Luke 12

12
1ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူထုပရိသတ်တို့သည် စုဝေးလာကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် တက်နင်းမိလောက်အောင် ဖြစ်ကြ၏။ ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်များအား ဦးစွာပထမမိန့်ဆိုသည်မှာ “ဖာရိရှဲတို့၏တဆေးဖြစ်သော သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။ 2ဖုံးကွယ်ထားသောအရာဟူသမျှသည် ပေါ်ထွက်လာရစမြဲဖြစ်၏။ လျှို့ဝှက်ထားသောအရာဟူသမျှကိုလည်း သိလာကြရမည်ဖြစ်၏။ 3ထို့ကြောင့် သင်တို့လျှို့ဝှက်စွာ ပြောဆိုသမျှတို့ကို လူတိုင်းသိကြရလိမ့်မည်။ သင်တို့သည် အခန်းအတွင်း၌ တီးတိုးပြောဆိုသမျှတို့သည်လည်း လူအများအကြား၌ ကြေညာသကဲ့သို့ဖြစ်လာလိမ့်မည်” ဟုမိန့်တော်မူ၏။ 4တဖန် ကိုယ်တော်က “မိတ်ဆွေတို့၊ သင်တို့အား ငါဆိုသည်ကား လူတို့အား ကြောက်ရွံ့ခြင်းမရှိကြနှင့်။ အကြောင်းမူကား လူတို့သည် သင်တို့၏ကိုယ်ခန္ဓာကို သတ်နိုင်သည်မှန်သော်လည်း ထိုမှလွဲ၍ သင်တို့အပေါ် မည်သည့်အရာကိုမျှ ဆက်လက်၍ မပြုနိုင်ရာ။ 5သို့သော် သင်တို့ကြောက်ရမည့်သူသည်ကား ဘုရားရှင်တစ်ပါးတည်းသာ ဖြစ်တော်မူ၏။ ဘုရားရှင်သည် သင်တို့၏အသက်ကို နှုတ်ယူနိုင်ရုံမျှမက ငရဲသို့ပင် သင်တို့ကို ပစ်ချနိုင်စွမ်းရှိတော်မူ၏။ ထို့ကြောင့် ဘုရားရှင်ကို ကြောက်ကြလော့။ 6သို့ရာတွင် စာကလေးငါးကောင်ကို အဿရိဒင်္ဂါးနှစ်ပြားနှင့်ပင် ဝယ်လို့ရနိုင်သည်မဟုတ်လော။ ဘုရားရှင်သည် ထိုစာကလေးတစ်ကောင်ကိုပင် မမေ့မလျော့ရှိတော်မူ၏။ 7ထို့ပြင် ဘုရားရှင်သည် သင်တို့ဦးခေါင်းမှ ဆံပင်အရေအတွက်ကိုပင် သိတော်မူသဖြင့် စိုးရိမ်ကြောင့်ကြခြင်းမရှိကြနှင့်။ သင်တို့သည် များစွာသောစာကလေးတို့ထက်ပို၍ အဖိုးထိုက်ကြ၏” ဟုမိန့်တော်မူ၏။ 8ကိုယ်တော်က ဆက်လက်၍ “သင်တို့အား ငါဆိုမည်ကား မည်သူမဆို လူတို့ရှေ့၌ ငါ၏တပည့်တော်ဖြစ်ကြောင်းကို ဝန်ခံလျှင် လူ့သားတော်ဖြစ်သည့်ငါသည်လည်း ဘုရားရှင်၏နတ်ဒေဝါများရှေ့မှောက်၌ ထိုသူသည် ငါ၏တပည့်တော်ဖြစ်ကြောင်းကို ဝန်ခံမည်။ 9သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူသည်ကား ထိုသူသည် ဘုရားရှင်၏နတ်ဒေဝါများရှေ့မှောက်၌လည်း ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။ 10လူ့သားတော်အပေါ် ပြစ်မှားပြောဆိုသောသူတို့သည် ခွင့်လွှတ်ခြင်းကို ခံရမည်ဖြစ်သော်လည်း ဉာဏ်အလင်းတော်ကို ပြစ်မှားပြောဆိုသောသူသည်ကား ခွင့်လွှတ်ခြင်းကို ခံရမည်မဟုတ်။ 11လူတို့သည် သင်တို့အား ဓမ္မာရုံများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း