Лого на YouVersion
Иконка за търсене

တမန်တော် 6

6
အစေခံခြင်း​အတွက် အမျိုးသား​ခုနစ်ယောက်​ကို ရွေးချယ်ခြင်း
1ထို​နေ့ရက်များ​၌ ယုံကြည်သူများ​အရေအတွက်​တိုးလာ၏။ ထိုအခါ ဂရိစကား​ပြောသော​ဂျူးတို့​က မိမိတို့​၏​မုဆိုးမများ​သည် နေ့စဉ်​ဝေသော​အစားအစာများ​ကို မရကြောင်း ဟေဗြဲ​စကားပြောသော​ဂျူးတို့​အား အပြစ်တင်ကြ၏။
2ထို့ကြောင့် တမန်တော်​ဆယ့်နှစ်ပါးတို့​သည် တပည့်တော်များ​အားလုံး​ကို ခေါ်ပြီး​လျှင် “ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​သွန်သင်ခြင်းအမှု​ကို လျစ်လျူရှု​၍ ကျွေးမွေးခြင်းအမှု​ကို မဆောင်ရွက်သင့်။ 3သို့ဖြစ်၍ ညီအစ်ကို​မောင်နှမတို့… ဝိညာဉ်တော်​နှင့်​လည်းကောင်း၊ ဉာဏ်ပညာ​နှင့်​လည်းကောင်း ပြည့်စုံ​၍ ဂုဏ်သတင်း​ကောင်းမွန်သော လူ​ခုနစ်ယောက်​ကို သင်တို့​အထဲ​က ရွေးချယ်ကြလော့။ ဤ​ကိစ္စ​ကို စီမံခန့်ခွဲ​နိုင်ရန် ကျွန်ုပ်တို့​သည် ထို​သူတို့​အား ခန့်အပ်ထားကြမည်။ 4ကျွန်ုပ်တို့​သည် ဆုတောင်းခြင်း​နှင့် နှုတ်ကပတ်​တရားတော်​ဟောပြောခြင်း​အမှုတို့​ကို အစဉ်တစိုက်​ပြုကြမည်” ဟု ပြောလေ၏။
5တမန်တော်တို့​ပြောသော​အရာများ​ကို ယုံကြည်သူများ​အားလုံး​သည် နှစ်သက်ကြ​လျက် ယုံကြည်ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်​နှင့်​လည်းကောင်း ပြည့်စုံသော​သတေဖန်​နှင့်တကွ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန​နှင့် ဂျူးဘာသာဝင်​ဖြစ်လာသူ အန္တိအုတ်မြို့သား​နိကောလ​တို့​ကို ရွေးချယ်ကြ၏။ 6ထို​သူတို့​ကို တမန်တော်များ​ရှေ့​တွင် ရပ်စေကြ၏၊ တမန်တော်တို့​သည်လည်း ဆုတောင်းပေး​ကာ ထို​သူတို့​အပေါ် လက်တင်ကြ၏။
7ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​သည် ဆက်လက်​ပြန့်ပွား​သဖြင့် တပည့်တော်တို့​၏​အရေအတွက်​သည် ဂျေရုဆလင်မြို့​၌ အလွန်​တိုးပွား​၍ ယဇ်ပုရောဟိတ်​အများအပြား​သည်လည်း ယုံကြည်သက်ဝင်ကြ၏။
သတေဖန် ဖမ်းဆီးခံရခြင်း
8သတေဖန်​သည် ကျေးဇူးတော်​နှင့်လည်းကောင်း၊ တန်ခိုးတော်​နှင့်လည်းကောင်း ပြည့်ဝ​လျက် ကြီးမားသော​အံ့ဖွယ်​ဖြစ်ရပ်များ​နှင့် နိမိတ်​လက္ခဏာများ​ကို လူများ​ရှေ့​တွင် ပြု၏။ 9ထို့နောက် “လိဗေရတိန်” ဟု ခေါ်သော ဂျူးဝတ်ပြုဆောင်​မှ လူ​တချို့​သည် သတေဖန်​နှင့်​ငြင်းခုံပြောဆိုကြ၏။ ထို​သူတို့​မှာ ကုရေနေမြို့သားများ၊ အလက်ဇန်းဒါးမြို့သားများ​မှစ၍ ဆီလီဆီးယားပြည်​နှင့် အာရှပြည်​တို့​မှ လာသော​သူများ​ဖြစ်ကြ၏။ 10သို့ရာတွင် ဘုရားသခင်​၏​ဉာဏ်ပညာတော်​နှင့် ဝိညာဉ်တော်​အားဖြင့် ဟောပြောသော​သတေဖန်​ကို သူတို့​သည် မချေပနိုင်ကြ။
11ထိုအခါ “ဤ​သူ​သည် မောရှေ​နှင့်​ဘုရားသခင်​ကို စော်ကား​ပြောဆိုကြောင်း ကျွန်ုပ်တို့ ကြားပါပြီ” ဟူ၍ လိမ်လည်ပြောဆိုမည့်သူ​တချို့​ကို ခေါ်ဆောင်ခဲ့ကြ၏။ 12သူတို့​သည် လူများ​ကို​လည်းကောင်း၊ အကြီးအကဲများ​နှင့် ကျမ်းတတ်ဆရာများ​ကို​လည်းကောင်း သွေးထိုးကြ​ပြီးနောက် သတေဖန်​အား ဖမ်းဆီး​၍ တရားလွှတ်တော်​သို့ ခေါ်ဆောင်သွားကြ၏။
13သူတို့​သည် မမှန်သော​သက်သေခံများ​ကို ခေါ်​၍ “ဤ​လူ​သည် သန့်ရှင်းသော​အရပ်​နှင့် ပညတ်ကျမ်း​အပေါ် ဆန့်ကျင်သည့်​စကား​ကို မရပ်မနား ပြောဆိုနေ၏။ 14ကျွန်ုပ်တို့​သည် ထို​သူ​ထံမှ ကြားရသည့်​အရာ​မှာ ‘နာဇရက်မြို့သား​ယေရှု​သည် ဤ​နေရာ​အရပ်​ကို ဖြိုဖျက်​ပြီး မောရှေ​သည် ကျွန်ုပ်တို့​အား ပေးခဲ့သော​ဓလေ့ထုံးတမ်းများ​ကို ပြောင်းလဲစေပါ​လိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု သက်သေခံစေကြ၏။
15ထိုသို့ တရားလွှတ်တော်​၌ ထိုင်သော​သူ​ရှိသမျှတို့​သည် သတေဖန်​ကို စိုက်ကြည့်လေ​သော် သူ​၏​မျက်နှာ​သည် ကောင်းကင်တမန်​မျက်နှာ​ကဲ့သို့​ဖြစ်သည်​ကို မြင်တွေ့ကြ၏။

Избрани в момента:

တမန်တော် 6: BCB

Маркирай стих

Споделяне

Копиране

None

Искате ли вашите акценти да бъдат запазени на всички ваши устройства? Регистрирайте се или влезте