YouVersion Logo
Search Icon

ဓမ္မရာဇဝင်တတိယစောင် 2

2
ဒါဝိဒ်မင်းကြီးအနိစ္စရောက်ခါနီးအချိန် ရှောလမုန်အားမိန့်တော်မူသောစကား
1ဒါဝိဒ်​မင်းကြီး အနိစ္စရောက်​ချိန်​နီးလာ​လျှင် သူ​သည် သား​တော်​ရှောလမုန်​အား 2“​မြေကြီးသား​တိုင်း သွား​ရ​မည့်​လမ်း​ကို ငါ​သွား​ရ​တော့​မည်​။ သို့ဖြစ်၍ သင်​သည် ယောက်ျားပီပီ ရဲရင့်​ခြင်း​ရှိ​လော့​။ 3သင်​၏​ဘုရားသခင်​ထာဝရဘုရား ညွှန်ကြား​သော​အရာ​တို့​ကို စောင့်ထိန်း​လော့​။ မောရှေ​၏​ပညတ်တရားကျမ်း​၌ ရေးထား​သည့် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​၊ ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​၊ သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပြီး တရားလမ်း​အတိုင်း လိုက်လျှောက်​လော့​။ သို့ပြုလျှင် သင်​ပြု​လေရာရာ​၊ သွား​လေရာရာ​တို့​၌ အောင်မြင်​ခွင့်​ရ​မည်​။ 4ထို့ပြင် ‘​သင်​၏​သားမြေး​တို့​သည် သူ​တို့​သွား​ရာ​လမ်း​တွင် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ သစ္စာရှိ​လျက် ငါ့​မျက်မှောက်​၌​အသက်ရှင်​လျှောက်လှမ်း​ရန် စောင့်ထိန်း​ကြ​မည်​ဆို​လျှင် အစ္စရေး​လူမျိုး​၏​ရာဇပလ္လင်​ပေါ်တွင် သင်​၏​မျိုးဆက်​မ​ပြတ်​ရ​’​ဟု ငါ့​အား ကတိထား​ခဲ့​သည့်​စကား​တော်​အတိုင်း ထာဝရဘုရား​ပြု​တော်မူ​မည်​။
5ယခု ဇေရုယာ​၏​သား​ယွာဘ​သည် ငါ့​အား မည်သို့​ပြု​ခဲ့​သည်​ကို​လည်းကောင်း​၊ အစ္စရေး​စစ်သူကြီး​နှစ်​ဦး​ဖြစ်​သော နေရ​၏​သား​အာဗနာ​နှင့် ယေသာ​၏​သား​အာမသ​တို့​အား မည်သို့​ပြု​ခဲ့​သည်​ကို​လည်းကောင်း သင်​သိ​၏​။ သူ​သည် တိုင်းပြည်​အေးချမ်း​ချိန်​တွင်ပင် ထို​သူ​တို့​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး သူ့​ခါး​မှ​ခါးဝတ်တန်ဆာ​၊ သူ့​ခြေ​မှ​ခြေနင်း​တို့​ကို စစ်သွေး​စွန်း​စေ​ခဲ့​၏​။ 6သို့ဖြစ်၍ သင် ဉာဏ်ပညာ​ရှိ​သည့်​အတိုင်း စီရင်​လော့​။ ဆံပင်ဖြူ​သော​သူ့​ကို မရဏာနိုင်ငံ​သို့ ငြိမ်ဝပ်​စွာ သွား​ခွင့်​မ​ပေး​ပါ​နှင့်​။
7သို့သော် ဂိလဒ်​ပြည်သား ဗာဇိလဲ​၏​သား​တို့​ကို မေတ္တာကရုဏာ​ပြ​၍ သင်​နှင့် တစ်စားပွဲတည်း​၌​စား​ရ​သော​သူ​တို့​နှင့်အတူ စား​စေ​လော့​။ အကြောင်းမူကား သင့်​အစ်ကို အဗရှလုံ​ကြောင့် ငါ​ပြေး​ခဲ့​ရ​စဉ်က သူ​တို့​သည် ငါ့​ကို လာရောက်​မေတ္တာပြ​ခဲ့​ကြ​ပြီ​။
