လုကာ 17

17
ခွင့်လွှတ်ခြင်း​နှင့် ယုံကြည်ခြင်း​အကြောင်း သွန်သင်တော်မူခြင်း
1တစ်နေ့​တွင် ယေရှု​က တပည့်တော်တို့​အား “အပြစ်​ကျူးလွန်​စေရန် ဖြားယောင်း​သွေးဆောင်သော​အရာများ​သည် ဧကန်အမှန်​ရှိမည်။ သို့ရာတွင် အပြစ်​ကျူးလွန်စရာ​အကြောင်း​ကို ဖြစ်စေသော​သူ​သည် အမင်္ဂလာ​ရှိ၏။ 2ထို​သူ​သည် ဤ​ကလေးငယ်များ​ထဲမှ တစ်စုံ​တစ်ဦး​ကို မှားယွင်းစရာ​အကြောင်း ဖြစ်စေခြင်း​ထက် လည်​၌ ကြိတ်ဆုံကျောက်​ကို ဆွဲ​လျက် ပင်လယ်​ထဲသို့ ပစ်ချခံရခြင်း​သည် သူ့​အတွက် ပို၍​ကောင်း၏။ 3သင်တို့​သည် သတိရှိကြလော့။ အကယ်၍ သင်​၏​ညီအစ်ကို​သည် သင့်​ကို​ပြစ်မှား​လျှင် ဆုံးမလော့။ နောင်တရ​လျှင် ခွင့်လွှတ်လော့။
4သူ​သည် သင့်​ကို တစ်နေ့​တွင် ခုနစ်ကြိမ်​ပြစ်မှား​လျက် ပြစ်မှား​သည့်​အကြိမ်​တိုင်း ပြန်လာ​၍ ‘ကျွန်ုပ်​နောင်တရပါပြီ’ ဟု တောင်းပန်​လျှင် သူ့​ကို ခွင့်လွှတ်လော့” ဟု မိန့်တော်မူ၏။
5တမန်တော်တို့​က သခင်ဘုရား​အား “အကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။
6သခင်ဘုရား​က “သင်တို့​တွင် မုန်ညင်းစေ့​ခန့်မျှသော ယုံကြည်ခြင်း​ရှိ​ပါက ပေါက်​လျက်​ရှိသော ဤ​ပိုးစာပင်​အား ‘အမြစ်​မကျန်​ကျွတ်​၍ ပင်လယ်​ထဲ​၌ စိုက်စေ’ ဟု အမိန့်ပေး​လျှင် ထို​အပင်​သည် သင်တို့​စကား​ကို နာခံ​လိမ့်မည်။
7သင်တို့​၏​အစေအပါး​သည် လယ်ထွန်ရာ​မှဖြစ်စေ၊ သိုးကျောင်းရာ​မှဖြစ်စေ ပြန်လာ​သောအခါ ‘အလျင်အမြန်​လာပြီး ငါ​နှင့်အတူ စားသောက်လော့’ ဟု သင်တို့​တွင် မည်သူ​ပြောမည်နည်း။ 8ထိုသို့​မဟုတ်ဘဲ ‘ငါ့​အတွက် အစားအစာများ​ကို ပြင်ဆင်လော့။ သင်​၏​ခါးစည်းဝတ်​ကို​စည်း​၍ ငါ​စားသောက်​နေစဉ်​အတွင်း ငါ့​အား​အစေခံလော့။ ထို့နောက်​မှ သင်​သည် စားသောက်လော့’ ဟူ၍ ပြော​လိမ့်မည်​မဟုတ်လော။ 9အစေခံ​သည် မိမိ​ဆောင်ရွက်ရမည့်​တာဝန်​ကို လုပ်ဆောင်ရခြင်း ဖြစ်​သောကြောင့် အလုပ်ရှင်​သည် သူ့​ကို ကျေးဇူးတင်မည်​မဟုတ်။ 10ထို​နည်းတူ သင်တို့​သည်လည်း သင်တို့​ဆောင်ရွက်​ရမည့် အရာ​အားလုံး​ကို လုပ်ဆောင်ပြီး​သောအခါ ‘အကျွန်ုပ်တို့​သည် ထိုက်တန်သော​အစေခံများ​မဟုတ်ပါ။ မိမိတို့​ဆောင်ရွက်ရမည့်​တာဝန်များ​ကို ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပါသည်’ ဟု ဝန်ခံ​ရမည်” ဟူ၍ မိန့်တော်မူ၏။
အနာကြီးရောဂါသည်​ဆယ်ဦး​အား ကျန်းမာစေတော်မူခြင်း
11ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ခရီးဆက်တော်မူ​စဉ် ဂါလိလဲပြည်​နှင့် ရှမာရိပြည် ကြား​သို့ ဖြတ်​၍ ကြွတော်မူ၏။ 12ရွာ​တစ်ရွာ​သို့ ဝင်​သောအခါ အနာကြီးရောဂါသည်​ဆယ်ဦး​တို့​သည် အဝေး​၌ ရပ်​လျက် 13“သခင်​ယေရှု… အကျွန်ုပ်တို့​ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။
14ယေရှု​သည် သူတို့​ကို​မြင်​သောအခါ “ယဇ်ပုရောဟိတ်များ​ထံသို့ သွား​၍ မိမိ​ကိုယ်​ကို ပြကြလော့” ဟု မိန့်တော်မူ၏။ သူတို့​သည် သွားကြ​စဉ် သန့်ရှင်းစင်ကြယ်ကြကုန်၏။
15ထို​သူတို့​အထဲ​မှ တစ်ယောက်သော​သူ​သည် ရောဂါပျောက်ကင်းကြောင်း သိမြင်​သောအခါ ယေရှု​ထံ ပြန်လာ​၍ ဘုရားသခင်​၏​ဘုန်းတန်ခိုးတော်​ကို အော်ဟစ်​ချီးမွမ်းလေ၏။ 16သူ​သည် ယေရှု​၏​ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် ကျေးဇူးတင်လေ၏။ ထို​သူ​သည် ရှမာရိ​လူမျိုး​ဖြစ်၏။
17ထိုအခါ ယေရှု​က “လူ​ဆယ်ယောက်​အား သန့်ရှင်းစင်ကြယ်​စေခဲ့သည်​မဟုတ်ပါလော။ အခြားသော​ကိုးယောက်​သည် အဘယ်မှာနည်း။ 18လူမျိုးခြား​ဖြစ်သော ဤ​လူ​တစ်ဦး​မှအပ ဘုရားသခင်​၏​ဘုန်းတန်ခိုးတော်​ကို ချီးမွမ်းရန် ပြန်လာသော​သူ တစ်ယောက်​မျှ မရှိကြသလော” ဟု မေးတော်မူပြီး​မှ 19ထို​သူ​အား “ထ​၍ သွားလော့။ သင်​၏​ယုံကြည်ခြင်း​သည် သင့်​ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။
နိုင်ငံတော်​ပေါ်ထွန်းလာမည့်​အချိန်
20တစ်နေ့​သောအခါ ဖာရိရှဲတို့​က “ဘုရားသခင်​၏​နိုင်ငံတော်​သည် မည်သည့်​အချိန်​တွင် ပေါ်ထွန်းမည်နည်း” ဟု မေးလျှောက်ကြ၏။
ထိုအခါ ယေရှု​က “ဘုရားသခင်​၏​နိုင်ငံတော်​သည် မြင်နိုင်သော​လက္ခဏာများ​နှင့်အတူ ပေါ်ထွန်းမည်​မဟုတ်။ 21ကြည့်လော့။ ‘ဤ​နေရာ​၌ တည်သည်။ ထို​နေရာ​၌ တည်သည်’ ဟူ၍​လည်း မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​အထဲ​၌ တည်​လျက်​ရှိသည်” ဟု မိန့်တော်မူ၏။
22ထို့နောက် တပည့်တော်တို့​အား “သင်တို့​မြင်တွေ့လိုသည့် လူသား#17:22 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​၏​နေ့ရက်များ​ထဲမှ တစ်ရက်​သည် ရောက်လာ​လိမ့်မည်။ သို့ရာတွင် ထို​နေ့ရက်​ကို သင်တို့ မြင်တွေ့ရ​လိမ့်မည် မဟုတ်ပေ။ 23လူတို့​က ‘ထို​နေရာ​ကို ကြည့်လော့။ ဤ​နေရာ​ကို ကြည့်လော့’ ဟု ပြော​သော်လည်း သူတို့​နောက်သို့ လိုက်​၍ မသွားကြနှင့်။ 24လျှပ်စီး​လက်​သောအခါ မိုးကောင်းကင်​တစ်ဖက်​မှ အခြား​တစ်ဖက်​သို့ ထွန်းလင်း​သကဲ့သို့ လူသား​ကြွလာသော​နေ့ရက်​၌​လည်း ထိုသို့​ဖြစ်​လိမ့်မည်။ 25သို့ရာတွင် သူ​သည် များပြားလှသော​ဝေဒနာ​ကို ဦး​စွာ ခံရမည်​ဖြစ်ပြီး ဤ​မျိုးဆက်​၏​ငြင်းပယ်ခြင်း​ကို ခံရမည်။
26လူသား​သည် ပြန်ကြွလာ​သောအခါ နောဧ လက်ထက်​၌ ဖြစ်ပျက်​သကဲ့သို့ ဖြစ်ပျက်​လိမ့်မည်။ 27ရေလွှမ်းမိုးခြင်း​မတိုင်မီ ကာလ​၌ နောဧ​သည် သင်္ဘော​ထဲသို့ ဝင်သည့်​နေ့​အထိ လူတို့​သည် စားသောက်​လျက်၊ လက်ထပ်ယူ​လျက်၊ လက်ထပ်​ပေးစား​လျက် နေ​၍ ပျော်ပါးနေကြ၏။ ထို့နောက် ရေလွှမ်းမိုး​၍ ထို​သူတို့​အားလုံး​သည် သေကျေ​ပျက်စီးကြ၏။
28ထို​နည်းတူ လောတ​၏​ခေတ်​၌ လူတို့​သည် သောက်စား​ပျော်ပါး​လျက်၊ ရောင်းဝယ်​လျက်၊ စိုက်ပျိုး​လျက်၊ ဆောက်လုပ်​လျက် နေကြ၏။ 29သို့သော် လောတ​သည် သောဒုံမြို့​မှ ထွက်ခွာ​သည့် နေ့ရက်​၌ ကောင်းကင်​မှ ကန့်​နှင့်​ရောသော​မိုးမီး ရွာကျ​သဖြင့် သူတို့​အားလုံး​သည် သေကျေ​ပျက်စီးကြ၏။ 30လူသား​ကြွလာသော​နေ့ရက်​၌​လည်း ထို​ကဲ့သို့​ပင် ဖြစ်​လိမ့်မည်။ 31ထို​နေ့​တွင် လသာဆောင်​ပေါ်တွင်​ရှိသော​သူ​သည် မိမိ​အိမ်​ထဲမှ ပစ္စည်းများ​ကို မယူဘဲ အောက်​သို့ ဆင်း​၍ ထွက်ပြေး​ရမည်။ လယ်​၌ ရှိသော​သူ​သည်လည်း အိမ်​သို့​မပြန်ရ။ 32လောတ​၏​ဇနီး​ကို သတိရကြလော့။ 33မိမိ​အသက်​ကို ကယ်တင်​ရန်​ကြိုးပမ်း​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ မိမိ​အသက်​ကို ဆုံးရှုံးသူ​သည် အသက်​ချမ်းသာရ​လိမ့်မည်။ 34သင်တို့​အား ငါ​ပြောဆိုသည်​မှာ ထို​ည​တွင် အိပ်ရာ​တစ်ခုတည်း​၌ အိပ်သော လူ​နှစ်ဦး​တွင် တစ်ဦး​သည် ခေါ်ဆောင်သွားခြင်း​ခံရ​၍ တစ်ဦး​သည် ကျန်ရစ်ခဲ့​လိမ့်မည်။ 35အတူတကွ​ကြိတ်ဆုံ​ကြိတ်နေသော အမျိုးသမီး​နှစ်ဦး​တွင် တစ်ဦး​သည် ခေါ်ဆောင်သွားခြင်း​ခံရ​၍ တစ်ဦး​သည် ကျန်ရစ်ခဲ့​လိမ့်မည်။ 36လယ်​ထဲတွင်​ရှိသော အမျိုးသမီး​နှစ်ဦး​တွင် တစ်ဦး​သည် ခေါ်ဆောင်သွားခြင်း​ခံရ​၍ တစ်ဦး​သည် ကျန်ရစ်ခဲ့​လိမ့်မည်” ဟု မိန့်တော်မူ၏။#17:36 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။
37တပည့်တော်တို့​က “သခင်… မည်သည့်​အရပ်​တွင် ဖြစ်ပျက်ပါမည်နည်း” ဟု မေးကြရာ ကိုယ်တော်​က “အသေကောင်​ရှိရာ​အရပ်​၌ လင်းတများ စုဝေးတတ်ကြသည်” ဟု မိန့်တော်မူ၏။

Айни замон обунашуда:

လုကာ 17: BCB

Лаҳзаҳои махсус

Паҳн кунед

Нусха

None

Want to have your highlights saved across all your devices? Sign up or sign in