စီရင်ဖို့ခေါ်ဆောင်ခံရလျှင်လည်း မည်သို့ချေပပြောဆိုရမည်ဆိုသည်ကို မစိုးရိမ်ကြနှင့်။ 12အကြောင်းမူကား ဉာဏ်အလင်းတော်သည် သင်တို့မည်သို့ချေပထွက်ဆိုရမည်ဆိုသည်ကို ထိုအချိန်နာရီ၌ပင် သင်တို့အား သွန်သင်ပေးတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။ 13ထို့နောက် လူထုပရိသတ်ထဲမှ တစ်ဦးက “ဆရာ၊ ဖခင်က အကျွန်ုပ်တို့အတွက် ချန်ထားခဲ့သည့်အမွေပစ္စည်းတို့ကို အကျွန်ုပ်ကိုလည်း ခွဲဝေပေးဖို့ အကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ” ဟုကိုယ်တော်အား လျှောက်တင်လေ၏။ 14ထိုအခါ ကိုယ်တော်က “မိတ်ဆွေ၊ သင်တို့၏ဥစ္စာပစ္စည်းခွဲဝေပေးဖို့ရန် မည်သူကမျှ ငါ့အား သင်တို့၏တရားသူကြီးအဖြစ် ခန့်အပ်ထားခြင်းမရှိ” ဟုပြန်လည်မိန့်ကြားတော်မူ၏။ 15ထို့နောက် ကိုယ်တော်က လူထုပရိသတ်တို့အား “လောဘလွန်ကျူးခြင်းအမျိုးမျိုးကို ရှောင်ကျဉ်ကြလော့။ အကြောင်းမူကား သင်တို့၏ဥစ္စာပစ္စည်း ကြွယ်ဝမှုများ၌ သင်တို့၏ဘဝအဓိပ္ပါယ်ကို ရှာ၍မတွေ့နိုင်” ဟုမိန့်တော်မူ၏။ 16ထို့နောက် ကိုယ်တော်ယေရှုက လူထုပရိသတ်ကို ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်မှာ “တခါက သူဌေးတစ်ဦးသည် သူ၏လယ်ယာ၌ သီးနှံအထွက်ကောင်းသဖြင့် 17သူက ‘ငါ၏သီးနှံတို့ကို ထားဖို့ရန် နေရာမရှိသည့်အတွက် မည်သို့ပြုရမည်နည်း’ ဟုတွေးတော၏။ 18ထို့နောက် သူက ‘ငါဤသို့ပြုမည်။ ငါ၏ကျီများကို ဖျက်၍ ပိုမိုကြီးမားသောကျီကို ဆောက်ပြီးလျှင် ငါ၏စပါးများနှင့်အတူ အခြားကောင်းမွန်သောအရာတို့ကိုလည်း သိမ်းဆည်းထားမည်။ 19သို့ဆိုလျှင် ငါသည် နှစ်ပေါင်းများစွာအတွက် လိုအပ်သည့်အရာကို သိမ်းဆည်းထားပြီးဖြစ်၍ အလုပ်လုပ်စရာမလိုတော့ဘဲ သက်တောင့်သက်သာဖြင့် အနားယူကာ စားလိုက်၊ သောက်လိုက်နှင့် ပျော်ပျော်နေတော့မည်’ ဟုတွေးတောလေ၏။ 20သို့သော် ဘုရားရှင်က ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင်သည်သေရလိမ့်မည်။ သို့ဖြစ်လျှင် သင်စုဆောင်းထားသည့် ပစ္စည်းဥစ္စာတို့သည် အခြားလူထံသို့ရောက်သွားမည်ဖြစ်၏’ ဟုမိန့်တော်မူ၏။ 21ဤသည်ကား လောကစည်းစိမ်တို့ကို မိမိအတွက်သာလျှင် သိုမှီးထား၍ ဘုရားရှင်ကို အလုပ်အကျွေးမပြုသောသူတို့၏ဖြစ်အင်ပင်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။ 22တဖန် ကိုယ်တော်က တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါဆိုမည်ကား သင်တို့၏အသက်တာအတွက် မည်သည်ကိုစားရမည်လော၊ မည်သည်ကို ဝတ်ဆင်ရမည်လောဟူ၍ မပူပန်ကြနှင့်။ 23အကြောင်းမူကား