Luke 11

11
1တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် တစ်နေရာ၌ ဝတ်ပြုဆုတောင်းလျက်နေတော်မူ၏။ ဝတ်ပြုဆုတောင်းပြီးသောအခါ တပည့်တော်တစ်ဦးက “ကိုယ်တော်၊ ရေနှစ်မင်္ဂလာဆရာယောဟန်သည် သူ၏တပည့်များကို သင်ပေးသကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ဆုတောင်းရန်သင်ပေးတော်မူပါ” ဟုလျှောက်ထားလေ၏။ 2ထိုအခါ ကိုယ်တော်က “သင်တို့ဆုတောင်းကြသောအခါ
‘ရွှေမြို့တော်၌ရှိတော်မူသောအဖဘုရား၊
အဖဘုရား၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော်။
သာသနာတော်ပေါ်ထွန်းပါစေသော်။ 3အကျွန်ုပ်တို့အတွက် လိုအပ်သော အစာအဟာရကို နေ့ရက်စဉ်တိုင်း ပေးသနားတော်မူပါ။ 4အကျွန်ုပ်တို့အပေါ် အပြစ်ဒုစရိုက်ကျူးလွန်သူအပေါင်းတို့ကို အကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့
အကျွန်ုပ်တို့၏အပြစ်ဒုစရိုက်တို့ကိုလည်း ခွင့်လွှတ်ပေးတော်မူပါ။
အကျွန်ုပ်တို့ အပြစ်ဒုစရိုက်ကျူးလွန်မိစေရန်
ဖြားယောင်းသွေးဆောင်သမျှအရာတို့မှလည်း ကွယ်ကာပေးတော်မူပါ’ ဟုဆုတောင်းကြလော့”
ဟုမိန့်တော်မူ၏။ 5တဖန် ကိုယ်တော်က “သင်တို့ထဲမှ တစ်စုံတစ်ဦး၌ မိတ်ဆွေတစ်ဦးရှိသည်ဆိုပါစို့။ သူသည် ညသန်းခေါင်အချိန်၌ ထိုမိတ်ဆွေထံသွား၍ ‘မိတ်ဆွေ၊ 6ငါ့ထံသို့ ဧည့်သည်တစ်ဦးသည် ခရီးဝေးမှ ရောက်လာသဖြင့် သူ့ကိုကျွေးမွေးဖို့ရန် ငါ၌မည်သည့်အရာမျှမရှိသဖြင့် သင့်ထံမှ မုန့်သုံးလုံးချေးပေးပါ’ ဟုဆိုလျှင် 7ထိုမိတ်ဆွေက ‘ငါ၏အိမ်တံခါးသည် ပိတ်ထားပြီ။ ငါ့သားသမီးများသည်လည်း ငါနှင့်အတူ အိပ်ယာဝင်ကြပြီ။ ငါ့အား အနှောင့်အယှက်မပေးပါနှင့်။ ငါသည်ထ၍ သင့်အား မည်သည့်အရာကိုမျှ မပေးနိုင်ပါ’ ဟုအိမ်ထဲမှပြန်၍ပြောလိမ့်မည်။ 8သင်တို့အား ငါဆိုသည်ကား ထိုသူသည် မိတ်ဆွေဖြစ်သည်ကို ထောက်ရှု၍ မည်သည့်အရာမျှ လာပေးလိမ့်မည်မဟုတ်သော်လည်း ဇွဲမလျော့ဘဲ ဆက်လက်တောင်းခံနေပါက သူသည် သူ၏နာမည်ကောင်းကို ထိန်းသိမ်းရန်အတွက် ထ၍ သင်လိုသောအရာကို ပေးပါလိမ့်မည်။ 9ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား တောင်းခံကြလော့၊ သင်တို့ရကြလိမ့်မည်။ ရှာကြလော့၊ သင်တို့တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့၊ သင်တို့ကို ဖွင့်ပေးပါလိမ့်မည်။ 10အကြောင်းမူကား တောင်းသောသူတိုင်းသည် ရကြလိမ့်မည်။ ရှာသောသူတိုင်းသည် တွေ့ကြလိမ့်မည်။ တံခါးခေါက်သူတိုင်းကိုလည်း ဖွင့်ပေးလိမ့်မည်။ 11အကယ်၍ သားသမီးက