မဿဲ 13
13
မျိုးစေ့ကြဲသောလယ်သမားပုံဥပမာ
1ထိုနေ့၌ပင် ယေရှုသည် အိမ်ပြင်သို့ထွက်ကြွကာ အိုင်နံဘေး၌ ထိုင်တော်မူ၏။ 2လူအုပ်ကြီးသည် အနားတော်တွင် စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။ 3ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။ 4မျိုးစေ့ကြဲရာတွင် အချို့အစေ့တို့မှာ လမ်းပေါ်တွင်ကျသဖြင့် ငှက်တို့သည် လာ၍ ကောက်စားကြ၏။ 5တချို့မှာ မြေနည်း၍ ကျောက်ပေါသောနေရာတွင် ကျပြီး မြေတိမ်သောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။ 6သို့သော်လည်း နေထွက်သောအခါ အပူဒဏ်ခံရပြီး အမြစ်လည်းမစွဲသောကြောင့် ညှိုးနွမ်းသွားကြ၏။ 7တချို့မှာ ဆူးပင်ကြားတွင် ကျသဖြင့် ဆူးပင်တို့သည် ကြီးထွား၍ ထိုအပင်ငယ်တို့ကို ပိတ်ဆို့ထားကြ၏။ 8တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏။ 9နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟူ၍ ဖြစ်၏။
10တပည့်တော်များသည် လာ၍ “သခင်သည် လူတို့အား ဟောပြောရာတွင် အဘယ်ကြောင့် ပုံဥပမာများကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
11ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။ 12ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူသဖြင့် သူတို့သည် ကြွယ်ဝကြလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ရှိသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်။ 13ငါသည် ဤပုံဥပမာများဖြင့် ပြောဆိုရခြင်းမှာ
‘သူတို့သည် ကြည့်သော်လည်း မမြင်ကြ၊
နားထောင်သော်လည်း မကြားကြ၊ အဓိပ္ပာယ်ကိုလည်းနားမလည်ကြ’
သောကြောင့် ဖြစ်၏။
14ဤသို့ဖြင့် ဟေရှာယ၏ ကြိုတင်ဟောပြောချက်သည် သူတို့၌ ဖြစ်လာလေ၏။ ထိုဟောပြောချက်မှာ
‘သင်တို့သည် ငါပြောသည့်စကားကို နားထောင်လျက်နှင့်ပင်
နားမလည်ကြ။
ငါလုပ်ဆောင်သည့်အရာကို ကြည့်လျက်နှင့်ပင်
သဘောမပေါက်နိုင်ကြ။
15ဤလူတို့၏ စိတ်နှလုံးသည် ထုံထိုင်း၏။
သူတို့၏ နားသည်ထိုင်းကြ၏။
မျက်စိကိုလည်း ပိတ်ထားကြ၏။
ထို့ကြောင့် သူတို့၏ မျက်စိသည် မမြင်နိုင်ကြ။
နားသည် မကြားနိုင်ကြ။
နားမလည်နိုင်သောကြောင့် စိတ်နှလုံးသည်လည်း
ငါ့ထံသို့မပြောင်းလဲနိုင်ကြ။
ငါ့ကုသမှုကိုလည်း မခံယူနိုင်ကြ’#13:15 ဟေရှာ ၆:၉-၁၀။
ဟူ၍ ဖြစ်၏။
16သို့ရာတွင် သင်တို့၏ မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိကြ၏။ သင်တို့၏နားသည် ကြားသောကြောင့် မင်္ဂလာရှိကြ၏။ 17သင်တို့အား ငါအမှန်ဆို၏။ သင်တို့မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဖြောင့်မတ်သောသူတို့သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။
18မျိုးစေ့ကြဲသူပုံဥပမာ၏ အနက်အဓိပ္ပာယ်ကို နားထောင်ကြလော့။ 19လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။ 20ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော် ဝမ်းမြောက်စွာ ချက်ချင်းခံယူသောသူကို ဆိုလို၏။ 21သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။ 22ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။ 23ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြား၍ နားလည်သဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်နှင့် အဆတစ်ရာ တိုးပွား၍ အသီးသီးသောသူကို ဆိုလိုသည်” ဟု မိန့်တော်မူ၏။
