မဿဲ 18

18
ကောင်းကင်နိုင်ငံတော်​၌ အကြီးမြတ်ဆုံးသူ
1ထို​အချိန်​တွင် တပည့်တော်တို့​သည် ယေရှု​ထံတော်သို့​ချဉ်းကပ်​၍ “ကောင်းကင်​နိုင်ငံတော်​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်သနည်း” ဟု မေးလျှောက်ကြ၏။
2ယေရှု​သည် ကလေးငယ်​တစ်ဦး​ကို ခေါ်​၍ သူတို့ အလယ်တွင်​ထား​လျက် 3“ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် ပြောင်းလဲ​၍ ကလေးငယ်​ကဲ့သို့ မဖြစ်​လျှင် ကောင်းကင်​နိုင်ငံတော်​သို့ မည်သည့်​အခါမျှ ဝင်ရ​လိမ့်မည်​မဟုတ်။ 4ဤ​ကလေးငယ်​ကဲ့သို့ နှိမ့်ချသူ​သည် ကောင်းကင်နိုင်ငံ​တွင် အကြီးမြတ်ဆုံး​ဖြစ်၏။
5ငါ့​မျက်နှာ​ကို​ထောက်​၍ ဤကဲ့သို့သော​ကလေးငယ်​ကို လက်ခံသော​သူ​သည် ငါ့​ကိုလည်း​လက်ခံ၏။ 6ငါ့​ကို​ယုံကြည်သော ကလေးငယ်​တစ်စုံတစ်ယောက်​အား မှားယွင်းစေသောသူ​သည် ကြီးသော​ကြိတ်ဆုံကျောက်​ကို လည်​၌ ဆွဲ​လျက် နက်သော​ပင်လယ်​ထဲသို့ ပစ်ချခံရ​လျှင် ပို၍​ကောင်း၏။
7ဤ​လောက​၌ အပြစ်​ကျူးလွန်​စေရန် ဖြားယောင်း​သွေးဆောင်သော​အရာများ​ရှိ၏။ လောကီသားတို့​သည်လည်း ထို​ဖြားယောင်း​သွေးဆောင်ရာ​သို့ လိုက်ပါ​သောကြောင့် အမင်္ဂလာ​ရှိကြ၏။ ဖြားယောင်း​သွေးဆောင်ခြင်းတို့​သည် ရှောင်လွှဲမရသော​အရာများ​ဖြစ်၏။ သို့ရာတွင် အပြစ်​ကျူးလွန်စရာ​အကြောင်း​ကို ဖြစ်စေသော​သူ​သည် အမင်္ဂလာ​ရှိ၏။ 8ထို့ကြောင့်​သင်​၏ လက်၊ သို့မဟုတ် ခြေတို့​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်​၍ လွှင့်ပစ်လော့။ ခြေလက်​အစုံ​နှင့် ထာဝရ​မီး​ထဲသို့ ချခံရခြင်း​ထက် လက်တစ်ဖက်၊ သို့မဟုတ် ခြေတစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။ 9သင်​၏ မျက်စိ​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ထုတ်ယူ​၍ လွှင့်ပစ်လော့။ မျက်စိ​နှစ်ဖက်​နှင့် ငရဲ​မီး​ထဲသို့ ချခံရခြင်း​ထက် မျက်စိ​တစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။
10ကလေးငယ်​တစ်ဦးတစ်ယောက်​အပေါ်​၌ မထီမဲ့မြင်​မပြုမိ​စေရန် သတိပြုကြလော့။ ကောင်းကင်ဘုံ​တွင်​ရှိသော ထို​ကလေးငယ်တို့​၏ ကောင်းကင်တမန်များ​သည် ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​၏ မျက်နှာတော်​ကို အစဉ်မပြတ် ဖူးမြော်​ကြရသည်​ဟု သင်တို့​အား ငါ​ပြောဆို၏။