ငါးကိုတောင်းလျှင် မည်သည့်ဖခင်သည် မြွေကိုပေးမည်နည်း။ 12အကယ်၍ သားသမီးက ကြက်ဥကိုတောင်းလျှင် မည်သည့်ဖခင်သည် ကင်းမြှီးကောက်ကို ပေးမည်နည်း။ 13ထို့ကြောင့် သင်တို့သည် မကောင်းသောသူများဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာများကိုသာ ပေးရမည်ကိုသိကြလျှင် ရွှေမြို့တော်ရှိ အဖဘုရားရှင်သည် မိမိထံတောင်းလျှောက်သောသူများအား ဉာဏ်အလင်းတော်ကို သာ၍ပင်ပေးတော်မူလိမ့်မည်မဟုတ်လော” ဟုမိန့်တော်မူ၏။ 14တစ်နေ့တွင် ကိုယ်တော်သည် လူတစ်ဦးကို ဆွံ့အစေသော မကောင်းဆိုးဝါးအား နှင်ထုတ်တော်မူ၏။ ကိုယ်တော်က မကောင်းဆိုးဝါးအား နှင်ထုတ်ပြီးသောအခါ ဆွံ့အနေသူသည် စကားပြန်ပြောနိုင်သဖြင့် လူထုပရိသတ်တို့လည်း အံ့ဩကြလေ၏။ 15သို့သော် လူတစ်ချို့ကမူ “ဤသူသည် မကောင်းဆိုးဝါးတို့၏ဘုရင်မာရ်နတ်၏အကူအညီဖြင့် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်နေခြင်းဖြစ်သည်” ဟုပြောဆိုကြ၏။ 16အခြားသောသူများကလည်း ကိုယ်တော်အား စမ်းသပ်လိုကြသဖြင့် ဘုရားရှင်ထံတော်မှဖြစ်သော နိမိတ်လက္ခဏာ တစ်ခုခုကိုပြသရန် တောင်းဆိုကြ၏။ 17သို့သော် ကိုယ်တော်က ထိုသူတို့၏စိတ်နှလုံးကို သိတော်မူသဖြင့် သူတို့အား “နိုင်ငံတစ်နိုင်ငံရှိ လူတို့သည် စိတ်ဝမ်းကွဲ၍ အချင်းချင်းဆန့်ကျင်နေကြလျှင် ထိုနိုင်ငံသည် ပျက်စီးရပေလိမ့်မည်။ မိသားစုတစ်စု၌လည်း အချင်းချင်းခိုက်ရန်ဖြစ်ပွားနေလျှင် ထိုမိသားစုသည် ပြိုကွဲရပေလိမ့်မည် 18ထိုနည်းတူပင် မာရ်နတ်သည်လည်း သူ၏မကောင်းဆိုးဝါးများနှင့် ဆန့်ကျင်ကွဲပြား၍ အချင်းချင်းတိုက်ခိုက်နေလျှင် သူ၏နိုင်ငံသည်လည်း ပျက်စီးရလိမ့်မည်ဖြစ်၏။ ငါဤသို့ဆိုရခြင်းမှာ သင်တို့က ငါသည် မာရ်နတ်၏အကူအညီဖြင့် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်နေသည်ဟု ဆိုကြသောကြောင့်ဖြစ်၏။ 19အကယ်၍ သင်တို့ဆိုသည့်အတိုင်း ငါသည် မာရ်နတ်၏အကူအညီဖြင့် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်သည်ဆိုလျှင် သင်တို့၏တပည့်များသည်လည်း မကောင်းဆိုးဝါးတို့ကို နှင်ထုတ်နေကြသည်မဟုတ်လော။ သို့ဖြစ်လျှင် သူတို့သည်ကား မည်သူ၏အခွင့်အာဏာဖြင့် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်ကြသနည်း။ အမှန်စင်စစ် ဘုရားရှင်၏အခွင့်အာဏာအားဖြင့်သာ ထိုသို့ပြုနိုင်ကြသည်မဟုတ်လော။ ထို့ကြောင့်ပင် သင်တို့၏စွပ်စွဲမှုသည် မှားယွင်းသည်ကို သင်တို့၏တပည့်များက သက်သေတည်နေ၏။ 