မဿဲ 3

3
နှစ်ခြင်းဆရာ​ယောဟန် သခင်ဘုရား​၏​လမ်းတော်​ကို ပြင်ဆင်ခြင်း
1ထို​နေ့ရက်ကာလ​၌ နှစ်ခြင်းဆရာ​ယောဟန်​သည် ယုဒပြည် တောကန္တာရ​သို့ သွားပြီး​လျှင် 2“ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။ 3ပရောဖက်​ဟေရှာယ​က
“တောကန္တာရ​၌ လူတစ်ဦး ကြွေးကြော်​လျက်​နေသည်​မှာ
‘ထာဝရဘုရား​ကြွလာမည့်​လမ်းတော်​ကို အသင့်​ပြင်ဆင်ကြလော့။
ထို​အရှင်​၏​လမ်းတော်​ကို ဖြောင့်ဖြူး​စေကြလော့’ ဟူ၍ ဖြစ်၏”#3:3 ဟေရှာ ၄၀:၃။
ဟု ဟောပြောရာ​တွင် ဤ​ယောဟန်​ကို ဆိုလို၏။
4ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့် ရက်လုပ်သော​အဝတ်​ကို ဝတ်​၍ ခါး​၌ သားရေ​ခါးပတ်​ကို စည်း၏။ သူ​သည် ကျိုင်းကောင်​နှင့် တော​ပျားရည်​တို့​ကို စားသုံး၏။ 5ဂျေရုဆလင်​မြို့သူမြို့သားများ၊ ယုဒပြည်သူပြည်သားများ​နှင့် ဂျော်ဒန်မြစ်​ချိုင့်ဝှမ်း​တစ်လျှောက်​၌ နေထိုင်ကြသော​သူ​အပေါင်းတို့​သည် ယောဟန်​ထံသို့ သွားကြ၏။ 6ထို​သူတို့​သည် မိမိတို့​၏​အပြစ်များ​ကို ဝန်ခံကြ​သောအခါ ယောဟန်​သည် ဂျော်ဒန်မြစ်​ထဲ​၌ ထို​သူတို့​ကို နှစ်ခြင်းမင်္ဂလာ​ပေးလေ၏။
7ဖာရိရှဲများ​နှင့် ဇဒ္ဒုကဲတို့​သည်လည်း နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ရောက်လာကြသည်​ကို ယောဟန်​မြင်​သောအခါ “အို မြွေဆိုး​အမျိုးတို့#3:7 လူတို့​သည် ဖောက်ပြန်​၍ လှည့်စားတတ်သော​မြွေဆိုးများ​ကဲ့သို့ ဖြစ်သောကြောင့် ယောဟန်​သည် လူတို့​အား “မြွေဆိုး​အမျိုးတို့” ဟု ပြစ်တင်ခေါ်ဆိုခြင်း​ဖြစ်သည်။… ကျရောက်လာမည့် ဘုရားသခင်​၏ အမျက်တော်​မှ ထွက်ပြေး​ရန် သင်တို့​ကို မည်သူ​က သတိပေးခဲ့သနည်း။ 8အပြစ်​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြောင်း​ကို သင်တို့​အကျင့်​ဖြင့် သက်သေထူကြလော့။ 9‘ငါတို့​သည် အာဗြဟံ​၏​မျိုးဆက်များ ဖြစ်ကြ​သောကြောင့် ဘုရားသခင်​သည် ငါတို့​ကို အပြစ်​စီရင်တော်မူမည်​မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ် မထင်ကြနှင့်။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီးများ​ကို ဤ​ကျောက်ခဲများ​မှပင် ဖန်ဆင်းနိုင်တော်မူ၏။ 10သစ်ပင်​အမြစ်​နား​တွင် ပုဆိန်​ကို ချထားပြီ။ ထို့ကြောင့် ကောင်းသော​အသီး မသီးသည့်​အပင်​ရှိသမျှတို့​သည် ခုတ်လှဲ​ခံရ​၍ မီး​ထဲသို့ ပစ်ချခံရ​လိမ့်မည်။