ပျောက်သော​သိုး ပုံဥပမာ
11လူသား#18:11 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ပျောက်သောသူ​ကို ကယ်တင်​ရန် ကြွလာခြင်း​ဖြစ်၏။#18:11 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။ 12လူ​တစ်ယောက်​တွင် သိုး​အကောင်​တစ်ရာ​ရှိ၏။ ထို​သိုးများ​အနက် တစ်ကောင်​သည် လမ်းမှား​၍​ပျောက်ဆုံး​ပါက သူ​သည် မည်သို့​ပြုမည်​ဟု သင်တို့​ထင်ကြသနည်း။ သူ​သည် သိုး​ကိုးဆယ့်ကိုးကောင်​ကို တောင်ပေါ်​တွင် ချန်ထား​ပြီးလျှင် လမ်းမှား​၍ ပျောက်သော​သိုး​ကို ရှာဖွေမည်​မဟုတ်လော။ 13တွေ့ရှိ​သောအခါ မပျောက်ဆုံးသော သိုး​ကိုးဆယ့်ကိုးကောင်​အတွက် ဝမ်းမြောက်ရသည်​ထက် ထို​သိုး​တစ်ကောင်​အတွက် ပို၍​ဝမ်းမြောက်ရသည်​ဟု ငါ​အမှန်​ဆို၏။ 14ထို​ကဲ့သို့​ပင် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​၏​အဖ​သည် ဤ​ကလေးငယ်​တစ်စုံတစ်ယောက်​ကိုမျှ ပျက်စီး​စေရန် အလိုတော်​မရှိ။
ပြစ်မှားသော​ညီအစ်ကို​မောင်နှမ​တစ်ဦး​ကို တည့်မတ်ပေးခြင်း
15သင်​၏​ညီအစ်ကို​မောင်နှမ#18:15 မူရင်း​ဂရိကျမ်း​တွင် ပါရှိသော “အဒဲလ်ဖွေ” မှာ ညီအစ်ကို တစ်မျိုးတည်း​အတွက်၊ သို့မဟုတ် ညီအစ်ကို​မောင်နှမ နှစ်မျိုးလုံး​အတွက် ရည်ညွှန်း​နိုင်သည်။ ယုံကြည်သူ​တိုင်း​သည် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြသည်​နှင့်အညီ ဤ​ကျမ်းချက်​ပါ ယင်း​စကားလုံး​မှာ ယေရှု​ကို ယုံကြည်သည့် ညီအစ်ကို​မောင်နှမ​ကဲ့သို့သော အမျိုးသား၊ အမျိုးသမီး နှစ်မျိုးလုံး​ကို ရည်ညွှန်းသည်။​တစ်ဦး​သည် သင့်​ကို ပြစ်မှား​လျှင် သူ့​ထံသို့ သွား​၍ သူ​၏​အပြစ်​ကို နှစ်ကိုယ်ကြား​ဖော်ပြလော့။ ထို​သူ​သည် သင့်​စကား​ကို နားထောင်​လျှင် သင်​သည် ထို​သူ​ကို ပြန်ရရှိပြီ။ 16ထိုသို့​မဟုတ်ဘဲ သင့်​စကား​ကို နားမထောင်​ပါက သင်​နှင့်အတူ အသိသက်သေ​တစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့​ကို​ခေါ်​၍ နောက်တစ်ကြိမ်​သွားလော့။ သို့မှသာ အမှုကိစ္စ​မှန်သမျှ​ကို သက်သေ​နှစ်ဦး၊ သို့မဟုတ် သုံးဦး​တို့​၏ ထွက်ဆိုချက်​အရ အတည်ပြု​ဆုံးဖြတ်​နိုင်မည်​ဖြစ်၏။ 17ထို​သူ​သည် သူတို့​၏ စကား​ကို နားမထောင်ဘဲ​နေ​လျှင် ဤ​အမှု​ကို အသင်းတော်​သို့ တင်ပြလော့။ ထို​သူ​သည် အသင်းတော်​၏​ဆုံးဖြတ်ချက်​ကို​ပင်လျှင် နားမထောင်​ပါက ဘုရားသခင်​ကို မကိုးကွယ်သော​သူ​နှင့် အကျင့်ပျက်သော​အခွန်ကောက်သူ​ကဲ့သို့ သူ့​အား သတ်မှတ်လော့။
18ငါ​အမှန်​ဆိုရ​လျှင် ကမ္ဘာလောက​တွင် သင်တို့​တားမြစ်#18:18 မူရင်း​ဂရိကျမ်း​တွင် “ချည်နှောင်” ဟု ဖော်ပြထားသည်။​သမျှ​သည် ကောင်းကင်ဘုံ​၌လည်း တားမြစ်​ခံရမည်။ ကမ္ဘာလောက​တွင် သင်တို့​ခွင့်ပြု#18:18 မူရင်း​ဂရိကျမ်း​တွင် “ဖြေလွှတ်” ဟု ဖော်ပြထားသည်။​သမျှ​သည် ကောင်းကင်ဘုံ​၌လည်း ခွင့်ပြု​ခံရမည်။
19တစ်ဖန် ငါ​အမှန်​ဆိုရ​လျှင် လောက​တွင် သင်တို့​ထဲမှ လူ​နှစ်ဦးတို့​သဘောတူ​၍ ဆုတောင်း​လျှင် တောင်း​သမျှသော​ဆု​ကို ကောင်းကင်ဘုံ​ရှိ ငါ့​ခမည်းတော်​သည် ပေးသနားတော်မူ​လိမ့်မည်။ 20လူနှစ်ဦး၊ သို့မဟုတ် သုံးဦး​သည် ငါ့​အမည်​နာမ​ကို​အမှီပြု​၍ စုရုံးကြ​လျှင် ထို​နေရာ​တွင် ငါ​သည်​သူတို့​နှင့်အတူ​ရှိသည်” ဟု မိန့်တော်မူ၏။
ခွင့်မလွှတ်သည့်​ကြွေးတင်သူ ပုံဥပမာ
21ထိုအခါ ပေတရု​သည် ယေရှု​ထံသို့ ချဉ်းကပ်​၍ “သခင်… အကျွန်ုပ်​ကို အပြစ်ကျူးလွန်သော​ညီအစ်ကို​အား အကြိမ်​မည်မျှ ခွင့်လွှတ်ရမည်နည်း။ ခုနစ်ကြိမ်​တိုင်အောင်​လော” ဟု မေးလျှောက်လေ၏။
22ယေရှု​က “ခုနစ်ကြိမ်​သာ ခွင့်လွှတ်ရမည်​ဟု ငါ​မဆိုပါ။ အကြိမ်ပေါင်း ခုနစ်ဆယ့် ခုနစ်လီ​တိုင်အောင် ခွင့်လွှတ်ရမည်​ဟု ငါ​ဆို၏။
23ထို့ကြောင့် ကောင်းကင်​နိုင်ငံတော်​သည် မိမိ​ကျွန်များ​နှင့် ငွေစာရင်း​ရှင်းလိုသော​ဘုရင်တစ်ပါး​၏ အဖြစ်​နှင့် တူ၏။ 24သူ​သည် စာရင်း​ရှင်းတမ်းပြု​စဉ်တွင် ငွေကြေး​သန်းပေါင်းများစွာ#18:24 မူရင်း​ဂရိကျမ်း​တွင် “တာလန် တစ်သောင်း” ဟု ပါရှိသည်။ တစ်တာလန်​၏ တန်ဖိုး​သည် အလုပ်သမား​တစ်ဦး​၏ ၁၅ နှစ် လုပ်အားခ​ထက်​ပင် ပိုသည်။ ကြွေးတင်သူ​တစ်ဦး​ကို သူ့​ထံ ခေါ်လာကြ၏။ 25ထို​သူ​သည် အကြွေး​မဆပ်နိုင်​သဖြင့် သူ​၏​သခင်​က ထို​သူ​မှစ၍ ဇနီး၊ သားသမီးများ​နှင့် ဥစ္စာပစ္စည်းများ​ကို ရောင်းချ​၍ ဆပ်ပေး​ရန် အမိန့်ပေးလေ၏။
26ထိုအခါ ထို​ကျွန်​သည် သခင်​ရှေ့တွင် ဒူးထောက်​လျက် ‘ကျွန်ုပ်​ကို သည်းခံတော်မူပါ။ ရှိသမျှ​အကြွေး​ကို ကျွန်ုပ်​ပြန်ဆပ်ပါမည်’ ဟု လျှောက်၏။ 27သခင်​သည် သူ့​အား​သနား​သဖြင့် ကြွေး​ရှိသမျှ​ကို ပယ်ဖျက်​၍ ကင်းလွတ်ခွင့်​ပေးလိုက်၏။
28သို့သော် ထို​ကျွန်​သည် ထွက်သွား​ပြီးနောက် သူ့​အား ငွေဒင်္ဂါး​ပြား​တစ်ရာ#18:28 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိ​တစ်ပြား​၏ တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။ အကြွေးတင်​နေသော ကျွန်ဖော်ချင်း​တစ်ဦး​ကို တွေ့​လျှင် ထို​သူ​၏ လည်​ကို​ညှစ်​၍ ‘သင်​ချေးယူထားသော​အကြွေး​ကို ဆပ်လော့’ ဟု ဆိုလေ၏။
29ထို​ကျွန်ဖော်ချင်း​သည် ဒူးထောက်​၍ ‘ကျွန်ုပ်​ကို သည်းခံပေးပါ။ အကြွေး​ရှိသမျှ​ကို ကျွန်ုပ်​ဆပ်ပါမည်’ ဟု တောင်းပန်၏။ 30သို့သော် ကြွေးရှင်​သည်​လက်မခံဘဲ ထို​အကြွေး​မဆပ်​မီ​တိုင်အောင် သူ့​ကို ထောင်​ထဲတွင် ထည့်ထား၏။
31ထို​အဖြစ်အပျက်​ကို အခြားသော​ကျွန်ဖော်ချင်းတို့​သည် တွေ့မြင်​သော် အလွန်​နာကြည်း​သဖြင့် မိမိတို့​သခင်​ထံ သွား​၍ ဖြစ်ပျက်​သမျှ​ကို လျှောက်ကြ၏။ 32ထိုအခါ သခင်​သည် ထို​ကျွန်​ကို​ခေါ်​၍ ‘ဆိုးယုတ်သော​ကျွန်… သင်​သည်​ငါ့​ကို အသနားခံ​တောင်းပန်​သောကြောင့် ငါ​သည် သင့်​အကြွေး​ရှိသမျှ​ကို ချေဖျက်ခဲ့၏။ 33ငါ​သည် သင့်​ကို​သနား​သကဲ့သို့ သင်​သည်လည်း သင့်​ကျွန်ဖော်ချင်း​ကို သနားသင့်သည်​မဟုတ်လော’ ဟု ဆိုလေ၏။ 34သခင်​သည် သူ့​အား အမျက်ထွက်​၍ ရှိသမျှ​အကြွေး​ကို မဆပ်​မီ​တိုင်အောင် နှိပ်စက်ခံ​စေရန် ထောင်​ထဲတွင်​ထည့်ထားလေ၏။
35ထို​နည်းတူ သင်တို့​တစ်ဦးချင်း​သည် မိမိ​ညီအစ်ကို​မောင်နှမ​ကို စိတ်ရင်း​အမှန်​ဖြင့် ခွင့်မလွှတ်​လျှင် ကောင်းကင်ဘုံရှင် ငါ​၏​ခမည်းတော်​သည်လည်း သင်တို့​ကို ခွင့်လွှတ်တော်မူမည်​မဟုတ်” ဟု မိန့်တော်မူ၏။

ప్రస్తుతం ఎంపిక చేయబడింది:

မဿဲ 18: BCB

హైలైట్

షేర్ చేయి

కాపీ

None

మీ పరికరాలన్నింటి వ్యాప్తంగా మీ హైలైట్స్ సేవ్ చేయబడాలనుకుంటున్నారా? సైన్ అప్ చేయండి లేదా సైన్ ఇన్ చేయండి