မဿဲ 4

4
ဖြားယောင်း​သွေးဆောင်ခြင်း​ကို ခံတော်မူခြင်း
1ထို့နောက် မာရ်နတ်​၏ ဖြားယောင်း​သွေးဆောင်ခြင်း​ကို ခံတော်မူ​စေရန် ဝိညာဉ်တော်​သည် ယေရှု​ကို တောကန္တာရ​သို့ ပို့ဆောင်တော်မူ၏။ 2ယေရှု​သည် ရက်ပေါင်း​လေးဆယ် အစာရှောင်​ပြီးနောက် အလွန်​ဆာလောင်တော်မူ၏။ 3ထိုအခါ မာရ်နတ်#4:3 မူရင်း​ဂရိကျမ်း​တွင် “ဖြားယောင်း​သွေးဆောင်သူ” ဟု ဖော်ပြထားသည်။​သည် လာ​၍ “သင်​သည် ဘုရားသခင်​၏ သားတော်​မှန်​လျှင် ဤ​ကျောက်ခဲများ​ကို စားစရာ​ဖြစ်​စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
4သို့ရာတွင် ယေရှု​က “ကျမ်းစာ​၌ ရေးသားထားသည်​မှာ
‘လူ​သည် အစာ​ဖြင့်​သာ အသက်ရှင်ရသည်​မဟုတ်။
ဘုရားသခင်​၏ နှုတ်တော်ထွက်​စကား​ရှိသမျှ​ဖြင့် အသက်ရှင်​ရမည်’#4:4 တရား ၈:၃။
ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
5ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို သန့်ရှင်းသော​ဂျေရုဆလင်မြို့​သို့ ခေါ်ဆောင်သွား​၍ ဗိမာန်တော်​ထိပ်​၌ ရပ်စေတော်မူ​ပြီးလျှင် 6“သင်​သည် ဘုရားသခင်​၏ သားတော်​မှန်​လျှင် အောက်​သို့ ခုန်ချလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​တွင် ရေးသားထားသည်​မှာ
‘ဘုရားသခင်​သည် ကောင်းကင်တမန်များ​အား သင့်​ကို စောင့်ရှောက်​ရန် မှာထားတော်မူ​လိမ့်မည်။
သင်​၏​ခြေ​ကို ကျောက်​နှင့် မထိခိုက်​စေရန်
သူတို့​သည် သင့်​ကို လက်​ဖြင့် ချီပင့်ကြ​လိမ့်မည်’#4:6 ဆာ ၉၁:၁၁-၁၂။
ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။
7ယေရှု​က “ကျမ်းစာ​၌ ရေးသားထားသည်​မှာ ‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို အကဲမစမ်းရ’#4:7 တရား ၆:၁၆။ ဟူ၍ ဖြစ်သည်” ဟု ပြန်​၍ မိန့်တော်မူ၏။
8ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို အလွန်​မြင့်မားသော တောင်ထိပ်​ပေါ်​သို့ ခေါ်ဆောင်ပြီး​လျှင် ကမ္ဘာလောက​ရှိ တိုင်းနိုင်ငံ​အားလုံး​နှင့် ၎င်းတို့​၏ ဘုန်းစည်းစိမ်​အားလုံး​ကို ညွှန်ပြလေ၏။ 9ပြီးမှ “သင်​သည် ငါ့​ကို ကိုးကွယ်​လျှင် ဤ​အရာ​အားလုံး​ကို သင့်​အား ငါ​ပေးမည်” ဟု လျှောက်လေ၏။
10ယေရှု​က “အို စာတန်မာရ်နတ်… ငါ့​ထံမှ ထွက်သွားလော့။ ကျမ်းစာ​၌ ရေးသားထားသည်​မှာ
‘သင်​၏​ဘုရားသခင် ထာဝရဘုရား​ကိုသာ ကိုးကွယ်​ရမည်။
ထို​အရှင်​တစ်ပါးတည်း​ကိုသာ ဝတ်ပြု​ရမည်’#4:10 တရား ၆:၁၃။
ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
11ထိုအခါ မာရ်နတ်​သည် ထွက်ခွာသွား​ပြီး ကောင်းကင်တမန်တို့​သည် လာ​၍ ယေရှု​ကို လုပ်ကျွေးပြုစုကြ၏။
အမှုတော်​ကို စတင်​ဆောင်ရွက်တော်မူခြင်း