11အပြစ်​အတွက် နောင်တရ​၍ ဘုရားသခင်​ထံသို့ ပြန်လာသောသူတို့​ကို ငါ​သည် ရေ​၌#3:11 ရေ​ဖြင့် ဟူ၍​လည်း ပြန်ဆို​နိုင်သည်။ နှစ်ခြင်းမင်္ဂလာ​ပေး၏။ သို့သော်လည်း ငါ့​ထက်​ကြီးမြတ်သော​အရှင်​သည် မကြာမီ​ကြွလာမည်။ ငါ​သည် ထို​အရှင်​၏​ဖိနပ်​ကို​မျှ သယ်ဆောင်​ရန် မထိုက်တန်ပါ။ ထို​အရှင်​သည် သင်တို့​ကို သန့်ရှင်းသော​ဝိညာဉ်တော်​၌​လည်းကောင်း၊ မီး​၌​လည်းကောင်း နှစ်ခြင်းမင်္ဂလာ​ပေးတော်မူ​လိမ့်မည်။ 12ထို​အရှင်​သည် မိမိ​၏​ဆန်ကော​ဖြင့် ဂျုံစပါး​ထဲမှ​အဖျင်း​ကို လှေ့​ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်း​ကို ရှင်းလင်း​၍ ဂျုံစပါး​ကို ကျီ​တွင် စုသိမ်း​ကာ အဖျင်း​ကိုမူ မငြိမ်းနိုင်သော​မီး​နှင့် ရှို့တော်မူ​လိမ့်မည်” ဟု ဆိုလေ၏။
ယေရှု​နှစ်ခြင်းမင်္ဂလာ​ခံယူတော်မူခြင်း
13ထို့နောက် ယေရှု​သည် ယောဟန်​ထံ၌ နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ဂါလိလဲပြည်​မှ ဂျော်ဒန်မြစ်​သို့ ကြွတော်မူ၏။ 14သို့ရာတွင် ယောဟန်​က “အကျွန်ုပ်​သာလျှင် ကိုယ်တော်​ထံ၌ နှစ်ခြင်းမင်္ဂလာ​ကို ခံယူသင့်သူ ဖြစ်ပါ၏။ ကိုယ်တော်​သည် အဘယ်ကြောင့် အကျွန်ုပ်​ထံ ကြွလာပါသနည်း” ဟု ဆို​ကာ တားမြစ်လေ၏။
15ယေရှု​က “ဘုရားသခင်​အလိုတော်​ရှိသော အရာ​အားလုံး​ကို လုပ်ဆောင်ကြရမည်​ဖြစ်​သောကြောင့် ယခု ငါ့​ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်​သည် ယေရှု​အား နှစ်ခြင်းမင်္ဂလာ​ပေး​ရန် သဘောတူလေ၏။
16ယေရှု​သည် နှစ်ခြင်းမင်္ဂလာ​ခံယူတော်မူ​ပြီးနောက် ရေ​ထဲမှ တက်လာ​သောအခါ ကောင်းကင်​ပွင့်​၍ ဘုရားသခင်​၏ ဝိညာဉ်တော်​သည် ချိုးငှက်​အသွင်ဆောင်​လျက် မိမိ​အပေါ် ဆင်းသက်တော်မူသည်​ကို မြင်တော်မူ၏။ 17ထိုအခါ ကောင်းကင်​မှ “ဤ​သူ​သည် ငါ​နှစ်သက်​မြတ်နိုးသော ငါ​၏​ချစ်သား​ဖြစ်၏” ဟူသော အသံတော်​ထွက်ပေါ်လာ၏။

Nu markerat:

မဿဲ 3: BCB

Märk

Dela

Kopiera

None

Vill du ha dina höjdpunkter sparade på alla dina enheter? Registrera dig eller logga in