20သို့ရာတွင် ငါသည် ဘုရားရှင်၏တန်ခိုးတော်အားဖြင့် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်သည်ဖြစ်၍ ဤသည်ကား ဘုရားရှင်၏သာသနာတော်သည် သင်တို့ထံရောက်ရှိနေပြီဖြစ်ကြောင်းကို ဖော်ပြနေ၏” ဟုမိန့်တော်မူ၏။ 21ထို့နောက် ကိုယ်တော်သည် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်ခြင်းအားဖြင့် မာရ်နတ်ထက်သာ၍ ဘုန်းတန်ခိုးတော်ကြီးမားကြောင်းကို ပြသရန် ပုံဥပမာဖြင့် မိန့်ဆိုတော်မူသည်မှာ “ခွန်အားကြီးသောသူသည် လက်နက်ပြည့်စုံစွာဖြင့် သူ၏အိမ်ကို စောင့်ကြပ်သည့်အခါ၌ သူ၏ပစ္စည်းဥစ္စာအားလုံးသည် လုံခြုံမှုရှိနေ၏။ 22သို့သော် သူ့ထက်သာ၍ ခွန်အားကြီးမားသောသူသည် လာ၍ သူ့ကိုတိုက်ခိုက်၍ အနိုင်ရလျှင်မူကား ထိုသူအားထားရသည့်လက်နက်တို့ကို သိမ်းယူကာ ပစ္စည်းဥစ္စာတို့ကိုလည်း ယူဆောင်၍ အခြားသူများကိုလည်း ခွဲဝေပေးလိမ့်မည်။ 23ငါ့ဘက်၌ မရပ်တည်သောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ဘုရားရှင်အတွက် လူတို့ကို စုဝေးရန် ငါ့အား မကူညီသောသူသည် လူတို့အား ဘုရားရှင်ထံမှ အဝေးသို့ကွဲထွက်သွားစေသောသူဖြစ်၏” ဟူ၍ဖြစ်၏။ 24တဖန် ကိုယ်တော်က “မကောင်းဆိုးဝါးသည် ၎င်းပူးကပ်နေသောလူအထဲမှထွက်၍ ကန္တာရထဲ၌လှည့်လည်ကာ နားခိုရန်နေရာကို ရှာဖွေလေ၏။ သို့သော် ရှာ၍မတွေ့သဖြင့် ‘ငါယခင်ကနေခဲ့ဖူးသော ငါ့အိမ်ကိုသာ ပြန်မည်’ ဟုဆိုလျက် ၎င်းပူးကပ်ခဲ့သောလူထံသို့ ပြန်လာခဲ့လေ၏။ 25ပြန်ရောက်သည့်အခါ၌ ယခင်က ၎င်းပူးကပ်ခဲ့သောလူ၏ခန္ဓာကိုယ်မှာ သန့်ရှင်းသပ်ရပ်စွာ လှည်းကျင်းထားသည့် နေထိုင်သူမရှိသောအိမ်တစ်လုံးကဲ့သို့ဖြစ်နေသည်ကို တွေ့လေ၏။ 26ထိုအခါ ၎င်းသည် မိမိထက်ဆိုးသော မကောင်းဆိုးဝါးခုနှစ်ကောင်ကိုပါ ခေါ်ဆောင်လာပြီး ထိုလူအထဲ၍ ဝင်ရောက်နေထိုင်သဖြင့် ထိုလူသည် ယခင်ကထက် ပိုမိုဆိုးရွားသွားလေတော့၏” ဟုမိန့်တော်မူ၏။ 27ဤကဲ့သို့ ကိုယ်တော်မိန့်တော်မူနေစဉ် လူထုပရိသတ်ထဲမှ အမျိုးသမီးတစ်ဦးသည် ကျယ်လောင်စွာဖြင့် “ကိုယ်တော့်ကို မွေးဖွားသန့်စင်၍ နို့ချိုတိုက်ကျွေးခဲ့သောအမျိုးသမီးသည် မင်္ဂလာရှိပါပေ၏” ဟုလျှောက်လေ၏။ 28ထိုအခါ ကိုယ်တော်က “မှန်ပါ၏။ သို့သော် ဘုရားရှင်၏နှုတ်ကပတ်တော်တို့ကို ကြားနာကြ၍ လိုက်နာကျင့်သုံးသူတို့သည် သာ၍မင်္ဂလာရှိ၏” ဟုပြန်လည်မိန့်ကြားလေ၏။ 29လူထုပရိသတ်တို့ ဝန်းရံစုရုံးလာကြစဉ် ကိုယ်တော်က “ယနေ့ခေတ်လူတို့သည် ဆိုးညစ်သောသူများဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ဘုရားရှင်က