ကမ္ဘာဦးကျမ်း 1

1
ဖန်ဆင်းခြင်း
1အစအဦး​၌ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။
2မြေကြီး​သည် အသွင်သဏ္ဌာန်​မ​ရှိ​၊ လဟာသက်သက်​ဖြစ်​၏​။ နက်ရှိုင်း​ရာ​အရပ်​၏​မျက်နှာပြင်​ကို မှောင်မိုက်​ဖုံးလွှမ်း​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ရေ​မျက်နှာပြင်​ပေါ်တွင် ရစ်ဝဲ​လျက်​နေ​တော်မူ​၏​။ 3ဘုရားသခင်​က “​အလင်း​ဖြစ်စေ​”#၂ကော 4:6။​ဟု မိန့်​တော်မူ​ရာ အလင်း​ဖြစ်​လေ​၏​။ 4ထို​အလင်း​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ ဘုရားသခင်​သည် အလင်း​နှင့်​အမှောင်​ကို ပိုင်းခြား​တော်မူ​၏​။ 5ဘုရားသခင်​သည် အလင်း​ကို နေ့ ဟု​ခေါ်ဝေါ်​၍ အမှောင်​ကို ည ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ပထမ​နေ့ရက်​ဖြစ်​လေ​၏​။
6တစ်ဖန် ဘုရားသခင်​က “​ရေ​အလယ်​၌ မိုးမျက်နှာကြက်​ဖြစ်စေ​။ မိုးမျက်နှာကြက်​သည် ရေ​နှင့်​ရေ​ကို​ပိုင်းခြား​စေ​”​ဟု မိန့်​တော်မူ​၏​။ 7ဘုရားသခင်​သည် မိုးမျက်နှာကြက်​ကို ဖန်ဆင်း​တော်မူ​၍ မိုးမျက်နှာကြက်​အောက်​၌​ရှိ​သော​ရေ​နှင့် မိုးမျက်နှာကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်းခြား​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ 8ဘုရားသခင်​သည် မိုးမျက်နှာကြက်​ကို မိုးကောင်းကင် ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ဒုတိယ​နေ့ရက်​ဖြစ်​လေ​၏​။
9တစ်ဖန် ဘုရားသခင်​က “​မိုးကောင်းကင်​အောက်​၌​ရှိ​သော​ရေ​သည် တစ်နေရာတည်း​၌​စုဝေး​စေ​။ ကုန်းမြေ​ပေါ်လာ​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ 10ဘုရားသခင်​သည် ကုန်းမြေ​ကို မြေကြီး ဟု​ခေါ်ဝေါ်​၍ ရေ​စုဝေးရာ​ကို ပင်လယ် ဟု​ခေါ်ဝေါ်​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ 11တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သီးစားပင်​ကို​လည်းကောင်း မြေ​ပေါ်၌ ပေါက်​စေ​လော့​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ 12မြေကြီး​သည် မြက်ပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အစေ့အနှံ​ထွက်​သော​အပင်​ကို​လည်းကောင်း​၊ အမျိုး​အလိုက် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော အပင်​ကို​လည်းကောင်း ပေါက်​စေ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ 13ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ တတိယ​နေ့ရက်​ဖြစ်​လေ​၏​။
14တစ်ဖန် ဘုရားသခင်​က “​နေ့​နှင့်​ည​ကို​ပိုင်းခြား​ရန် မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်းအိမ်​များ​ဖြစ်တည်​စေ​။ ထို​အလင်းအိမ်​တို့​သည် ရာသီ​၊ နေ့ရက်​၊ နှစ်ကာလ​များ​အတွက် အမှတ်လက္ခဏာ​ဖြစ်​စေ​။ 15မြေကြီး​ကို​အလင်းပေး​ရန် မိုးကောင်းကင်​မျက်နှာကြက်​၌ အလင်းအိမ်​များ ဖြစ်တည်​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ 16ဘုရားသခင်​သည် နေ့​ကို​အုပ်စိုး​စေရန် အလင်းအိမ်​အကြီး​၊ ည​ကို​အုပ်စိုး​စေရန် အလင်းအိမ်​အငယ်​ဟူသော အလင်းအိမ်​ကြီး​နှစ်​လုံး​နှင့်တကွ ကြယ်​များ​ကို ဖန်ဆင်း​တော်မူ​၏​။ 17ဘုရားသခင်​သည် ထို​အလင်းအိမ်​များ​ကို မိုးကောင်းကင်​မျက်နှာကြက်​၌ ထား​တော်မူ​၍ မြေကြီး​ကို​အလင်းပေး​စေ​၏​။ 18နေ့​နှင့်​ည​ကို အုပ်စိုး​စေ​၍ အလင်း​နှင့်​အမှောင်​ကို ပိုင်းခြား​စေ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ 19ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ စတုတ္ထ​နေ့ရက်​ဖြစ်​လေ​၏​။