12ယောဟန်​ထောင်ချ​ခံရကြောင်း​ကို ကြားတော်မူ​သောအခါ ယေရှု​သည် ဂါလိလဲပြည်​သို့ ကြွတော်မူ၏။ 13နာဇရက်မြို့​သို့ ဦးစွာ​ရောက်တော်မူ​ပြီးနောက် ထို​မြို့​မှ ထွက်ခွာ​၍ ဇာဗုလုန်​နှင့် နဿလိ​နယ်မြေစပ်ကြား​တွင်​ရှိသော ဂါလိလဲအိုင်​အနီး​ရှိ ကပေရနောင်မြို့​သို့ သွားရောက်​နေထိုင်တော်မူ၏။ 14ဤ​အရာ​သည် ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်တော်မူသော ဘုရားသခင်​၏​စကားတော်​အတိုင်း ဖြစ်ပျက်လာ​စေရန်​ပင်​ဖြစ်၏။ ထို​မိန့်တော်မူချက်​မှာ
15“ဂျော်ဒန်မြစ်​တစ်ဖက် အိုင်​နံဘေး​တစ်လျှောက်​၌ တည်ရှိသည့်
ဇာဗုလုန်​နှင့် နဿလိ​နယ်မြေ​ဖြစ်သော
လူမျိုးခြားများ​နေထိုင်ရာ ဂါလိလဲပြည်
16အမှောင်​တွင် နေထိုင်ကြသော​လူတို့​သည်
အလင်းရောင်ကြီး​ကို မြင်ရပြီ။
သေမင်း​အရိပ်​ရှိရာ အရပ်​၌ နေကြသော​သူတို့​အပေါ်တွင်
အလင်း​သည် ထွန်းလင်းပြီ”#4:16 ဟေရှာ ၉:၁။
ဟူ၍ ဖြစ်၏။
17ထို​အချိန်​မှ​စ​၍ ယေရှု​က “ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် နောင်တရကြလော့” ဟု စတင်​ဟောပြောတော်မူ၏။
ပထမဦးဆုံးသော​တပည့်တော်များ
18တစ်နေ့​၌ ယေရှု​သည် ဂါလိလဲအိုင်​နံဘေး​တစ်လျှောက် ကြွတော်မူ​စဉ် အိုင်​ထဲတွင် ကွန်ပစ်နေကြသည့် ပေတရု​ဟု ခေါ်သော ရှိမုန်​နှင့် ညီဖြစ်သူ​အန္ဒြေ​တို့​ကို တွေ့မြင်တော်မူ၏။ ထို​သူတို့​သည် တံငါသည်များ​ဖြစ်ကြ၏။ 19ယေရှု​က “ငါ့​နောက်သို့ လိုက်ကြလော့။ ငါ​သည် သင်တို့​အား လူ​ကို​ဖမ်းသော တံငါ​ဖြစ်စေမည်” ဟု မိန့်တော်မူ၏။ 20ထိုအခါ သူတို့​သည် ပိုက်ကွန်များ​ကို ချက်ချင်း​ထားခဲ့​၍ ယေရှု​နောက်တော်​သို့ လိုက်ကြ၏။
21ထို​နေရာ​မှ အနည်းငယ်​ကြွတော်မူ​သောအခါ အခြား​ညီအစ်ကို​နှစ်ဦး​ဖြစ်သော ယာကုပ်​နှင့် ယောဟန်​တို့​ကို မြင်တော်မူ၏။ သူတို့​သည် ဇေဗေဒဲ​၏​သားများ​ဖြစ်ကြ​၍ လှေ​ထဲ​၌ ဖခင်​နှင့်အတူ ပိုက်ကွန်များ​ဖာထေး​ပြုပြင်နေကြ၏။ ယေရှု​က သူတို့​ကို နောက်တော်​သို့ လိုက်​ရန် ခေါ်တော်မူ၏။ 22သူတို့​သည်လည်း လှေ​နှင့် ဖခင်​ကို ချက်ချင်း​ထားခဲ့​၍ ယေရှု​နောက်တော်​သို့ လိုက်ကြ၏။
နာမကျန်း​ဖြစ်နေသူများ​ကို ကုသ​ပျောက်ကင်းစေတော်မူခြင်း
23ကိုယ်တော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လှည့်လည်​၍ ဂျူးဝတ်ပြုဆောင်များ​တွင် သွန်သင်​လျက် ကောင်းကင်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့​၏ အနာရောဂါ​အမျိုးမျိုး​နှင့် ဖျားနာခြင်း​အမျိုးမျိုးတို့​ကိုလည်း ပျောက်ကင်းစေတော်မူ၏။ 24ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။ 25ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ဂျေရုဆလင်မြို့၊ ယုဒပြည်​နှင့် ဂျော်ဒန်မြစ်​တစ်ဖက်ကမ်း​မှ လူအုပ်ကြီး​သည် ယေရှု​နောက်တော်​သို့ လိုက်ကြ၏။

Zvasarudzwa nguva ino

မဿဲ 4: BCB

Sarudza vhesi

Pakurirana nevamwe

Sarudza zvinyorwa izvi

None

Want to have your highlights saved across all your devices? Sign up or sign in