ကမ္ဘာဦး 12
12
အာဗြံကိုရွေးကောက်တော်မူခြင်း
1ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့ သွားလော့။#တ၊ ၇:၂-၃၊ ဟေဗြဲ၊ ၁၁:၈။ 2ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသောသူဖြစ်လိမ့်မည်။ 3သင့်ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။#ဂလ၊ ၃:၈။ 4ထိုသို့ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ 5အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကိုလည်းကောင်း၊ ခါရန်မြို့၌ရသော လူတို့ကိုလည်းကောင်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ရောက်ခြင်းငှာ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
6အာဗြံသည် ထိုပြည်ကိုလျှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ရှိကြ၏။ 7ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အားငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားဖို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။#တ၊ ၇:၅၊ ဂလ၊ ၃:၁၆။
8ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြု၏။ 9အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ရောက်လေ၏။
အဲဂုတ္တုပြည်သို့အာဗြံရောက်ရှိခြင်း
10ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခိုခြင်းငှာ သွားလေ၏။ 11အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသောမိန်းမဖြစ်သည်ကိုငါသိ၏။ 12အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။ 13သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကိုပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်မည်ဟု ဆို၏။#က၊ ၂၀:၂၊ ၂၆:၇။
14အာဗြံသည် အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည်မြင်ကြ၏။ 15ဖာရောဘုရင်၏မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။ 16ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်များနှင့်ကြွယ်ဝ၏။ 17ထာဝရဘုရားသည်၊ အာဗြံ၏မယားစာရဲအတွက်ကြောင့်၊ ဖာရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။ 18ဖာရောဘုရင်သည်လည်းအာဗြံကိုခေါ်၍၊ သင်သည်ငါ၌ပြုသောအမှုကား အဘယ်သို့နည်း။ သူသည်သင်၏မယားဖြစ်ကြောင်းကို၊ ငါအားအဘယ်ကြောင့် မပြောသနည်း။ 19ငါသည် သူ့ကိုသိမ်းပိုက်စေခြင်းငှာ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။ 20ထိုသို့အာဗြံအမှုကိုစီရင်၍၊ မိမိလူတို့အားမှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသောဥစ္စာနှင့်တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။
Aktuálne označené:
ကမ္ဘာဦး 12: JBMLE
Zvýraznenie
Zdieľať
Kopírovať

Chceš mať svoje zvýraznenia uložené vo všetkých zariadeniach? Zaregistruj sa alebo sa prihlás
Judson Bible Revision © Bible Society of Myanmar, 2021.