20တစ်ဖန် ဘုရားသခင်​က “​ရေ​သည် အုပ်စုလိုက်​နေထိုင်​သွားလာ​သော​သက်ရှိသတ္တဝါ​များ​နှင့်​ပြည့်နှက်​စေ​။ ငှက်​တို့​သည် မြေကြီး​အထက် မိုးကောင်းကင်​မျက်နှာကြက်​အနှံ့ ပျံသန်း​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။ 21ဘုရားသခင်​သည် ကြီးမား​သော​ပင်လယ်သတ္တဝါ​များ​နှင့် ရေ​၌​ပြည့်နှက်​နေ​သည့် လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက်​၊ တောင်ပံ​ရှိ​သော​ငှက်​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။ 22ဘုရားသခင်​သည် ထို​သတ္တဝါ​တို့​ကို​ကောင်းချီးပေး​လျက် “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ ပင်လယ်​ရေ​များ​၌ ပြည့်​ကြ​လော့​။ ငှက်​တို့​လည်း မြေကြီး​ပေါ်၌ တိုးပွား​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ 23ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ပဉ္စမ​နေ့ရက်​ဖြစ်​လေ​၏​။
24တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် သက်ရှိသတ္တဝါ​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​။ ယဉ်ပါးသောတိရစ္ဆာန်​၊ တွားသွားသောတိရစ္ဆာန်​နှင့် တောရိုင်းတိရစ္ဆာန်​တို့​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ 25ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ ယဉ်ပါးသောတိရစ္ဆာန်​ကို အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ​တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။
26တစ်ဖန် ဘုရားသခင်​က “​ငါ​တို့​၏​ပုံသဏ္ဌာန်​အတိုင်း ငါ​တို့​နှင့်​တစ်ပုံစံတည်း​တူ​သော​လူ​ကို ဖန်ဆင်း​ကြ​စို့​။ သူ​တို့​သည် ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​တို့​ကို​လည်းကောင်း​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​လည်းကောင်း​၊ မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။ 27ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။ ဘုရားသခင်​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​ရာ​တွင် ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။#က 5:2၊ မ 19:4၊ မာ 10:6။
28ထို့နောက် ဘုရားသခင်​သည် သူ​တို့​ကို​ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​များစွာ​မွေးဖွား​၍ တိုးပွား​ကြ​လော့​။ မြေကြီး​ကို​ပြည့်​စေ​၍ ၎င်း​ကို​နိုင်နင်း​ကြ​လော့​။ ပင်လယ်​ငါး​တို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို​လည်းကောင်း အုပ်စိုး​ကြ​လော့​”​ဟု သူ​တို့​အား မိန့်​တော်မူ​၏​။ 29တစ်ဖန် ဘုရားသခင်​က “​ကြည့်ရှု​လော့​။ မြေ​တစ်ပြင်လုံး​ရှိ အစေ့အနှံ​ထွက်​သော​အပင်​ရှိသမျှ​နှင့် အတွင်း​၌​အစေ့​ပါ​သည့်​အသီး​ကို​သီး​သော သစ်ပင်​ရှိသမျှ​တို့​ကို သင်​တို့​အား​ငါ​ပေး​၏​။ ၎င်း​တို့​သည် သင်​တို့​အတွက် စားစရာ​ဖြစ်​ကြ​လိမ့်မည်​။ 30တောရိုင်းတိရစ္ဆာန်​အားလုံး​၊ မိုးကောင်းကင်​ငှက်​အားလုံး​၊ မြေ​ပေါ်မှာ​တွားသွား​သော​သတ္တဝါ​အားလုံး စသည့် သက်ရှိ​သတ္တဝါ​တို့​စားစရာ​အတွက်​မူကား စိမ်းလန်း​သော​မြက်ပင်​အမျိုးမျိုး​တို့​ကို ငါ​ပေး​၏​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။ 31ဘုရားသခင်​သည် မိမိ​ဖန်ဆင်း​သော​အရာ​အားလုံး အလွန်​ကောင်း​သည်​ကို မြင်​တော်မူ​၏​။ ညချမ်းအချိန်​ရောက်​ပြီး နံနက်အချိန်​ရောက်​၏​။ ဆဋ္ဌမ​နေ့ရက်​ဖြစ်​လေ​၏​။

Kleurmerk

Deel

Kopieer

None

Wil jy jou kleurmerke oor al jou toestelle gestoor hê? Teken in of teken aan

Video vir ကမ္ဘာဦးကျမ်း 1