YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 3

3
ရှောလမုန်မင်းကြီးအား ထာဝရဘုရားထင်ရှားပြခြင်း
1ရှောလမုန်​မင်းကြီး​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ပြီး ဖာရော​မင်းကြီး​၏​သမီး​တော်​နှင့် စုံဖက်​လေ​၏​။ စံမြန်း​ရာ​နန်းတော်​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဂျေရုဆလင်​မြို့ရိုး​တို့ ဆောက်လုပ်​၍​မ​ပြီး​မီ​တိုင်အောင် သူ့​ကို ဒါဝိဒ်​မြို့​တွင် စံမြန်း​နေ​စေ​၏​။ 2ထို​ကာလ​၌ ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ​အိမ်​တော်​ကို မ​တည်ဆောက်​ရ​သေး​သဖြင့် လူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပူဇော်​ကြ​ရ​၏​။ 3ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​ကို​ချစ်​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​သွန်သင်ချက်​အတိုင်း လိုက်လျှောက်​သော်လည်း အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​များ​တွင် ယဇ်ပူဇော်​၍ နံ့သာပေါင်း​ကို မီးရှို့ပူဇော်​လေ့​ရှိ​သေး​၏​။
4ဂိဗောင်​မြို့​သည် အရေးပါ​သော​အထွတ်အမြတ်​ထား​ရာ​နေရာ​တစ်​ခု ဖြစ်​၏​။ ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ယဇ်ပူဇော်​ရန် ထို​နေရာ​သို့​သွား​၍ ယဇ်ပလ္လင်​ပေါ်တွင် ယဇ်ကောင်​တစ်ထောင်​ကို မီးရှို့​ပူဇော်​၏​။ 5ဂိဗောင်​မြို့​၌ ထာဝရဘုရား​သည် ရှောလမုန်​မင်းကြီး​အား ညအချိန်​အိပ်မက်​ထဲတွင် ကိုယ်ထင်ရှားပြ​တော်မူ​၏​။ ဘုရားသခင်​က “​ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​”​ဟု မိန့်​တော်မူ​၏​။
6ရှောလမုန်​မင်းကြီး​က​လည်း “​အရှင့်​အစေအပါး အကျွန်ုပ်​၏​ခမည်းတော် ဒါဝိဒ်​မင်းကြီး​သည် ကိုယ်တော်​၏​ရှေ့​တော်​တွင် သစ္စာစောင့်​လျက်​၊ ဖြောင့်မတ်​လျက်​၊ စိတ်နှလုံး​မှန်ကန်​စွာ အသက်ရှင်​လျှောက်လှမ်း​ခဲ့​သဖြင့် ကိုယ်တော်​သည် သူ့​အား ကြီးမား​သော​မေတ္တာကရုဏာ​ကို ပြ​တော်မူ​ခဲ့​ပြီ​။ ဤ​ကြီးမား​သော​မေတ္တာကရုဏာ​တော်​ကို ဆက်လက်​ပြသ​လျက် သူ့​သား​ကို သူ​၏​ရာဇပလ္လင်​ပေါ်တွင် ယနေ့ စံမြန်း​စေ​တော်မူ​လေ​ပြီ​။
7အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော့်​အစေအပါး​အား ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီ​။ အကျွန်ုပ်​သည် ငယ်ရွယ်​သေး​သောကြောင့် မည်သို့​သွားလာ​ပြုမူ​ရ​မည်​ကို မ​သိ​သေး​ပါ​။ 8ကိုယ်တော်​၏​အစေအပါး​သည် ကိုယ်တော်​ရွေးချယ်​တော်မူ​သော​လူမျိုး​၊ မ​ရေ​မ​တွက်​နိုင်​လောက်အောင်​များပြား​သော​လူမျိုး​ကြီး​အလယ်​တွင် ရှိ​နေ​ပါ​၏​။ 