8ဗာဟုရိမ်​မြို့သား​၊ ဗင်္ယာမိန်​အမျိုးသား ဂေရ​၏​သား​ရှိမိ​သည် မဟာနိမ်​မြို့​သို့ ငါ​သွား​သော​နေ့​တွင် သူ​သည် ငါ့​ကို ခါးသီး​စွာ​ကျိန်ဆဲ​ခဲ့​၏​။ သို့သော် ငါ​ပြန်လာ​သောအခါ သူ​သည် ငါ့​ကို ဂျော်ဒန်​မြစ်​သို့​ဆင်းကြို​၍ ‘​သင့်​ကို ငါ ဓား​ဖြင့်​မ​သတ်​’​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ငါ​ကျိန်ဆို​ခဲ့​ပြီ​။ 9သို့သော် သူ့​ကို အပြစ်ကင်းသူ​ဟု မ​ယူဆ​ပါ​နှင့်​။ သင်​သည် ပညာရှိ​ဖြစ်​သည်​နှင့်အညီ သူ့​အား မည်သို့​ပြု​ရ​မည်​ကို သင်​သိ​ပါ​၏​။ ဆံပင်ဖြူ​သော​သူ့​ကို ကွပ်မျက်​ပြီး မရဏာနိုင်ငံ​သို့ ဆင်း​စေ​လော့​”​ဟု မိန့်မှာ​လေ​၏​။
10ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။ 11ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ်​တိုင်တိုင် အုပ်စိုး​ခဲ့​၏​။ ဟေဗြုန်​မြို့​တွင် ခုနစ်​နှစ်​၊ ဂျေရုဆလင်​မြို့​တွင် သုံးဆယ့်​သုံး​နှစ် အုပ်စိုး​ခဲ့​၏​။ 12ရှောလမုန်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​တွင်​စံမြန်း​၍ သူ့​နိုင်ငံ​သည် တည်မြဲ​လေ​၏​။
အဒေါနိယ၏မိုက်မဲသောတောင်းဆိုမှု
13တစ်နေ့တွင် ဟဂ္ဂိတ်​၏​သား​အဒေါနိယ​သည် ရှောလမုန်​မင်းကြီး​၏​မယ်တော် ဗာသရှေဘ​ထံ​ရောက်လာ​သဖြင့် ဗာသရှေဘ​က သူ့​အား “​ယခု သင်​လာ​သည်​မှာ ကောင်း​သော​လာ​ခြင်း​လော​”​ဟု​မေး​သော် သူ​က “​ဟုတ်​ပါ​၏​”​ဟု ပြန်​လျှောက်​ပြီးနောက် 14“​မယ်တော်​အား လျှောက်တင်စရာ​စကား ရှိ​ပါ​၏​”​ဟု​ဆို​လျှင် ဗာသရှေဘ​က “​လျှောက်တင်​ပါ​”​ဟု ဆို​၏​။
15ထိုအခါ အဒေါနိယ​က “​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် အကျွန်ုပ်​ကို ရှင်ဘုရင်​အဖြစ်​လက်ခံ​၍ ဤ​နိုင်ငံ​တော်​ကို အကျွန်ုပ်​ပိုင်​ကြောင်း မယ်တော်​သိ​ပါ​၏​။ သို့သော် နိုင်ငံ​တော်​သည် အကျွန်ုပ်​လက်​မှ​လွတ်​၍ ညီ​တော်​ထံ ရောက်သွား​လေ​ပြီ​။ အကယ်စင်စစ် ထာဝရဘုရား​သည် သူ့​ထံသို့ ရောက်​စေ​တော်မူ​ပြီ​။ 16ယခုမှာ အကျွန်ုပ်​သည် မယ်တော်​ထံ တောင်းဆို​လို​သည့်​အရာ​တစ်​ခု​ရှိ​ပါ​၏​။ မယ်တော် မ​ငြင်းပယ်​ပါ​နှင့်​”​ဟု ဆို​လျှင် ဗာသရှေဘ​က “​တောင်း​ပါ​”​ဟု ဆို​၏​။
