ရှင်မဿဲ 14
14
ဗတ္တိဇံဆရာယောဟန်ကွယ်လွန်ခြင်း
(မာ၊ ၆:၁၄-၂၉။ လု၊ ၉:၇-၉။)
1ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏ သတင်းတော်ကိုကြားလျှင်၊- 2ဤသူကား ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု မိမိငယ်သားတို့အား ဆို၏။- 3အထက်က ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကို ဖမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။-#လု၊ ၃:၁၉-၂၀။ 4အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။-#ဝတ်၊ ၁၈:၁၆၊ ၂၀:၂၁။ 5ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။
6ထိုနောက်မှ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ ကသဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊- 7ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ၏။- 8ထိုမိန်းမငယ်သည် သူ၏အမိ တိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ ပေးတော်မူပါဟု တောင်းလျှောက်၏။- 9မင်းကြီးသည် ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း ထောက်သောကြောင့် ပေးစေဟု အမိန့်တော်ရှိလျက်၊- 10လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်စေ၏။- 11ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အား ပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ ယူသွား၏။- 12ယောဟန်၏တပည့်တို့သည်လည်း လာ၍ အလောင်းကို ဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့ သွား၍ ကြားလျှောက်ကြ၏။
လူငါးထောင်ကိုကျွေးမွေးခြင်း
(မာ၊ ၆:၃၀-၄၄။ လု၊ ၉:၁၀-၁၇။ ယော၊ ၆:၁-၁၄။)
13ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍ လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။- 14ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကို ချမ်းသာပေးတော်မူ၏။
15ညဉ့်ဦးယံ၌ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊- 16ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဖို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။- 17တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့် ငါးကို ယူခဲ့ကြဟု မိန့်တော်မူ၏။- 18ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟု အမိန့်တော်ရှိ၏။- 19မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့် ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။- 20တပည့်တော်တို့သည်လည်း လူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။- 21စားသောသူ အရေအတွက်ကား၊ မိန်းမနှင့် သူငယ်ကို မဆိုဘဲ၊ ယောက်ျားငါးထောင်မျှလောက် ရှိသတည်း။
အိုင်ပေါ်မှာစက်တော်ဖြန့်ခြင်း
(မာ၊ ၆:၄၅-၅၂။ ယော၊ ၆:၁၅-၂၁။)
22ယေရှုသည် စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတစ်ဖက်သို့ အရင် ကူးစေတော်မူ၏။- 23စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပတ္ထနာ ပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန် ရောက်သောအခါ၊ တစ်ယောက်တည်း ရှိနေတော်မူ၏။- 24လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။- 25ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက် တပည့်တော်တို့ရှိရာသို့ ကြွတော်မူ၏။- 26ထိုသို့ အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ်သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။- 27ယေရှုသည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သောစိတ် ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။- 28ပေတရုကလည်း၊ သခင် ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရေပေါ်မှာ လာရမည်အကြောင်း မိန့်တော်မူပါဟု လျှောက်လျှင်၊- 29လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေပေါ်မှာ လှမ်းသွား၏။- 30လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။- 31ယေရှုသည် လက်တော်ကို ချက်ချင်းဆန့်၍ ပေတရုကို ကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ် ဝင်သနည်းဟု မေးတော်မူ၏။- 32လှေပေါ်သို့ရောက်ကြလျှင် လေသည် ငြိမ်းလေ၏။- 33လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်ပါသည်ဟု ညွတ်ပျပ်၍ လျှောက်ကြ၏။
ဖျားနာသူများကိုကျန်းမာစေခြင်း
(မာ၊ ၆:၅၃-၅၆။)
34ကမ်းတစ်ဖက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ ရောက်ကြ၏။- 35ထိုအရပ်သားတို့သည် မျက်နှာတော်ကို မှတ်မိလျှင်၊ ပတ်ဝန်းကျင်အရပ် ရှိသမျှသို့ စေလွှတ်သဖြင့် လူနာရှိသမျှတို့ကို ဆောင်ခဲ့၍၊- 36အဝတ်တော်၏ ပန်းပွားကိုမျှသာ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။
Kasalukuyang Napili:
ရှင်မဿဲ 14: JBMLE
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
Judson Bible Revision © Bible Society of Myanmar, 2021.