9ဤ​များပြား​လှ​သော​ကိုယ်တော်​၏​လူမျိုး​တော်​ကို မည်သူ​အုပ်ချုပ်​နိုင်​ပါ​မည်နည်း​။ ထို့ကြောင့် ကိုယ်တော့်​အစေအပါး​အား ကိုယ်တော်​၏​လူမျိုး​တော်​ကို စီရင်အုပ်ချုပ်​နိုင်​ရန်​နှင့် အကောင်း​အဆိုး​ကို ဝေဖန်ပိုင်းခြား​နိုင်​ရန်​အတွက် သိနားလည်​နိုင်​သော​နှလုံးသား​ကို ပေး​တော်မူ​ပါ​”​ဟု တောင်းလျှောက်​၏​။
10ဤသို့ ရှောလမုန်​မင်းကြီး​တောင်းလျှောက်​သည်​ကို ဘုရားရှင်​နှစ်သက်​တော်မူ​၏​။ 11ထို့ကြောင့် ဘုရားသခင်​က သူ့​အား “​သင်​သည် အသက်တာ​ရှည်​ရန်​မ​တောင်း​၊ ဓနဥစ္စာ​ကို​မ​တောင်း​၊ ရန်သူ့​အသက်​ကို​မ​တောင်း​ဘဲ တရားမျှတ​စွာ​စီရင်​နိုင်​သော​အသိဉာဏ်​ကို​သာ တောင်း​လေ​ပြီ​။ ဤသို့ သင်​တောင်းဆို​သောကြောင့် 12သင်​တောင်း​သည့်​အတိုင်း ငါ​ပေး​မည်​။ သင့်​အား ဉာဏ်ပညာ​နှင့် ဝေဖန်ပိုင်းခြား​နိုင်​သော​နှလုံးသား​ကို ပေး​မည်​။ သင်​နှင့်​တူ​သော​သူ ယခင်​က​မ​ရှိ​ခဲ့​စဖူး​၊ နောင်​လည်း ရှိ​လိမ့်မည်​မ​ဟုတ်​။ 13သင်​မ​တောင်း​သော​ဓနဥစ္စာ​နှင့် ဘုန်းအသရေ​ကို​လည်း သင့်​အား ငါ​ပေး​ဦး​မည်​။ သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ရှင်ဘုရင်​တို့​တွင် သင်​နှင့်​တူ​သော​သူ တစ်ယောက်​မျှ​မ​ရှိ​စေ​ရ​။ 14သင့်​ခမည်းတော်​ဒါဝိဒ် လိုက်လျှောက်​ခဲ့​သည့်​အတိုင်း သင်​သည် ငါ့​လမ်း​သို့​လိုက်​၍ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို စောင့်ထိန်း​မည်​ဆို​လျှင် သင့်​အသက်တာ​ကို ရှည်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။
15ရှောလမုန်​မင်းကြီး​နိုးလာ​လျှင် အိပ်မက်​ဖြစ်ကြောင်း​ကို သိ​ရ​လေ​၏​။ သူ​သည် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​၍ ဘုရားရှင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရပ်​လျက် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​လေ​၏​။ ထို့နောက် သူ​၏​အမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ ကျင်းပ​ပေး​လေ​၏​။
ရှောလမုန်မင်းကြီး၏ဉာဏ်ပညာ
16တစ်နေ့တွင် ပြည့်တန်ဆာ​မိန်းမ​နှစ်​ဦး​သည် ရှင်ဘုရင်​ထံသို့​လာ​၍ ရှေ့​တော်​၌ ရပ်​လျက် 17မိန်းမ​တစ်​ဦး​က “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​သည် ဤ​မိန်းမ​နှင့် တစ်အိမ်တည်း​နေ​ပါ​၏​။ ထို​အိမ်​တွင် အကျွန်ုပ်​မီးဖွား​စဉ် သူ​ရှိ​နေ​ပါ​၏​။ 18ထိုသို့ အကျွန်ုပ်​မီးဖွား​ပြီး သုံး​ရက်​မြောက်​သော​နေ့​တွင် ထို​မိန်းမ​လည်း မီးဖွား​ပါ​၏​။ ထို​အိမ်​တွင် အကျွန်ုပ်​တို့​နှစ်​ဦး​အပြင် အခြား​မည်သူ​မျှ​မ​ရှိ​ပါ​။ 