လုကာ 21
21
မုဆိုးမ၏အလှူဒါန
1ထို့နောက် ဗိမာန်တော်၌ ရှိတော်မူစဉ် ယေရှုသည် လှမ်းကြည့်တော်မူ၍ ချမ်းသာသောသူများက သူတို့၏အလှူငွေများကို အလှူခွက်ထဲသို့ ထည့်ကြသည်ကို မြင်တော်မူ၏။ 2ထို့ပြင် ဆင်းရဲသောမုဆိုးမတစ်ဦးက ကြေးဒင်္ဂါးလေး#21:2 “လဲပ်တွန်” ဟု ခေါ်သော ရှေးခေတ်ဂရိလူမျိုးများ သုံးသည့် အသေးငယ်ဆုံးသော ကြေးဒင်္ဂါးပြားကို ဆိုလိုသည်။နှစ်ပြား ထည့်သည်ကိုလည်း မြင်တော်မူ၏။
3ထိုအခါ ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဤဆင်းရဲသောမုဆိုးမသည် အခြားသောသူတို့ထက် ပို၍ လှူဒါန်းပြီ။ 4အဘယ်ကြောင့်ဆိုသော် အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြသော်လည်း ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။
အနာဂတ်အကြောင်း ကြိုတင်ဟောတော်မူခြင်း
5ထို့နောက် တပည့်တော်တချို့က ဗိမာန်တော်သည် လှပသောကျောက်များ၊ လှူဖွယ်ပစ္စည်းများဖြင့် ဆင်မြန်းထားကြောင်း ပြောဆိုနေကြ၏။ 6ထိုအခါ ယေရှုက “သင်တို့ကြည့်နေကြသော ဤအရာများသည် အကုန်အစင် ဖြိုဖျက်ခံရလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင်တစ်ချပ်မျှ တင်ကျန်မည်မဟုတ်သောနေ့သည် ရောက်လာလိမ့်မည်” ဟု မိန့်တော်မူ၏။
7သူတို့က ယေရှုအား “ဆရာတော်… ဤအရာများသည် မည်သည့်အချိန်တွင် ဖြစ်ပျက်ပါမည်နည်း။ ဤအရာများ ဖြစ်ပျက်မည့်အချိန်တွင် မည်သည့်နိမိတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်နည်း” ဟု မေးလျှောက်ကြ၏။
8ယေရှုက “သင်တို့သည် လှည့်စားမခံရစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် ငါ့အယောင်ကိုဆောင်၍ ‘ငါသည် ယေရှုဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြလိမ့်မည်။ သို့သော် ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။ 9စစ်ပွဲများနှင့် ဆူပူအုံကြွမှုအကြောင်းများကို သင်တို့ကြားသောအခါ မတုန်လှုပ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ဦးစွာဖြစ်လာရမည်မှန်သော်လည်း ကမ္ဘာကုန်ဆုံးချိန်သည် ချက်ချင်းကျရောက်မည် မဟုတ်” ဟု မိန့်တော်မူ၏။ 10ထို့နောက် ယေရှုက “လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆန့်ကျင်တိုက်ခိုက်ကြလိမ့်မည်။ 11ပြင်းထန်သောငလျင်လှုပ်ခြင်း၊ နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်း၊ ကပ်ရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်ပေါ်လိမ့်မည်။ ကောင်းကင်တွင်လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောနိမိတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။
12သို့သော် ဤအရာများမဖြစ်ပွားမီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သင်တို့ကို ဂျူးဝတ်ပြုဆောင်များသို့ တရားစီရင်ရန် အပ်ကြလိမ့်မည်။ ထောင်များတွင်လည်း အကျဉ်းချထားကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ 13ဤအရာသည် သင်တို့အား ငါ့အကြောင်းသက်သေခံရသောအခွင့်ကို ဖြစ်စေလိမ့်မည်။ 14ထို့ကြောင့် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ 15အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။ 16မိဘ၊ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် မိတ်ဆွေများပင်လျှင် သင်တို့ကို သစ္စာဖောက်ကြလိမ့်မည်။ သင်တို့ထဲမှ အချို့သောသူတို့ကို သတ်ကြလိမ့်မည်။ 17ငါ၏နောက်လိုက်များဖြစ်သောကြောင့်#21:17 မူရင်းဂရိကျမ်းတွင် “ငါ၏အမည်နာမကြောင့်” ဟု ဖော်ပြထားသည်။ လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ 18သို့သော်လည်း သင်တို့ဦးခေါင်းမှ ဆံခြည်တစ်မျှင်မျှ ပျက်စီးလိမ့်မည်မဟုတ်။ 19သင်တို့သည် ကြံ့ကြံ့ခံခြင်းအားဖြင့် ကယ်တင်ခံကြရလိမ့်မည်။