ဂျုံပင်နှင့်ပေါင်းပင်များ ပုံဥပမာ
24အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။ 25သို့ရာတွင် လယ်လုပ်သားများ အိပ်ပျော်နေစဉ် ရန်သူသည် လာ၍ ပေါင်းမျိုးစေ့များကို ဂျုံစေ့များကြားတွင် ကြဲပြီးနောက် ထွက်ခွာသွား၏။ 26ဂျုံပင်များကြီးထွားလာ၍ ဂျုံနှံများထွက်လာသောအခါ ပေါင်းပင်များသည်လည်း ကြီးထွားလာကြ၏။
27ထိုအခါ လယ်လုပ်သားများသည် လယ်ရှင်ထံသို့ သွားရောက်၍ ‘သခင်… သခင်သည် လယ်တွင် ကောင်းသောမျိုးစေ့ကို ကြဲခဲ့သည်မဟုတ်လော။ သို့ဖြစ်လျှင် ဤပေါင်းပင်များသည် မည်သည့်နေရာမှ ရောက်လာပါသနည်း’ ဟု လျှောက်ကြ၏။
28လယ်ရှင်က ‘ဤအရာသည် ရန်သူ၏လုပ်ရပ် ဖြစ်သည်’ ဟု ဆို၏။ ထိုအခါ လယ်လုပ်သားများက ‘အကျွန်ုပ်တို့သွား၍ ထိုပေါင်းပင်များကို နုတ်ယူရမည်လော’ ဟု မေးမြန်းကြ၏။
29သို့သော် လယ်ရှင်က ‘မနုတ်ကြနှင့်။ ပေါင်းပင်များကို သင်တို့ နုတ်သောအခါ ဂျုံပင်များကိုရောနှော၍ နုတ်မိလိမ့်မည်။ 30ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
မုန်ညင်းစေ့ ပုံဥပမာ
31အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် စိုက်ခင်းတွင် စိုက်ထားသောမုန်ညင်းစေ့နှင့် တူ၏။ 32မုန်ညင်းစေ့သည် မျိုးစေ့ရှိသမျှတွင် အသေးငယ်ဆုံးဖြစ်သော်လည်း ကြီးထွားလာသောအခါ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက်ကြီးသောအပင် ဖြစ်သောကြောင့် ငှက်များသည် လာ၍ အကိုင်းအခက်တို့တွင် အသိုက်ဆောက်ကြ၏” ဟူ၍ ဖြစ်၏။
တဆေး ပုံဥပမာ
33အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် အမျိုးသမီးတစ်ဦး မုန့်လုပ်ရာတွင် သုံးသည့်တဆေးနှင့်တူ၏။ ထိုအမျိုးသမီးက ဂျုံမှုန့်သုံးတင်းထဲသို့ တဆေးအနည်းငယ်ကိုသာ ထည့်သော်လည်း ထိုတဆေးသည် မုန့်အားလုံးကို ဖောင်းကြွစေသည်” ဟူ၍ ဖြစ်၏။
34ထိုသို့ ယေရှုသည် ပုံဥပမာများသုံး၍ ဤအကြောင်းအရာများကို လူထုအား ဟောပြောတော်မူ၏။ ပုံဥပမာများမသုံးဘဲ ဟောတော်မမူပေ။ 35ဤသို့ဟောတော်မူခြင်းမှာ
“ပုံဥပမာဖြင့် ငါဟောပြောမည်။
ကမ္ဘာ#13:35 အချို့လက်ရေးမူကျမ်းများတွင် “ကမ္ဘာ” မပါဝင်ပါ။တည်ချိန်ကတည်းက ကွယ်ဝှက်ထားသောအရာကို ဖော်ထုတ်ပြောဆိုမည်”#13:35 ဆာ ၇၈:၂။
ဟု ပရောဖက်မှတစ်ဆင့် မိန့်တော်မူသောအရာ ဖြစ်လာစေရန်ပင်။
ဂျုံပင်နှင့်ပေါင်းပင်များ ပုံဥပမာကို ရှင်းပြတော်မူခြင်း
36ထို့နောက် ယေရှုသည် လူထုကို အပြင်၌ထားခဲ့၍ အိမ်ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့က “လယ်၌ရှိသော ပေါင်းပင်များပုံဥပမာကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
37ယေရှုက “ကောင်းသောမျိုးစေ့ကို ကြဲသောသူမှာ လူသား#13:37 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသောဂုဏ်ပုဒ်ဖြစ်သည်။ဖြစ်၏။ 38လယ်မှာမူ ဤလောကဖြစ်၏။ ကောင်းသော မျိုးစေ့မှာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်၏။ ပေါင်းပင်များမှာ မာရ်နတ်၏ သားသမီးများဖြစ်၏။ 39ဂျုံစေ့ကြားတွင် ပေါင်းမျိုးစေ့ကိုကြဲသော ရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မှာ ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပြီး ရိတ်သိမ်းသူများမှာ ကောင်းကင်တမန်များဖြစ်၏။
40ပေါင်းပင်များကိုနုတ်၍ မီးရှို့သကဲ့သို့ ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ဖြစ်လိမ့်မည်။ 41လူသားသည် မိမိ၏ကောင်းကင်တမန်များကို စေလွှတ်လိမ့်မည်။ ထိုကောင်းကင်တမန်တို့သည် အပြစ်ကျူးလွန်စေသောသူများနှင့် မတရားမှုပြုသူများအားလုံးကို နိုင်ငံတော်မှ ဖယ်ရှားကာ 42မီးဖိုထဲသို့ ပစ်ချကြသဖြင့် ထိုသူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။ 43ဖြောင့်မတ်သောသူတို့မှာမူ ခမည်းတော်၏နိုင်ငံတော်တွင် နေကဲ့သို့ တောက်ပလိမ့်မည်။ နားရှိသောသူသည် ကြား၍ နားလည်ပါစေ။
ဝှက်ထားသောဘဏ္ဍာနှင့်ပုလဲ ပုံဥပမာ
44ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
45တစ်ဖန် ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ကုန်သည်တစ်ဦးသည် အရည်အသွေးကောင်းသောပုလဲကို ရှာဖွေနေ၏။ 46ထိုသူသည် အလွန်အဖိုးတန်သော ပုလဲတစ်လုံးကို တွေ့သောအခါ မိမိ၌ ရှိသောအရာအားလုံးကို ရောင်းချပြီး ထိုပုလဲကို ဝယ်လေ၏။
ပိုက်ကွန် ပုံဥပမာ
47တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။ 48ထိုပိုက်ကွန်တွင် ငါးများပြည့်သောအခါ တံငါတို့သည် ကမ်းသို့ ဆွဲတင်ကြ၏။ ထို့နောက် ထိုင်လျက် ကောင်းသောငါးများကို ခြင်းထဲသို့ရွေးထည့်ကာ မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ၏။ 49ကမ္ဘာကုန်ဆုံးချိန်တွင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည် လာ၍ ဆိုးသွမ်းသူတို့ကို ဖြောင့်မတ်သူများထံမှ ခွဲထားကြမည်။ 50ထို့နောက် ဆိုးသွမ်းသူများကို မီးဖိုထဲသို့ ပစ်ချကြသဖြင့် သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။ 51ကိုယ်တော်က “ဤအရာအားလုံးကို သင်တို့ နားလည်ကြသလော” ဟု မေးတော်မူရာ တပည့်တော်များက “နားလည်ပါသည်” ဟု လျှောက်ကြ၏။
52ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
နာဇရက်မြို့၌ ငြင်းပယ်ခံရတော်မူခြင်း
53ဤ ပုံဥပမာများကို မိန့်တော်မူပြီးနောက် ယေရှုသည် ထိုဒေသမှ ကြွတော်မူ၏။ 54ထို့နောက် မိမိနေရပ်မြို့ဖြစ်သည့် နာဇရက်မြို့သို့ရောက်သော် ဂျူးဝတ်ပြုဆောင်တွင် ဟောပြောတော်မူ၏။ ထို့ကြောင့် မြို့သူမြို့သားတို့က အံ့အားသင့်လျက် “သူသည် ဤပညာနှင့် အံ့ဖွယ်တန်ခိုးတို့ကို အဘယ်ကရသနည်း။ 55သူသည် လက်သမား၏သား မဟုတ်လော။ သူ၏မိခင်သည် မာရိမဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့သည် သူ၏ညီများဖြစ်ကြသည် မဟုတ်လော။ 56သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော။ သို့ဖြစ်လျှင် ဤပညာနှင့် အံ့ဖွယ်တန်ခိုးတို့ကို သူသည် အဘယ်ကရသနည်း” ဟု ဆိုကာ 57ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ သို့သော် ယေရှုက သူတို့အား “ပရောဖက်သည် မိမိနေရပ်မြို့၊ မိမိအိမ်မှလွဲ၍ အခြားသောအရပ်တွင် ဂုဏ်အသရေရှိသည်” ဟု မိန့်တော်မူ၏။ 58မြို့သားတို့မယုံကြည်သောကြောင့် ယေရှုသည်လည်း ထိုမြို့တွင် အံ့ဖွယ်တန်ခိုးများစွာ ပြတော်မမူပေ။
Айни замон обунашуда:
မဿဲ 13: BCB
Лаҳзаҳои махсус
Паҳн кунед
Нусха
Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.