17ထိုအခါ သူ​က “​ရှောလမုန်​မင်းကြီး​သည် မယ်တော်​ကို ငြင်း​ဝံ့​မည်​မ​ဟုတ်​ပါ​။ ထို့ကြောင့် ရှုနင်​မြို့သူ​အဘိရှက်​ကို အကျွန်ုပ်​နှင့်​ထိမ်းမြား​ပေး​ရန် တောင်းလျှောက်​ပေး​ပါ​လော့​”​ဟု ဆို​လေ​၏​။
18ဗာသရှေဘ​က​လည်း “​ကောင်း​ပြီ​။ သင့်​အဖို့ ရှင်ဘုရင်​ထံ လျှောက်တင်​ပေး​မည်​”​ဟု ဆို​၏​။
19ထို့နောက် ဗာသရှေဘ​က အဒေါနိယ​၏​စကား​များ​ကို ရှောလမုန်​မင်းကြီး​ထံ လျှောက်တင်​ရန် ဝင်သွား​လျှင် ရှင်ဘုရင်​သည် မယ်တော်​ကို ရပ်​၍​ကြိုဆို​ဦးညွှတ်​ပြီးမှ ရာဇပလ္လင်​တွင် စံနေ​တော်မူ​၍ လက်ယာ​ဘက်​တွင် မယ်တော်​စံနေ​ဖို့ ပလ္လင်​တစ်​ခု​ကို ပြင်ဆင်​စေ​၏​။
20ထို့နောက် မယ်တော်​က “​သား​တော်​ထံမှ သေးငယ်​သော​အရာ​တစ်​ခု​ကို တောင်းဆို​လို​ပါ​၏​။ သား​တော် ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​”​ဟု လျှောက်တင်​လျှင် ရှင်ဘုရင်​က​လည်း “​မယ်တော် တောင်းဆို​ပါ​။ အကျွန်ုပ်​မ​ငြင်း​ပါ​”​ဟု မိန့်ဆို​၏​။
21မယ်တော်​က “​ရှုနင်​မြို့သူ အဘိရှက်​ကို သင့်​အစ်ကို​အဒေါနိယ​နှင့် ထိမ်းမြား​ပေး​ပါ​”​ဟု လျှောက်တင်​လျှင်
22ရှောလမုန်​မင်းကြီး​က မယ်တော်​အား “​မယ်တော်​၊ အဘယ်ကြောင့် အဒေါနိယ​အဖို့ ရှုနင်​မြို့သူ​အဘိရှက်​ကို​သာ တောင်းပေး​ရ​သနည်း​။ သူ​သည် အကျွန်ုပ်​ထက်​အကြီး​၊ အကျွန်ုပ်​၏​နောင်တော်​ဖြစ်​သည်​ဖြစ်​၍ သူ့​အဖို့ နိုင်ငံ​တော်​ကို​ပါ တောင်းပေး​ပါ​လော့​။ သူ့​အဖို့​သာမက ယဇ်ပုရောဟိတ်​အဗျာသာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့​အတွက်​ပါ တောင်းပေး​ပါ​တော့​လား​”​ဟု မိန့်ဆို​လေ​၏​။ 23ထို့ပြင် ရှောလမုန်​မင်းကြီး​က ထာဝရဘုရား​ကို​တိုင်တည်​၍ “​အဒေါနိယ​သည် အသက်​ကို​ရင်း​၍ ဤသို့​တောင်းဆို​ခြင်း​မ​ဟုတ်​လျှင် ဘုရားသခင်​သည် အကျွန်ုပ်​၌ ထိုမျှမက ပြု​တော်မူ​ပါစေသော​။ 24အကျွန်ုပ်​ကို ခိုင်ခံ့​စေ​၍ ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​တွင် စံမြန်း​စေ​တော်မူ​ပြီး ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​အား နန်းမွေ​ဆက်ခံ​စေ​တော်မူ​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ယနေ့​တွင် အဒေါနိယ​သေ​ရ​မည်​”​ဟု ကျိန်ဆို​လေ​၏​။ 25ထို့နောက် ရှောလမုန်​မင်းကြီး​သည် ယောယဒ​၏​သား ဗေနာယ​ကို​စေလွှတ်​၍ အဒေါနိယ​ကို ကွပ်မျက်​စေ​သဖြင့် သူ​သေ​လေ​၏​။
အဗျာသာအားနှင်ထုတ်ခြင်း
26ထို့ပြင် ယဇ်ပုရောဟိတ်​အဗျာသာ​ကို​လည်း ရှင်ဘုရင်​က “​သင့်​မြေ​ရှိ​ရာ အာနသုတ်​မြို့​ကို ပြန်သွား​ပါ​။ သင်​သည်​လည်း သေသင့်သောသူ​ဖြစ်​၏​။ သို့သော် သင်​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​၏​ရှေ့​တော်​တွင် ဘုရားရှင်​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ထမ်း​ရ​သူ​၊ ခမည်းတော်​ခံရ​သော​ဒုက္ခဆင်းရဲ​အပေါင်း​ကို မျှဝေခံစား​ပေး​ခဲ့​သူ​ဖြစ်​သောကြောင့် ယနေ့​တွင် သင့်​ကို ငါ​မ​သတ်​”​ဟု မိန့်ဆို​ပြီးနောက်​တွင် 27ရှောလမုန်​မင်းကြီး​သည် အဗျာသာ​ကို ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​အဖြစ်​မှ ဖယ်​လိုက်​၏​။ ဤသို့ဖြင့် ဧလိ​အမျိုးအနွယ်​နှင့်​ပတ်သက်၍ ရှိလော​မြို့​တွင် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​တော် ပြည့်စုံ​လေ​၏​။
ယွာဘအားကွပ်မျက်ခြင်း
28ထို​သတင်း​များ ယွာဘ​ထံသို့​ရောက်လာ​၏​။ ယွာဘ​သည် အဗရှလုံ​ပုန်ကန်​စဉ်က မ​ပါ​ခဲ့​သော်လည်း အဒေါနိယ​ပုန်ကန်​သောအခါ ပါဝင်​ခဲ့​သောကြောင့် ထာဝရဘုရား​၏​တဲ​တော်​သို့ ပြေးသွား​ပြီး ယဇ်ပလ္လင်​ချို​များ​ကို ဆုပ်ကိုင်​ထား​လေ​၏​။
29ထိုသို့ “​ယွာဘ​သည် တဲ​တော်​သို့​ပြေး​၍ ယဇ်ပလ္လင်​နား​တွင် ရှိ​နေ​ပါ​၏​”​ဟူသော သတင်း​ကို ရှောလမုန်​မင်းကြီး​အား ကြားလျှောက်​လျှင် ရှောလမုန်​မင်းကြီး​က ယောယဒ​၏​သား ဗေနာယ​အား “​သူ့​ကို သွား​သတ်​လော့​”​ဟု အမိန့်ပေး​လေ​၏​။
30ဗေနာယ​သည် ထာဝရဘုရား​၏​တဲ​တော်​အတွင်း​သို့ ဝင်သွား​ပြီး ယွာဘ​အား “​ရှင်ဘုရင် အမိန့်​တော်​ရှိ​၏​။ ထွက်လာ​ပါ​”​ဟု ဆို​လျှင် ယွာဘ​က “​မ​ထွက်​ပါ​။ ဤ​နေရာ​၌​သာ အသေခံ​မည်​”​ဟု ပြန်ဖြေ​သဖြင့် ဗေနာယ​က “​ယွာဘ ဤသို့​ပြော​ပါ​ပြီ​။ ဤသို့​ပြန်ဖြေ​ပါ​ပြီ​”​ဟု ရှင်ဘုရင်​ထံ အကြောင်းပြန်​၏​။