ငါ့အား စေလွှတ်သည်ဆိုသည်ကို သက်သေအဖြစ် အံ့ဖွယ်နိမိတ်လက္ခဏာကို ပြစေလိုကြ၏။ သို့သော်ငြား သင်တို့မြင်ရမည့်တစ်ခုတည်းသောနိမိတ်လက္ခဏာသည် ရှေးယခင်က အရိယာသူတော်စင်ယောန၌ဖြစ်ခဲ့သောနိမိတ်လက္ခဏာမျိုးပင် ဖြစ်ပေလိမ့်မည်။ 30ယောနသည် နိနေဝေမြို့သားတို့အတွက် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူ့သားတော်သည်လည်း ယနေ့ခေတ်လူတို့အတွက် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ 31တရားစီရင်ရာနေ့ရက်၌ ရှေဘပြည်ဘုရင်မသည်လည်း ယနေ့ခေတ်လူတို့နှင့်အတူ ထမြောက်ရှင်သန်လျက် ဤမျိုးဆက်လူတို့၏မှားယွင်းမှုများကို ပြစ်တင်စွဲဆိုလိမ့်မည်။ အကြောင်းမူကား သူမသည် ဉာဏ်ပညာကြီးမြတ်သော ရှောလမုန်ဘုရင်ကြီး၏အဆုံးအမတို့ကို နာကြားရဖို့ ဝေးလံခေါင်ဖျားသည့်တိုင်းပြည်မှ လာခဲ့ရ၏။ သင်တို့အား ငါဆိုသည်ကား ယခုဤနေရာ၌ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူသည် သင်တို့နှင့်အတူရှိ၏။ သို့သော် သင်တို့သည် သူ၏အဆုံးအမတို့ကို လက်မခံကြ။ 32ထိုကဲ့သို့ပင် တရားစီရင်ရာနေ့ရက်၌ နိနေဝေမြို့သားတို့သည်လည်း ယနေ့ခေတ်လူတို့နှင့်အတူ ထမြောက်ရှင်သန်လျက် ဤမျိုးဆက်လူတို့၏မှားယွင်းမှုများကို ပြစ်တင်စွဲဆိုလိမ့်မည်။ အကြောင်းမူကား နိနေဝေမြို့သားတို့သည် ယောန၏ဟောပြောသွန်သင်မှုကို ကြားနာရသည့်အခါ၌ သူတို့၏အပြစ်များမှ နောင်တသံဝေဂရခဲ့ကြသောကြောင့်ဖြစ်၏။ သင်တို့အား ငါဆိုသည်ကား ယခုဤနေရာ၌ ယောနထက်ပို၍ ကြီးမြတ်သူသည် သင်တို့နှင့်အတူရှိ၏။ သို့သော် သင်တို့သည် သူ၏အဆုံးအမတို့ကို ကြားနာရသော်လည်း နောင်တသံဝေဂမရကြ” ဟုမိန့်တော်မူ၏။ 33တဖန် ကိုယ်တော်က “ဆီမီးထွန်းညှိထားသည့် မီးအိမ်ကို ကွယ်ရာ၌ထားသောသူ၊ သို့မဟုတ် တောင်းအောက်၌ ဖုံးဝှက်ထားသောသူဟူ၍မရှိ။ ထိုအစား အိမ်ထဲသို့ ဝင်သောသူတိုင်း အလင်းရောင်ရစေရန် မီးအိမ်ကို မီးတိုင်တွင်သာ ချိတ်ဆွဲထားတတ်ကြ၏။ 34သင်၏မျက်စိသည် ကိုယ်ခန္ဓာ၏မီးအိမ်သဖွယ်ဖြစ်၏။ သင်၏မျက်စိကောင်းသောအခါ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်း အလင်းရောင်ရနေလိမ့်မည်။ သို့သော် မျက်စိမကောင်းသောအခါ သင်၏ကိုယ်ခန္ဓာသည်လည်း မှောင်မိုက်နေလိမ့်မည်။ 35သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် အမှောင်မဖြစ်စေရန် သတိပြုကြလော့။ 36ထို့ကြောင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်မိုက်သည့်အပိုင်းမရှိဘဲ တောက်ပနေလျှင် မီးအိမ်မှအလင်းရောင်သည် သင့်အပေါ်ထွန်းလင်းနေသကဲ့သို့ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပနေလိမ့်မည်” ဟုမိန့်တော်မူ၏။ 37ထိုသို့ မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် ကိုယ်တော်အား အစားအစာဖြင့် တည်ခင်းဧည့်ခံရန် သူ၏အိမ်သို့ ပင့်ဖိတ်သဖြင့် ကိုယ်တော်သည် ကြွတော်မူ၍ စားပွဲ၌ထိုင်တော်မူ၏။ 38သို့သော် ကိုယ်တော်သည် အစာမစားမီ ဦးစွာဆေးကြောခြင်းမပြုဘဲ စားပွဲတွင် ထိုင်သည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။ 39ထိုအခါ ကိုယ်တော်ယေရှုက “သင်တို့ ဖာရိရှဲများသည် ပန်းကန်ခွက်ယောက်တို့၏အပြင်ဘက်ကိုသာ ဆေးကြောသန့်စင်ကြ၍ သင်တို့အတွင်းစိတ်များမှာမူကား လောဘတရားတို့နှင့် ညစ်ပေဆိုးညစ်နေကြ၏။ 40မိုက်မဲသောသူတို့၊ ဘုရားရှင်သည် အတွင်းနှင့်အပြင် နှစ်ဘက်စလုံးကို ဖန်ဆင်းပေးထားတော်မူသည်မဟုတ်လော။ 41သို့ဖြစ်၍ သင်တို့၌ရှိသောအရာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား နှလုံးသားအတွင်းမှနေ၍ အပြည့်အဝပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သည် အမှန်စင်စစ် ဘုရားရှင်၏ရှေ့တော်၌စင်ကြယ်ကြလိမ့်မည်။ 42ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဥယျာဉ်ခြံကထွက်သည့် ဟင်းရွက်အသီးအနှံများ၏ဆယ်ဖို့တစ်ဖို့ကို ပေးလှူကြသော်လည်း သင်တို့သည် သူတစ်ပါးကို လိမ်ညာလှည့်စား၍ ဘုရားရှင်ကိုလည်း အမှန်စင်စစ် ချစ်ခြင်းမေတ္တာမရှိကြ။ သင်တို့သည် ဆယ်ဖို့တစ်ဖို့ကိုလည်း ပေးလှူရမည့်အပြင် အခြားသောအရာတို့ကိုလည်း ဥပေက္ခာမပြုသင့်။ 43ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဓမ္မာရုံများ၌ အကောင်းဆုံးနေရာထိုင်ခင်းတွင် ထိုင်လိုကြ၏။ ဈေးအရပ်၌လည်း လူတို့၏အလေးထားနှုတ်ဆက်ခြင်းကို နှစ်သက်ကြ၏။ 44သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကွင်းပြင်ထဲရှိ အမှတ်အသားမရှိသော သင်္ချိုင်းဂူများနှင့်တူ၏။ လူတို့သည် ၎င်းတို့အပေါ်၌ မသိဘဲ သွားလာတတ်ကြသောအခါ ထိုလူတို့သည်လည်း မစင်ကြယ်ခြင်းသို့ရောက်ကြရ၏” ဟုမိန့်တော်မူ၏။ 45ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးက “ဆရာ၊ ဤသို့မိန့်ဆိုခြင်းသည် အကျွန်ုပ်တို့ကိုလည်း ပြစ်တင်ရှုတ်ချရာရောက်ပါ၏” ဟုလျှောက်တင်သဖြင့် 46ကိုယ်တော်က “ကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူများအား လိုက်နာကြရန် စည်းမျည်းစည်းကမ်းများစွာ ထားရှိကြသည်မှာ လူတို့မထမ်းနိုင်သည့် လေးလံသောဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးခိုင်းသကဲ့သို့ဖြစ်ကြ၏။ သို့သော် သင်တို့သည်ကား ၎င်းတို့ကို သင်တို့၏လက်ညှိုးတစ်ချောင်းနှင့်ပင် တို့ထိ၍ သူတို့အား မကူညီကြ။ 47သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် အတိတ်ကာလ၌ သင်တို့ဘိုးဘေးများ သတ်ဖြတ်ခဲ့ကြသော အရိယာသူတော်စင်တို့၏သင်္ချိုင်းဂူများကို အလှဆင်တည်ဆောက်တတ်ကြ၏။ 48ဤသို့ပြုခြင်းအားဖြင့် သင်တို့သည် သင်တို့ဘိုးဘေးများ၏လုပ်ရပ်များ မှန်ကန်သည်ဟု ထောက်ခံနေကြခြင်းပင်ဖြစ်၏။ ထိုသူတို့သည် အရိယာသူတော်စင်များကို သတ်ဖြတ်ကြပြီး သင်တို့သည် ၎င်းတို့၏အုတ်ဂူများကို အလှဆင်ဖန်တီးနေကြ၏။ 49သို့ဖြစ်၍ အရာခပ်သိမ်းကို သိမြင်တော်မူသည့်ဘုရားရှင်က ‘အရိယာသူတော်စင်များနှင့် သာဝကများကို ထိုသူတို့ထံ ငါစေလွှတ်မည်။ ထိုအခါ ထိုသူတို့သည် သူတို့ထဲမှအချို့ကိုညှဉ်းဆဲ၍ အချို့ကို သတ်ပစ်ကြလိမ့်မည်’ ဟုမြွက်ဆိုထား၏။ 50ထို့ကြောင့် ယနေ့ခေတ်မျိုးဆက်တို့သည် ကမ္ဘာဦးအစမှနေ၍ ထိုသူတို့ဘိုးဘေးများ သတ်ဖြတ်ခဲ့ကြသော အရိယာသူတော်စင်များအတွက် အပြစ်ဒဏ်စီရင်ခြင်းကို ခံရပေလိမ့်မည်။ 51သင်တို့အား ငါအမှန်ဆိုသည်ကား အရိယာသူတော်စင်အာဗေလမှစ၍ ဗိမာန်တော်နှင့်ပူဇော်ပလ္လင်အကြား၌ သတ်ဖြတ်ခံခဲ့ရသည့် အရိယာသူတော်စင်ဇာခရိအထိတိုင် သင်တို့ဘိုးဘေးများပြုခဲ့သည်တို့အတွက် ဘုရားရှင်သည် သင်တို့အား အပြစ်ဒဏ်ချမှတ်တော်မူလိမ့်မည်မှာ အသေအချာပင်ဖြစ်၏။ 52အို ကျမ်းတတ်ဆရာတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဘုရားရှင်နှင့်သက်ဆိုင်သည့် အသိပညာဘဏ်တိုက်၏တံခါးသော့ကို သိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏” ဟုမိန့်တော်မူ၏။ 53ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှ ထွက်ခွာတော်မူသည့်အခါ၌ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲများသည် ကိုယ်တော့်အပေါ် ခါးသီးစွာ ဝေဖန်ပြစ်တင်ကြပြီး ကိုယ်တော်အား အကြောင်းအရာများစွာတို့နှင့် ပတ်သက်၍ မေးခွန်းများစွာ မေးမြန်းကြလေတော့၏။ 54ထိုသူတို့သည် ကိုယ်တော်မိန့်တော်မူသည့် စကားများတွင် အမှားတစ်စုံတစ်ရာ ပါဝင်ခဲ့ပါက ကိုယ်တော်ကို ပြစ်တင်စွပ်စွဲရန် ဤသို့မေးမြန်းကြခြင်းဖြစ်၏။

المحددات الحالية:

Luke 11: mtpv-rv

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول