မဿဲ 19
19
လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းအကြောင်း ဆွေးနွေးခြင်း
1ဤတရားတော်များကို မိန့်တော်မူပြီးသောအခါ ယေရှုသည် ဂါလိလဲပြည်မှထွက်ခွာ၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယုဒပြည်သို့ ကြွတော်မူ၏။ 2လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြသဖြင့် ထိုအရပ်တွင် ယေရှုသည် ဖျားနာသောသူများကို ကျန်းမာစေတော်မူ၏။
3ဖာရိရှဲတချို့သည် စမ်းသပ်လိုသဖြင့် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
4ယေရှုက “အစဦးတွင် ဘုရားသခင်သည် ‘ယောက်ျားနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ 5ထို့ကြောင့် ယောက်ျားသည် မိခင်နှင့် ဖခင်ကို ခွဲခွာ၍ မိမိဇနီးနှင့် ပေါင်းဖက်သဖြင့် သူတို့နှစ်ဦးသည် တစ်သားတည်းဖြစ်ကြလိမ့်မည်’#19:5 က ၁:၂၇၊ ၅:၂၊ ၂:၂၄။ ဟု ကျမ်းစာတွင် ပါရှိသည်ကို သင်တို့ မဖတ်ဖူးကြသလော။ 6သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်ဦးတည်းဖြစ်ကြ၏။ ဘုရားသခင် ပေါင်းဖက်စေတော်မူသောသူတို့ကို မည်သူကမျှ မခွဲခွာစေနှင့်” ဟု မိန့်တော်မူ၏။
7ဖာရိရှဲတို့က “သို့ဖြစ်လျှင် ကွာရှင်းစာချုပ်ကို ဇနီးအား ပေး၍ ကွာစေရန် မောရှေသည် အဘယ်ကြောင့်ညွှန်ကြားခဲ့သနည်း” ဟု မေးလျှောက်ကြပြန်၏။
8ယေရှုက “သင်တို့သည် အလွန်ခေါင်းမာသောကြောင့် မောရှေသည် သင်တို့အား ဇနီးနှင့်ကွာရှင်းခွင့်ပေးရ၏။ သို့သော် အစဦး၌ ထိုသို့မဟုတ်ပါ။ 9သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူ၏ဖောက်ပြန်ခြင်းမှလွဲ၍ မိမိဇနီးအား ကွာရှင်းကာ အခြားတစ်ဦးနှင့် လက်ထပ်သောခင်ပွန်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
10တပည့်တော်တို့ကလည်း ယေရှုအား “ဇနီးမောင်နှံဆက်နွယ်မှုသည် ထိုသို့ဖြစ်ပါက အိမ်ထောင်မပြုလျှင် ပို၍ကောင်းသည်” ဟု လျှောက်ဆိုကြ၏။
11သို့သော် ယေရှုက “ဤအဆိုကို လူတိုင်း လက်ခံနိုင်ကြမည်မဟုတ်။ ဘုရားသခင်က နားလည်နိုင်စွမ်းပေးတော်မူသောသူတို့သာ လက်ခံနိုင်ကြ၏။ 12တချို့မှာ မိခင်ဝမ်းတွင်းကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိဘဲ မွေးလာကြ၏။ တချို့မှာ အခြားသူများကြောင့် အိမ်ထောင်ပြုနိုင်စွမ်းကို စွန့်လွှတ်ကြရ၏။ တချို့မှာ ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်မပြုဘဲနေကြ၏။ ဤအရာကို လက်ခံနိုင်သောသူသည် လက်ခံပါစေ” ဟု မိန့်တော်မူ၏။
ကလေးငယ်များကို ကောင်းချီးပေးတော်မူခြင်း
13တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏သားသမီးများအပေါ် ကိုယ်တော်၏လက်တော်တင်၍ ဆုတောင်းပေးစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် ထိုသူတို့ကို ဟန့်တားကြ၏။
14သို့သော် ယေရှုက “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်သည်” ဟု မိန့်တော်မူ၏။ 15ထို့နောက် ကလေးငယ်များ၏ ခေါင်းပေါ်တွင် လက်တော်တင်၍ ကောင်းချီးပေးပြီးလျှင် ထိုနေရာမှ ထွက်ကြွတော်မူ၏။
ချမ်းသာကြွယ်ဝသောသူ
16ထိုအခါ လူတစ်ဦးသည် ယေရှုထံသို့ လာ၍ “ဆရာတော်#19:16 အချို့လက်ရေးမူကျမ်းများတွင် “ကောင်းမြတ်သောဆရာတော်” ဟု ဖော်ပြထားသည်။… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမှုကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
17ယေရှုက “ကောင်းမှုနှင့်ပတ်သက်၍ အဘယ်ကြောင့်ငါ့ကို မေးသနည်း။ ကောင်းမြတ်သောအရှင် တစ်ပါးတည်းသာရှိ၏။ ထာဝရအသက်ကို ရလိုလျှင် ပညတ်တော်များကို လိုက်နာလော့” ဟု မိန့်တော်မူ၏။
18ထိုသူက “မည်သည့် ပညတ်များဖြစ်ပါသနည်း” ဟု လျှောက်၏။ ယေရှုက “လူ့အသက်ကို မသတ်နှင့်။ သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ 19သင်၏မိဘကို ရိုသေလော့။ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့”#19:19 ထွ ၂၀:၁၂-၁၆၊ တရား ၅:၁၆-၂၀၊ ဝတ် ၁၉:၁၈။ ဟု မိန့်တော်မူ၏။
20ထိုလူငယ်က “အကျွန်ုပ်သည် ဤပညတ်တော်အားလုံးကို ငယ်စဉ်ကပင် လိုက်နာခဲ့ပါ၏။ မည်သည့်အချက် လိုနေပါသေးသနည်း” ဟု လျှောက်ပြန်၏။
21ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
22သို့ရာတွင် ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကို ကြားသော် စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။
23ထိုအခါ ယေရှုက တပည့်တော်တို့အား “ငါအမှန်ဆိုရလျှင် ချမ်းသာသောသူသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရန် ခဲယဉ်းလှ၏။ 24ထပ်မံ၍ ငါပြောမည်။ ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်ထဲသို့ လျှိုဝင်ရန် ပို၍လွယ်ကူသည်” ဟု မိန့်တော်မူ၏။
25တပည့်တော်တို့သည် ထိုစကားကို ကြားသောအခါ အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
26ယေရှုသည် သူတို့အား စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
27ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အရာအားလုံးကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ။ ထိုအတွက်ကြောင့် မည်သည့်အကျိုးကို ရကြပါမည်နည်း” ဟု မေးလျှောက်လေ၏။
28ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ အရာအားလုံးကို အသစ်ပြုပြင်သောအချိန်တွင် လူသား#19:28 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသောဂုဏ်ပုဒ်ဖြစ်သည်။သည် မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံသော ရာဇပလ္လင်ပေါ်တွင် ထိုင်လိမ့်မည်။ ထိုအခါ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် ရာဇပလ္လင်ဆယ့်နှစ်ခုပေါ်တွင် ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။ 29ငါ့အတွက်ကြောင့်#19:29 မူရင်းဂရိကျမ်းတွင် “ငါ၏အမည်နာမကြောင့်” ဟု ဖော်ပြထားသည်။ မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။ 30သို့ရာတွင် ယခု အကြီးမြတ်ဆုံးသောသူများသည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူများသည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်။
Айни замон обунашуда:
မဿဲ 19: BCB
Лаҳзаҳои махсус
Паҳн кунед
Нусха
Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.