ရှင်ယောဟန် 2
2
ကာနမြို့မင်္ဂလာဆောင်ပွဲ
1သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော်ရှိ၏။- 2ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။- 3စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။- 4ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။- 5မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။- 6ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဖို့အလိုငှာ၊ ထိုအရပ်၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ၏။- 7ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။- 8ယခုခပ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။- 9ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊- 10အခြားသောသူမည်သည်ကား၊ ရှေ့ဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို၏။- 11ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။
12ထိုနောက် မယ်တော်မှစ၍ညီတော်၊ တပည့်တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ၊#မ၊ ၄:၁၃။
ဗိမာန်တော်သို့၀င်သွားခြင်း
(မ၊ ၂၁:၁၂-၁၃။ မာ၊ ၁၁:၁၅-၁၇။ လု၊ ၁၉:၄၅-၄၆)
13ယုဒပသခါပွဲခံချိန် နီးသည်ရှိသော်၊ ယေရုရှလင်မြို့သို့ ကြွတော်မူ၏။-#ထွ၊ ၁၂:၁-၂၇။ 14ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသော သူတို့ကိုလည်းကောင်း၊ ပွဲစားများ ထိုင်လျက်ရှိသည်ကိုလည်းကောင်း တွေ့တော်မူလျှင်၊- 15ရိုက်စရာဖို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကိုလည်းကောင်း၊ သိုး၊ နွားများကိုလည်းကောင်း၊ ဗိမာန်တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏၊- 16ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်ဟု မိန့်တော်မူ၏။- 17ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။#ဆာ၊ ၆၉:၉။
18ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။- 19ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။-#မ၊ ၂၆:၆၁၊ ၂၇:၄၀။ မာ၊ ၁၄:၅၈၊ ၁၅:၂၉။ 20ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။- 21ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏။- 22ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက် ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိကြသဖြင့်၊ ကျမ်းစာကိုလည်းကောင်း၊ ယေရှု၏ နှုတ်ကပတ်တော်ကိုလည်းကောင်း ယုံကြ၏။
လူအကြောင်းကိုသိခြင်း
23ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- 24သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- 25လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိုတော်မရှိ။
Aktuálne označené:
ရှင်ယောဟန် 2: JBMLE
Zvýraznenie
Zdieľať
Kopírovať
Chceš mať svoje zvýraznenia uložené vo všetkých zariadeniach? Zaregistruj sa alebo sa prihlás
Judson Bible Revision © Bible Society of Myanmar, 2021.