20ဂျေရုဆလင်မြို့အား စစ်တပ်များဝန်းရံထားသည်ကို သင်တို့ မြင်တွေ့ရသောအခါ ထိုမြို့သည် ပျက်စီးချိန် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။ 21ထိုအခါ ယုဒပြည်တွင်ရှိသောသူတို့သည် တောင်များပေါ်သို့ ပြေးကြရမည်။ မြို့တွင်း၌ရှိသောသူများသည် မြို့ထဲမှ ထွက်ခွာကြရမည်။ မြို့ပြင်တွင်ရှိသောသူတို့အား မြို့ထဲသို့ မဝင်ကြစေနှင့်။ 22အဘယ်ကြောင့်ဆိုသော် ဤနေ့ရက်များသည် ဘုရားသခင် ပြစ်ဒဏ်စီရင်သည့်နေ့ရက်များ ဖြစ်ပြီး ကျမ်းစာတွင်ရေးသားထားသော အရာများသည် ဖြစ်ပျက်လာရမည်ဖြစ်သောကြောင့်ပင်။ 23ထိုနေ့ရက်များတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့သူငယ်ရှိသောမိခင်များသည် အလွန်ဒုက္ခရောက်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပြည်၌ ကြီးမားသောဒုက္ခဆင်းရဲရောက်၍ ထိုလူမျိုးအပေါ်တွင် ဘုရားသခင်၏အမျက်ဒေါသကျရောက်မည်ဖြစ်သောကြောင့်ပင်။ 24သူတို့သည် ဓားဘေးကြောင့် ကျဆုံး၍ နိုင်ငံအသီးသီးသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ ဂျေရုဆလင်မြို့သည် လူမျိုးခြားတို့ ကြီးစိုးသည့်ခေတ်ကာလ မကုန်ဆုံးမီအထိ ထိုသူတို့၏နင်းခြေခြင်းခံရလိမ့်မည်။
25ထို့ပြင် နေ၊ လ၊ ကြယ်တို့၌ နိမိတ်လက္ခဏာများ ပေါ်လာလိမ့်မည်။ မြေကြီးပေါ်တွင်လည်း လူမျိုးတို့သည် ပင်လယ်လှိုင်းတံပိုးမြည်သံကြောင့် သောကရောက်၍ တုန်လှုပ်ချောက်ချားကြလိမ့်မည်။ 26ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြမည်ဖြစ်သဖြင့် ကမ္ဘာပေါ်တွင်ကျရောက်လာမည့် ဘေးများကို လူတို့သည် ကြိုမြင်လျက် ကြောက်ရွံ့၍ သတိလစ်မေ့မြောကြလိမ့်မည်။ 27ထိုအခါ လူသား#21:27 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသောဂုဏ်ပုဒ်ဖြစ်သည်။သည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် မိုးတိမ်စီးလျက်ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။#21:27 ဒံ ၇:၁၃။ 28ဤအရာများ စတင်ဖြစ်ပွားလာသောအခါ သင်တို့၏ဦးခေါင်းကို မော့လျက် မျှော်ကြည့်၍ ဝင့်ကြွားကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ကို ရွေးနုတ်ခေါ်ဆောင်ချိန် နီးကပ်လာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
29ထို့နောက် ကိုယ်တော်သည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ ကိုယ်တော်က “သဖန်းပင်နှင့် အခြားသစ်ပင်အားလုံးကို ကြည့်လော့။ 30ရွက်နုများထွက်ပြူလာသောအခါ သင်တို့သည် တွေ့မြင်၍ နွေရောက်တော့မည်ကို အလိုအလျောက်သိကြ၏။ 31ထိုနည်းတူပင် ငါဖော်ပြခဲ့သည့်အရာများ ဖြစ်ပျက်နေသည်ကို မြင်လျှင် ဘုရားသခင်၏နိုင်ငံတော် ပေါ်ထွန်းရန်နီးကပ်နေကြောင်း သိမှတ်ကြလော့။ 32သင်တို့အား ငါအမှန်ဆို၏။ ဤအရာများအားလုံး မဖြစ်ပျက်မီအချိန်ထိ ယခုရှိသောမျိုးဆက် ကွယ်ပျောက်လိမ့်မည်မဟုတ်ပေ။ 33ကောင်းကင်နှင့်မြေကြီး တည်မြဲမည်မဟုတ်သော်လည်း ငါ့စကား တည်မြဲလိမ့်မည်။
34အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။ 35အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် ကမ္ဘာ့မြေမျက်နှာတစ်ပြင်လုံးပေါ်တွင် နေထိုင်သောသူများအားလုံးအပေါ်သို့ ကျရောက်လာမည်ဖြစ်သောကြောင့်ပင်။ 36ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
37ယေရှုသည် နေ့ဘက်တွင် ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်တော်မူ၍ ညဘက်တွင် အပြင်သို့ထွက်ကြွကာ သံလွင်တောင်ပေါ်တွင် ညကို လွန်စေတော်မူတတ်၏။ 38လူအပေါင်းတို့သည် ဗိမာန်တော်တွင် တရားနာယူရန် နံနက်စောစောထ၍ ယေရှုထံတော်သို့ ရောက်လာတတ်ကြ၏။
Айни замон обунашуда:
လုကာ 21: BCB
Лаҳзаҳои махсус
Паҳн кунед
Нусха
Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.