31ထိုအခါ ရှင်ဘုရင်​က “​သူ​ပြော​သည့်​အတိုင်း ပြု​ပါ​။ သူ့​ကို ကွပ်မျက်​ပြီး သင်္ဂြိုဟ်​လိုက်​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ခမည်းတော်​အမျိုးအနွယ်​သည် ယွာဘ​က​အကြောင်းမရှိ​ဘဲ လူ​အသက်သတ်​ခဲ့​သော​အပြစ်​များ​နှင့် ကင်းဝေး​လိမ့်မည်​။ 32သူ​သည် သူ့​ထက်​ပို၍​ဖြောင့်မတ်​မှန်ကန်​သူ​နှစ်​ဦး​ဖြစ်​သော အစ္စရေး​စစ်သူကြီး နေရ​၏​သား​အာဗနာ​နှင့် ယုဒ​စစ်သူကြီး ယေသာ​၏​သား​အာမသ​တို့​ကို ငါ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး မ​သိ​ဘဲ ဓား​နှင့်​သတ်​ခဲ့​၏​။ ဤသို့ လူ​အသက်သတ်​သော​အပြစ်​ကို ထာဝရဘုရား​သည် သူ့​ခေါင်း​ပေါ်သို့ ရောက်​စေ​တော်မူ​မည်​။ 33လူ​သတ်​ခဲ့​သော​အပြစ်​သည် ယွာဘ​၏​ခေါင်း​ပေါ်​၊ သူ့​သားစဉ်မြေးဆက်​တို့​၏​ခေါင်း​ပေါ်သို့ အစဉ်အမြဲ​ကျရောက်​ပါစေ​။ ဒါဝိဒ်​မင်းကြီး​နှင့် သူ​၏​သားစဉ်မြေးဆက်​များ​၊ သူ​၏​ထီးနန်း​နှင့်​ရာဇပလ္လင်​တို့​မူကား ထာဝရဘုရား​ထံ​တော်​မှ​ငြိမ်သက်​ခြင်း​ကို အစဉ်အမြဲ​ခံစား​ရ​ပါစေ​”​ဟု မိန့်ဆို​၏​။
34ဤသို့ဖြင့် ယောယဒ​၏​သား​ဗေနာယ​သည် သွား​၍ ယွာဘ​ကို​ကွပ်မျက်​သဖြင့် သူ​သေ​လေ​၏​။ ယွာဘ​အား တောကန္တာရ​ရှိ သူ​၏​အိမ်​နားတွင် သင်္ဂြိုဟ်​လေ​၏​။ 35ထို့နောက် ရှင်ဘုရင်​သည် ယောယဒ​၏​သား​ဗေနာယ​ကို ယွာဘ​၏​နေရာ​တွင် စစ်တပ်​ကို အုပ်ချုပ်​စေ​၏​။ ယဇ်ပုရောဟိတ်​ဇာဒုတ်​ကို​လည်း အဗျာသာ​နေရာ​၌ ခန့်ထား​လေ​၏​။
ရှိမိအားနှင်ထုတ်ခြင်း၊ ကွပ်မျက်ခြင်း
36ထို့နောက် ရှင်ဘုရင်​သည် ရှိမိ​ကို လူ​လွှတ်​၍​ခေါ်​စေ​ပြီး “​ဂျေရုဆလင်​မြို့​ထဲတွင် အိမ်​ဆောက်​၍​နေ​လော့​။ ထို​မြို့​မှလွဲ၍ မည်သည့်​အရပ်​သို့​မျှ မ​သွား​နှင့်​။ 37သင်​သည် မြို့ပြင်​ထွက်​၍ ကေဒြုန်​ချောင်း​ကို ဖြတ်​သည့်​နေ့​တွင်ပင် မုချ​သေ​ရ​မည်​ဟု မှတ်​လော့​။ သင့်​အပြစ်​သည် သင့်​ခေါင်း​ပေါ်သို့ ပြန်ရောက်​ခြင်း​သာ​ဖြစ်​၏​”​ဟု မိန့်ဆို​၏​။
38ထိုအခါ ရှိမိ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​အမိန့်​တော်​မှာ ကောင်း​ပါ​၏​။ အမိန့်​တော်​အတိုင်း ကျွန်တော်မျိုး​ပြု​ပါ​မည်​”​ဟု လျှောက်တင်​၏​။ ဤသို့ဖြင့် ရှိမိ​သည် ဂျေရုဆလင်​မြို့​တွင် ကာလ​ကြာမြင့်​စွာ နေထိုင်​လေ​၏​။
