ယောဟန် 15
15
စပျစ်ပင်နှင့် အကိုင်းအခက်များ
1ယေရှုက “ငါသည် စစ်မှန်သောစပျစ်ပင် ဖြစ်၏။ ငါ့ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်တော်မူ၏။ 2ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။ 3ငါဟောပြောသောတရားအားဖြင့် ယခု သင်တို့သည် စင်ကြယ်လျက်ရှိကြ၏။ 4ငါ၌ တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ အဘယ်ကြောင့်ဆိုသော် စပျစ်ခက်သည် အပင်၌ မတည်လျှင် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌ မတည်လျှင် အသီးမသီးနိုင်ကြ။
5ငါသည် စပျစ်ပင်ဖြစ်၍ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌ တည်၍ ငါသည်လည်း ထိုသူ၌ တည်လျှင် ထိုသူသည် အသီးများစွာ သီးလိမ့်မည်။ ငါနှင့် ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှ မတတ်နိုင်ကြ။ 6ငါ၌ မတည်သောသူသည် အကိုင်းအခက်ကဲ့သို့ အပြင်သို့ လွှင့်ပစ်ခြင်းကို ခံရ၍ ခြောက်သွေ့သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သောအကိုင်းအခက်များကို လူတို့သည် စုပုံ၍ မီးရှို့တတ်ကြ၏။ 7သို့သော် သင်တို့သည် ငါ၌ တည်၍ ငါ့စကားတို့သည် သင်တို့၌ တည်လျှင် သင်တို့တောင်းလျှောက်သမျှသော အရာတို့ကို ရရှိကြလိမ့်မည်။ 8သင်တို့သည် အသီးများစွာ သီးလျက် ငါ့တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။
9ခမည်းတော်သည် ငါ့ကို ချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။ 10ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။ 11ငါ၏ဝမ်းမြောက်ခြင်းကို သင်တို့ခံစားရ၍ အပြည့်အဝဝမ်းမြောက်နိုင်စေရန် ဤစကားကို ငါပြော၏။ 12ငါ့ပညတ်မှာ ငါသည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းချစ်ကြလော့။ 13မိမိမိတ်ဆွေတို့အတွက် အသက်ပေးချစ်သော ချစ်ခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သောချစ်ခြင်းမေတ္တာမရှိပေ။ 14သင်တို့သည် ငါ့ပညတ်ကို လိုက်နာကြလျှင် ငါ့မိတ်ဆွေများ ဖြစ်ကြ၏။ 15ယခုမှစ၍ သင်တို့ကို ‘ကျွန်’ ဟူ၍ ငါခေါ်တော့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်သည် မိမိသခင် လုပ်ဆောင်နေသောအရာကို မသိပေ။ ငါကမူ ခမည်းတော်ပြောပြသမျှကို သင်တို့အား အကုန်အစင်ပြော၏။ ထို့ကြောင့် ယခု သင်တို့ကို ‘မိတ်ဆွေ’ ဟူ၍ ငါခေါ်ပြီ။ 16သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။ 17ထို့ကြောင့် သင်တို့အချင်းချင်း ချစ်ကြလော့ဟူသော ဤပညတ်ကို သင်တို့အား ငါပေး၏။
လောကီသားတို့၏ မုန်းတီးခြင်း
18လောကီသားတို့သည် သင်တို့ကို မုန်းလျှင် သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ 19သင်တို့သည် ဤလောကီနှင့် သက်ဆိုင်သူများဖြစ်ပါက လောကီသားတို့သည် မိမိတို့၏မိသားစုဝင်များကဲ့သို့ သင်တို့ကို ချစ်ကြလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့် မသက်ဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးချယ်ထားသောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။ 20‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။ 21သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့်#15:21 မူရင်းဂရိကျမ်းတွင် “ငါ၏ အမည်နာမကြောင့်” ဟု ဖော်ပြထားသည်။ ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။ 22ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။ 23ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်း မုန်း၏။ 24ငါသည် သူတို့ရှေ့တွင် မည်သူမျှမပြုနိုင်သည့် နိမိတ်လက္ခဏာများကို မပြုဘဲနေခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် ငါပြုသည့် နိမိတ်လက္ခဏာများကို တွေ့မြင်လျက်နှင့် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မုန်းကြ၏။ 25ဤအရာသည် ကျမ်းစာတွင် ‘သူတို့သည် ငါ့ကို အကြောင်းမဲ့ မုန်းကြ၏’#15:25 ဆာ ၃၅:၁၉၊ ၆၉:၄။ ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်လာရန်ဖြစ်၏။
26သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။ 27သင်တို့သည်လည်း ငါအမှုတော်လုပ်ငန်း စတင်စဉ်ကပင် ငါနှင့်အတူ ရှိနေခဲ့သောကြောင့် ငါ့အကြောင်းကို သက်သေခံကြရမည်။
Айни замон обунашуда:
ယောဟန် 15: BCB
Лаҳзаҳои махсус
Паҳн кунед
Нусха

Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.