား​တို့​ကို ပို့ပေး​လေ​၏​။ 11ရှောလမုန်​မင်းကြီး​သည်​လည်း ဟိရံ​မင်းကြီး​၏​နန်းတွင်းသူ​နန်းတွင်းသား​တို့ စားစရာ​အဖို့ ဂျုံ​ကောရ​နှစ်သောင်း​နှင့် ကြိတ်​ထား​သော​သံလွင်ဆီ ကောရ#5:11 တစ်ကောရ=220 လီတာခန့်။​နှစ်ဆယ်​ကို ပေး​၏​။ ထိုသို့ ရှောလမုန်​မင်းကြီး​သည် ဟိရံ​မင်းကြီး​အဖို့ နှစ်စဉ်​ပြု​ပေး​လေ​၏​။
12ထာဝရဘုရား​သည် ကတိထား​တော်မူ​သည့်​အတိုင်း ရှောလမုန်​မင်းကြီး​အား ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ ဟိရံ​မင်းကြီး​နှင့်​ရှောလမုန်​မင်းကြီး​တို့​နှစ်​ဦး​သည် အချင်းချင်း​သင့်မြတ်​ကြ​ပြီး မဟာမိတ်​လည်း​ဖွဲ့​ကြ​၏​။
ရှောလမုန်မင်းကြီး၏အလုပ်သမားအင်အား
13ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ထဲမှ အလုပ်ကြမ်းသမား အယောက်​သုံးသောင်း​ကို ခန့်ထား​ပြီး 14တစ်​လ​လျှင် လူ​တစ်သောင်း​စီ​ကို လက်ဘနွန်​တော​သို့ စေလွှတ်​၏​။ သူ​တို့​သည် လက်ဘနွန်​တော​တွင်​တစ်​လ​၊ ကိုယ့်​အိမ်​တွင်​နှစ်​လ နေ​ကြ​ရ​၏​။ အဒေါနိရံ​သည် ထို​အလုပ်ကြမ်းသမား​တို့​ကို ကြီးကြပ်​ရ​၏​။ 15ရှောလမုန်​မင်းကြီး​ထံ၌ အထမ်းသမား အယောက်​ခုနစ်သောင်း​နှင့် တောင်​ပေါ်တွင် ကျောက်ဆစ်သမား အယောက်​ရှစ်သောင်း​ရှိ​၏​။ 16ထို့ပြင် ရှောလမုန်​မင်းကြီး​သည် လုပ်ငန်းခွင်​အကြီးအကဲ အယောက်​သုံး​ထောင့်​သုံး​ရာ​ကို​လည်း ခန့်ထား​၏​။ သူ​တို့​သည် အလုပ်ခွင်​တွင် အလုပ်လုပ်​သော​သူ​တို့​ကို ကြီးကြပ်ကွပ်ကဲ​ရ​၏​။ 17ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ကျောက်​များ​ကို​ဆစ်​၍ အိမ်​တော်​အုတ်မြစ်ချ​နိုင်​ရန် ကျောက်တုံး​ကြီး​များ​၊ ကျောက်ကောင်းကျောက်မြတ်​များ​ကို တူးယူ​ကြ​၏​။ 18ထို့နောက် ရှောလမုန်​မင်းကြီး​၏​ဆောက်လုပ်ရေးသမား​များ​၊ ဟိရံ​မင်းကြီး​၏​ဆောက်လုပ်ရေးသမား​များ​နှင့် ဂေဗလ​အမျိုးသား​တို့​သည် ကျောက်​များ​ကို ထုဆစ်​ကြ​ပြီး အိမ်​တော်​တည်ဆောက်​ရန် သစ်သား​များ​၊ ကျောက်​များ​ကို ပြင်ဆင်​ထား​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်တတိယစောင် 5