39သုံး​နှစ်​ပြည့်​သောအခါ ရှိမိ​၏​အစေအပါး​နှစ်​ယောက်​သည် မာခါ​၏​သား ဂါသ​ဘုရင်​အာခိတ်​မင်းကြီး​ထံသို့ ထွက်ပြေး​ခိုဝင်​ကြ​၏​။ “​သင့်​အစေအပါး​တို့​သည် ဂါသ​မြို့​၌ ရှိ​ပါ​၏​”​ဟု ရှိမိ​ကြားသိ​သောအခါ 40ရှိမိ​သည် ချက်ချင်း​ထ​၍ မြင်း​ကို​ကုန်းနှီးတင်​ပြီး သူ့​အစေအပါး​တို့​ကို​ရှာ​ရန် အာခိတ်​မင်းကြီး​ရှိ​ရာ ဂါသ​မြို့​သို့​သွား​လေ​၏​။ ရှိမိ​သည် သွား​၍ မိမိ​အစေအပါး​တို့​ကို ဂါသ​မြို့​မှ ပြန်ခေါ်​လာ​ခဲ့​၏​။
41ထိုသို့ ရှိမိ​သည် ဂျေရုဆလင်​မြို့​မှ ဂါသ​မြို့​သို့​သွား​၍ ပြန်လာ​ခဲ့​ကြောင်း​ကို ရှောလမုန်​မင်းကြီး​ကြားသိ​လျှင် 42ရှိမိ​အား လူ​လွှတ်​၍​ခေါ်​စေ​ပြီး ရှင်ဘုရင်​က “ငါ​သည် သင့်​အား ‘​ဤ​မြို့​မှ သင်​ထွက်​သွား​သော​နေ့​တွင် သင် မုချ​သေ​ရ​မည်​’​ဟု ထာဝရဘုရား​ရှေ့​တော်​၌ တိုင်တည်ကျိန်ဆို​၍ သတိပေး​ခဲ့​သည်​မ​ဟုတ်​လော​။ သင်​က​လည်း ‘​အကျွန်ုပ်​ကြား​ရ​သော​အမိန့်​တော်​မှာ ကောင်း​ပါ​၏​’​ဟု သင်​ဆို​ခဲ့​ပြီ​။ 43သို့ဖြစ်လျက် ထာဝရဘုရား​ရှေ့​တော်​၌ ကျိန်ဆို​ခဲ့​သည့်​အတိုင်း​၊ ငါ့​အမိန့်​အတိုင်း အဘယ်ကြောင့် မ​နာခံ​သနည်း”​ဟု မိန့်ဆို​၏​။ 44ထို့ပြင် ရှင်ဘုရင်​က ရှိမိ​အား “ငါ့​ခမည်းတော် ဒါဝိဒ်​မင်းကြီး​အပေါ် သင်​ပြု​မိ​ခဲ့​သော​အမှား​များ​ကို​လည်း သင်ကိုယ်တိုင်​သိ​၏​။ ထာဝရဘုရား​သည် သင်​၏​မကောင်းမှု​ကို သင့်​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​မည်​။ 45သို့သော် ငါ​ရှောလမုန်​မင်းကြီး​သည် ကောင်းချီးခံစား​ရ​လိမ့်မည်​။ ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်အမြဲ​တည်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။
46ထို့နောက် ရှင်ဘုရင်​သည် ယောယဒ​၏​သား​ဗေနာယ​ကို အမိန့်ပေး​သဖြင့် ဗေနာယ​သည် သွား​၍ ရှိမိ​အား​ကွပ်မျက်​သဖြင့် သူ​သေ​လေ​၏​။ ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​လက်ထက်​တွင် နိုင်ငံ​တော်​တည်မြဲ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in