19ဤ​မိန်းမ​သည် ည​အိပ်​ချိန်​၌ သူ့​သား​ကို ဖိအိပ်​မိ​သဖြင့် သား​မှာ သေဆုံး​သွား​ပါ​၏​။ 20ထို့ကြောင့် သူ​သည် ညသန်းခေါင်​ထ​၍ အကျွန်ုပ်​အိပ်​နေ​ချိန်​တွင် အကျွန်ုပ်​ဘေး​၌​အိပ်​နေ​သော အကျွန်ုပ်​၏​သား​ကို​ယူ​ပြီး သူ့​ရင်ခွင်​၌​သိပ်​ပါ​၏​။ သူ့​သား​အသေကောင်​ကို​မူ အကျွန်ုပ်​၏​ရင်ခွင်​၌ ထား​ပါ​၏​။ 21နံနက်​ထ​၍ နို့တိုက်​မည်​ပြု​သောအခါ အကျွန်ုပ်​၏​သား​မှာ သေ​နေ​ပါ​၏​။ နံနက်လင်း​၍ ထို​သား​ကို သေချာ​စွာ​ကြည့်​သောအခါ ထို​သား​သည် အကျွန်ုပ်​ဖွား​သော​သား​မ​ဟုတ်​သည်​ကို သိ​ရ​ပါ​၏​”​ဟု လျှောက်ဆို​၏​။
22နောက်​မိန်းမ​တစ်​ယောက်​က “​ထိုသို့​မ​ဟုတ်​ပါ​။ အသက်ရှင်​သော​သား​သည် ငါ့​သား​ဖြစ်​၏​။ သေ​နေ​သော​သား​မှာ သင့်​သား​ဖြစ်​၏​”​ဟု ဆို​၏​။ ပထမ​မိန်းမ​က​လည်း “​ထိုသို့​မ​ဟုတ်​ပါ​။ သေ​နေ​သော​သား​သည် သင့်​သား​ဖြစ်​၏​။ အသက်ရှင်​နေ​သော​သား​မှာ ငါ့​သား​ဖြစ်​၏​”​ဟု ရှင်ဘုရင်​ရှေ့​တွင် ငြင်းခုံ​ကြ​လေ​၏​။
23ထိုအခါ ရှင်ဘုရင်​က “​ဤ​မိန်းမ​က ‘​အသက်ရှင်​နေ​သော​သား​သည် ငါ့​သား​၊ သေ​နေ​သော​သား​မှာ သင့်​သား​’​ဟု ဆို​ပြီး နောက်တစ်ယောက်​က ‘​ထိုသို့​မ​ဟုတ်​ပါ​။ သေ​နေ​သော​သား​သည် သင့်​သား​၊ အသက်ရှင်​နေ​သော​သား​မှာ ငါ့​သား​’​ဟု ဆို​လေ​ပြီ”​ဟူ၍ မိန့်ဆို​ပြီးနောက် 24“​ဓား​ယူလာ​ခဲ့​ပါ​”​ဟု အမိန့်ပေး​သဖြင့် သူ့​ထံ ဓား​ယူလာ​ကြ​၏​။ 25ထို့နောက် ရှင်ဘုရင်​က “​အသက်ရှင်​နေ​သော​ကလေး​ကို နှစ်​ခြမ်း​ခွဲ​ပြီး တစ်​ယောက်​ကို တစ်ခြမ်းစီ ပေး​လိုက်​ပါ​”​ဟု မိန့်ဆို​လျှင်
26အသက်ရှင်​နေ​သော​သား​၏​မိခင်​မှာ မိမိ​သား​ကို အလွန်​သနား​သဖြင့် ရှင်ဘုရင်​အား “​အို အကျွန်ုပ်​၏​သခင်​၊ အသက်ရှင်​နေ​သော​သား​ကို သူ့​အား ပေးလိုက်​ပါ​။ ကလေး​ကို အလျှင်း​မ​သတ်​ပါ​နှင့်​”​ဟု လျှောက်တင်​၏​။ သို့သော် နောက်မိန်းမ​က “​သင်​လည်း မ​ယူ​ရ​၊ ငါ​လည်း မ​ယူ​ရ​။ ဤ​ကလေး​ကို နှစ်ခြမ်းခွဲ​ပါစေ​”​ဟု ဆို​၏​။
27ထိုအခါ ရှင်ဘုရင်​က “​အသက်ရှင်​နေ​သော​ကလေး​ကို ပထမ​မိန်းမ​အား ပေးလိုက်​ပါ​။ အလျှင်း​မ​သတ်​ပါ​နှင့်​။ သူ​သည် ကလေး​၏​မိခင်​မှန်​၏​”​ဟု စီရင်​ပေး​လေ​၏​။ 28အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ထိုသို့​ရှင်ဘုရင်​စီရင်​လိုက်​သော​အမှု​ကို ကြားသိ​ရ​သောအခါ ရှင်ဘုရင်​၏​နှလုံးသား​ထဲတွင် ဘုရားသခင်​၏​ဉာဏ်ပညာ​တည်နေ​သောကြောင့်​သာ ဤသို့​စီရင်​နိုင်​ကြောင်း​ကို သိ​ကြ​သောကြောင့် ရှင်ဘုရင်​ကို ကြောက်ရွံ့ရိုသေ​ကြ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in