အသက်သည် အစာထက် ပို၍အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက်ပို၍ အရေးကြီး၏။ 24ကျီးငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မစိုက်ပျိုး၊ မရိတ်သိမ်းကြ။ သိုလှောင်ရန် ကျီများလည်းမရှိ။ သို့သော် ဘုရားရှင်သည် ၎င်းတို့ကို ကျွေးမွေးထားတော်မူ၏။ သင်တို့သည်ကား ငှက်တို့ထက်ပို၍ အဖိုးထိုက်တန်ကြ၏။ 25သင်တို့တွင် မည်သူသည် စိုးရိမ်ပူပန်သောအားဖြင့် မိမိ၏အသက်ကို အချိန်ခဏတာမျှ ပို၍ရှည်စေနိုင်သနည်း။ 26သင်တို့သည် ထိုသို့သေးငယ်သောအမှုကိစ္စကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့်အခြားအမှုကိစ္စတို့ကို စိုးရိမ်ပူပန်နေကြသနည်း။ 27တောရိုင်းပန်းများမည်ကဲ့သို့ ကြီးထွားကြသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ အဝတ်လည်း မချုပ်လုပ်ကြ။ သို့သော် သင်တို့အား ငါဆိုသည်ကား ရှေးယခင်က ဘုန်းကျက်သရေပြည့်စုံခဲ့သော ရှောလမုန်ဘုရင်ကြီးပင်လျှင် ဤပန်းများကဲ့သို့ လှပတင့်တယ်သည့် ဝတ်ကောင်းစားလှများ မဆင်မြန်းခဲ့ရပေ။ 28အို ယုံကြည်ခြင်းအားနည်းသောသူတို့၊ တိုတောင်းသောအချိန်ကာလသာ ရှင်သန်၍ မီးမွှေးရန်အသုံးပြုကြသော တောမြက်ပင်များကိုပင် ဘုရားရှင်က လှပတင့်တယ်စေလျှင် သင်တို့ကိုမူကား ပိုမို၍ တင့်တယ်စွာဆင်မြန်းပေးလိမ့်မည်မဟုတ်လော။ 29မည်သည်ကို စားရမည်၊ မည်သည်ကို သောက်ရမည်ဟူ၍ စိုးရိမ်ပူပန်မနေကြနှင့်။ 30ဘုရားရှင်ကို မသိသောသူတို့သည်သာ ဤကဲ့သို့ စိုးရိမ်ပူပန်ရ၏။ သင်တို့အတွက်မှာမူကား သင်တို့၏အဖဘုရားရှင်သည် သင်တို့လိုအပ်သောအရာဟူသမျှကို သိတော်မူ၏။ 31ထို့ကြောင့် ဘုရားရှင်၏သာသနာတော်ကိုသာ ရှာဖွေကြလော့။ သို့ပြုလျှင် သင်တို့လိုအပ်သောအရာဟူသမျှကို ဘုရားရှင်က ဖြည့်ဆည်းပေးတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။ 32တဖန် ကိုယ်တော်က “အို သိုးအုပ်စုငယ်၊ မကြောက်ကြနှင့်။ အကြောင်းမူကား သင်တို့၏အဖဘုရားသည် သင်တို့အား သာသနာတော်ကို ပေးဖို့ရန် အလိုရှိတော်မူ၏။ 33သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမဟောင်းနိုင်သော အိတ်တို့ကိုပြုလုပ်၍ သူခိုးမရောက်နိုင်၊ ပိုးမွှားတို့ မဖျက်ဆီးနိုင်သော ရွှေမြို့တော်ရှိ ဘဏ္ဍာတိုက်၌ သိမ်းဆည်းကြလော့။ 34အကြောင်းမူကား သင်တို့၏ဥစ္စာဘဏ္ဍာရှိသောနေရာ၌ သင်တို့၏စိတ်နှလုံးသည်လည်း ရောက်တတ်၏” ဟုမိန့်တော်မူ၏။ 35ကိုယ်တော်က ဆက်လက်၍ “သင်တို့သည် ခါးပန်းကို မြဲမြံစွာစည်းကာ မီးအိမ်ကို အဆင်သင့်ထွန်းညှိ၍ သခင်ပြန်လာမည့်အချိန်ကို စောင့်မျှော်သောအစေခံကဲ့သို့ နေကြလော့။ 36ထိုမှသာ မိမိတို့၏သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးကိုခေါက်သည့်အခါ၌ ချက်ချင်းထ၍ တံခါးဖွင့်ပေးနိုင်မည်ဖြစ်၏။ 37ထိုအခါ သခင်သည် သူပြန်လာသည်ကို သတိနှင့်စောင့်နေသောအစေခံအား ဆုလာဘ်များပေးသနားလိမ့်မည်။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးပန်းကို စည်းလျက် ထိုအစေခံကို အစားအစာများနှင့် တည်ခင်းကျွေးမွေးလိမ့်မည်။ 38သခင်သည် သန်းခေါင်ယံအချိန်ဖြစ်စေ၊ မိုးသောက်ယံအချိန်ဖြစ်စေ ပြန်လာ၍ ထိုသို့စောင့်နေကြသည်ကို တွေ့မြင်လျှင် သူသည် မင်္ဂလာရှိကြ၏။ 39အခြားနည်းအားဖြင့် သိမှတ်ကြရန်ကား အိမ်ရှင်သည် သူခိုးမည်သည့်အချိန်လာမည်ကို ကြိုသိထားလျှင် သူသည် နိုးနိုးကြားကြားနေမည်ဖြစ်သဖြင့် သူခိုးသည် အိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်၍ မခိုးနိုင်။ 40ထို့ကြောင့် အချိန်မရွေး အဆင်သင့်ရှိနေကြလော့။ အကြောင်းမူကား လူ့သားတော်ဖြစ်သည့် ငါသည် သင်တို့မထင်မှတ်ထားသည့်အချိန်၌ ပြန်ကြွလာမည်ဖြစ်၏” ဟုမိန့်တော်မူ၏။ 41ထိုအခါ ပေတရုသည် ကိုယ်တော်အား “ကိုယ်တော်၊ ဤပုံဥပမာသည် အကျွန်ုပ်တို့အတွက်သာ မိန့်တော်မူသလော၊ သို့မဟုတ် လူအပေါင်းတို့အတွက်ပါ မိန့်တော်မူသလော” ဟုမေးလျှောက်လေ၏။ 42ကိုယ်တော်ကလည်း “ငါသည် သခင်၏အိမ်၌ ဘဏ္ဍာစိုးအဖြစ် စီမံခန့်ခွဲရန် ခန့်အပ်ထားသော ဉာဏ်ပညာနှင့်ပြည့်စုံ၍ သစ္စာရှိသည့်အစေအပါးကဲ့သို့သော လူတိုင်းအတွက် ဤသို့မိန့်ဆိုခြင်းဖြစ်၏။ သခင်သည်ခရီးဝေးသို့ ထွက်ခွာသောအချိန်၌ အခြားသောအစေခံများအား အချိန်တန်လျှင် အစားအစာများ ကျွေးမွေးဖို့ရန် ထိုအစေအပါးကို တာဝန်ပေး၍ ခန့်အပ်ထားလေ၏။ 43ထိုသခင် ပြန်လာသောအခါ သူခန့်အပ်ထားသောအစေအပါးသည် ကောင်းမွန်စွာအလုပ်လုပ်နေသည်ကိုမြင်လျှင် သခင်သည် ဝမ်းမြောက်၍ သူ့အား ဆုလာဘ်များပေးသနားလိမ့်မည်။ 44သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ရှိသမျှသော ဥစ္စာပစ္စည်းတို့ကို ထိုသူအား အပ်နှံ၍ စောင့်ရှောက်စေလိမ့်မည်။ 45သို့သော် ထိုအစေခံသည်ကား ‘ငါ၏သခင်သည် ပြန်လာဦးမည်မဟုတ်သေး’ ဟုတွေးတောကာ အခြားအစေခံတို့ကို ညှဉ်းဆဲလျက် သောက်စားမူးယစ်နေလျှင် 46သခင်သည် ထိုအစေခံမထင်မှတ်ထားသည့်နေ့ရက်အချိန်၌ ရောက်လာသဖြင့် သူ့အား ပြင်းထန်စွာအပြစ်ဒဏ်ပေးပြီး ထိုကဲ့သို့သစ္စာမရှိသောသူတို့နှင့်အတူတူ ထားပေလိမ့်မည်။ 47မိမိသခင်၏အလိုကို သိပါလျှက်ပင် မပြင်ဆင်၊ မလုပ်ဆောင်ထားသည့်အစေခံသည် ပြင်းထန်စွာအပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ 48သို့သော် သခင်၏အလိုကို မသိဘဲ အပြစ်ပြုမိသောအစေခံသည်ကား အနည်းငယ်သာအပြစ်ဒဏ်ခံရမည်။ ဆုကျေးဇူးများစွာခံစားရသူထံမှ များစွာတာဝန်ပေးခြင်းခံရမည်။ ယုံကြည်အပ်နှံခြင်းများစွာရရှိထားသောသူထံမှလည်း ပို၍များစွာတောင်းဆိုခြင်းခံရလိမ့်မည်” ဟုမိန့်တော်မူ၏။ 49တဖန် ကိုယ်တော်က “ငါသည် ဤလောကကို မီးလောင်ကျွမ်းစေဖို့ လာခြင်းဖြစ်၏။ မီးစွဲလောင်ပြီးသားဖြစ်ရန်ပင် ငါအလိုရှိ၏။ 50သို့သော် မကြာမီတွင် ငါသည် ပြင်းထန်သည့်ဒုက္ခဝေဒနာနှင့် နှစ်ခြင်းမင်္ဂလာတစ်ခုကို ခံယူရဦးမည်။ ထိုအရာမပြီးဆုံးခင်အချိန်ထိ ငါသည် စိတ်ဖိစီးမှုကို ပြင်းထန်စွာခံစားနေရဦးမည်ဖြစ်သည်။ 51ငါသည် ဤလောကကို ငြိမ်းချမ်းခြင်းပေးရန် လာသည်ဟု ထင်နေကြသလော။ ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား ငါသည် လူတို့ကို ခွဲခြားရန်လာခြင်းဖြစ်၏။ 52အကြောင်းမူကား ယခုမှစ၍ လူငါးဦးရှိသည့်အိမ်တစ်အိမ်၌ သုံးဦးသည် တစ်ဖက်၊ နှစ်ဦးသည်တစ်ဖက် တစ်ဦးကိုတစ်ဦး စိတ်ဝမ်းကွဲကြလိမ့်မည်။ 53ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမနှင့်ချွေးမတို့ကြား အချင်းချင်းစိတ်ဝမ်းကွဲကြလိမ့်မည်” ဟုမိန့်တော်မူ၏။ 54ထို့နောက် ကိုယ်တော်ယေရှုသည် လူထုပရိသတ်အား “သင်တို့သည် အနောက်အရပ်မှ မဲမှောင်သည့်မိုးတိမ်တက်လာသည်ကို မြင်လျှင် မိုးရွာတော့မည်ဟု ချက်ချင်းပြောတတ်ကြ၏။ ထိုအတိုင်းလည်း ဖြစ်တတ်၏။ 55တောင်လေတိုက်လာသောအခါ၌လည်း ရာသီဥတုပူပြင်းလာတော့မည်ဟု သင်တို့ပြောတတ်ကြ၏။ ထိုအတိုင်းလည်း ဖြစ်တတ်၏။ 56သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ကြည့်၍ ရာသီဥတုကို ခန့်မှန်းနိုင်ကြသော်လည်း ဤအချိန်ကာလ၌ မည်သည်တို့ဖြစ်ပျက်နေသည်ကို အဘယ်ကြောင့်ခွဲခြားမသိနိုင်ကြသနည်း။ 57သင်တို့သည် မှန်ကန်သည့်အရာကို ရွေးချယ်၍လုပ်ဆောင်ရန် မိမိကိုယ်ကို အဘယ်ကြောင့် ဆင်ခြင်မသုံးသပ်ကြသနည်း။ 58တစ်စုံတစ်ဦးသည် သင့်ကို တရားစွဲဆိုလျှင် တရားရုံးသို့ မရောက်ခင်ကပင် ကြိုတင်ညှိနှိုင်း၍ ကျေအေးစေဖို့ ကြိုးစားကြလော့။ သို့မဟုတ်ပါက သူသည် သင့်ကို တရားသူကြီးထံခေါ်သွားသဖြင့် တရားသူကြီးသည် သင့်ကို အပြစ်ဒဏ်ချမှတ်ကာ မင်းမှုထမ်းတို့က သင့်ကို ထောင်သွင်းအကျဉ်းချပေလိမ့်မည်။ 59ငါဆိုသည်ကား သင်သည်လည်း အကျဉ်းထောင်မှမထွက်မီ သင်ပေးချေရမည့်အရာဟူသမျှကို ပေးချေရလိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။

المحددات الحالية:

Luke 12: mtpv-rv

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول