ရှင်မဿဲ 26
26
ယေရှုကိုသတ်ရန်ကြံစည်
(မာ၊ ၁၄:၁-၂။ လု၊ ၂၂:၁-၂။ ယော၊ ၁၁:၄၅-၅၃။)
1ထိုဒေသနာတော်ရှိသမျှတို့ကို ယေရှုသည် အကုန်အစင် ဟောတော်မူပြီးလျှင်၊ တပည့်တော်တို့အား၊- 2နှစ်ရက်လွန်မှ ပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက်သတ်စေခြင်းငှာ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ၏။-#ထွ၊ ၁၂:၁-၂၇။ 3ထိုအခါ ယဇ်ပုရောဟိတ်အကြီး ကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည်၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး၌ စည်းဝေးကြပြီးလျှင်၊- 4ယေရှုကို ပရိယာယ်အားဖြင့် ဖမ်းဆီး၍ သတ်အံ့သောငှာ တိုင်ပင်ကြ၏။- 5သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ၏။
ဆီမွှေးသွန်းလောင်းခံရခြင်း
(မာ၊ ၁၄:၃-၉။ ယော၊ ၁၂:၁-၈။)
6ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊- 7မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက် တစ်လုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။-#လု၊ ၇:၃၇-၃၈။ 8တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။- 9ထိုဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆိုကြ၏။- 10ယေရှုသည် သိတော်မူလျှင်၊ ထိုမိန်းမကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကိုပြုပြီ။- 11ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ် ရှိသည်မဟုတ်။-#တရား၊ ၁၅:၁၁။ 12ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ ပြုသတည်း။- 13ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတ္တံ့ဟု မိန့်တော်မူ၏။
သစ္စာဖောက်ရန်ယုဒကြံစည်ခြင်း
(မာ၊ ၁၄:၁၀-၁၁။ လု၊ ၂၂:၃-၆။)
14ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွား၍၊- 15အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။-#ဇာ၊ ၁၁:၁၂။ 16ထိုအခါမှစ၍ ကိုယ်တော်ကိုအပ်ခြင်းငှာ အဆင်သင့်သော အချိန်ကာလကို ရှာကြံလျက်နေ၏။
တပည့်တော်တို့နှင့်ပသခါပွဲခံခြင်း
(မာ၊ ၁၄:၁၂-၂၁။ လု၊ ၂၂:၇-၁၃၊ ၂၁-၂၃။ ယော၊ ၁၃:၂၁-၃၀။)
17အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- 18ကိုယ်တော်က၊ မြို့တွင် ဤမည်သောသူ၏အိမ်သို့ သွားကြ၊ ဆရာမှာလိုက်သည်ကား၊ ငါ့အချိန်နီးပြီ။ သင့်အိမ်၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ၏။- 19တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
20ညဉ့်ဦးယံအချိန်ရောက်မှ တပည့်တော်တစ်ကျိပ်နှစ်ပါးတို့နှင့် အတူ စားပွဲ၌လျောင်းတော်မူ၏။- 21စား၍နေကြစဉ် ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊- 22တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍ သခင်၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ၏။- 23ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။-#ဆာ၊ ၄၁:၉။ 24ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။- 25ကိုယ်တော်ကို အပ်နှံမည့်သူ ယုဒရှကာရုတ်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်လောဟု မေးလျှောက်လျှင်၊ သင်ဆိုသည်အတိုင်း မှန်သည်ဟု ပြန်ပြောတော်မူ၏။
ပွဲတော်မင်္ဂလာ
(မာ၊ ၁၄:၂၂-၂၆။ လု၊ ၂၂:၁၄-၂၀။ ၁ကော၊ ၁၁:၂၃-၂၅။)
26ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။- 27ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။- 28ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။-#ထွ၊ ၂၄:၈။ ယေ၊ ၃၁:၃၁-၃၄။ 29ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။- 30ထိုနောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။-
ပေတရုငြင်းဆိုမှုကိုဖော်ပြခြင်း
(မာ၊ ၁၄:၂၇-၃၁။ လု၊ ၂၂:၃၁-၃၄။ ယော၊ ၁၃:၃၆-၃၈။)
31ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။-#ဇာ၊ ၁၃:၇။ 32သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့ သွားမည်ဟု မိန့်တော်မူသော်၊-#မ၊ ၂၈:၁၆။ 33ပေတရုက၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့် စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါဟု လျှောက်လေ၏။- 34ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင် ကြက်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊- 35ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။
ဂေသရှေမန်တွင်ဆုတောင်းခြင်း
(မာ၊ ၁၄:၃၂-၄၂။ လု၊ ၂၂:၃၉-၄၆။)
36ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- 37ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- 38ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- 39ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပျပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- 40တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော။- 41စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- 42တစ်ဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။- 43ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- 44သူတို့ကိုထားခဲ့၍ တစ်ဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။- 45ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- 46ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
ကိုယ်တော်ကိုဖမ်းဆီးခြင်း
(မာ၊ ၁၄:၄၃-၅၀။ လု၊ ၂၂:၄၇-၅၃။ ယော၊ ၁၈:၃-၁၂။)
47ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။- 48ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- 49ကိုယ်တော်ရင်းသို့ ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။- 50ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဖမ်းဆီးကြ၏။- 51ထိုအခါ ယေရှုနှင့် ပါသောသူတစ်ယောက်သည် လက်ကိုဆန့်၍ ဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။- 52ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။- 53ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။- 54သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်းဟု မိန့်တော်မူ၏။- 55ထိုအခါ ယေရှုက၊ သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။-#လု၊ ၁၉:၄၇၊ ၂၁:၃၇။ 56ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။
ယုဒလွှတ်တော်၌စစ်ဆေးခြင်း
(မာ၊ ၁၄:၅၃-၆၅။ လု၊ ၂၂:၅၄-၅၅၊ ၆၃-၇၁။ ယော၊ ၁၈:၁၃-၁၄၊ ၁၉-၂၄။)
57ကိုယ်တော်ကို ဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။- 58ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှာ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။- 59ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း မမှန်သောသက်သေကို ရှာသော်လည်း မတွေ့ကြ။- 60မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကို မတွေ့ကြ။ နောက်ဆုံး၌ မမှန်သော သက်သေခံနှစ်ယောက်တို့သည် လာ၍၊- 61ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။-#ယော၊ ၂:၁၉။ 62ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟု ဆိုလျှင်၊- 63ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊- 64ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။-#ဒံ၊ ၇:၁၃။ 65ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေး သနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။-#ဝတ်၊ ၂၄:၁၆။ 66အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။- 67ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။-#ဟေရှာ၊ ၅၀:၆။ 68အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။
ပေတရုငြင်းဆိုခြင်း
(မာ၊ ၁၄:၆၆-၇၂။ လု၊ ၂၂:၅၆-၆၂။ ယော၊ ၁၈:၁၅-၁၈၊ ၂၅-၂၇။)
69ပေတရုသည် ပြင်မှာ အိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါ မိန်းမတစ်ယောက်သည် သူရှိရာသို့လာ၍ သင်သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- 70ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။- 71ထိုနောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူ ဖြစ်သည်ဟု ဆိုလျှင်၊- 72ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တစ်ဖန် ငြင်းခုံပြန်၏။- 73ထိုနောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့ လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင် ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊- 74ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။- 75ယေရှုက၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။
Kasalukuyang Napili:
ရှင်မဿဲ 26: JBMLE
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
Judson Bible Revision © Bible Society of Myanmar, 2021.