ကမ္ဘာဦး 1
1
ဖန်ဆင်းခြင်း
1အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။
2မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏။
3 # ၂ကော၊ ၄:၆။ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ 4ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ 5အလင်းကို နေ့ဟူသောအမည်ဖြင့်လည်းကောင်း၊ မှောင်မိုက်ကို ညဟူသောအမည်ဖြင့်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဉ့်ဦးနှင့် နံနက်သည် ပထမနေ့ရက်ဖြစ်လေ၏။
6တစ်ဖန်ဘုရားသခင်က ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ၊ ရေနှင့် ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ 7မိုးမျက်နှာကြက်ကို ဘုရားသခင်ဖန်ဆင်းတော်မူ၍၊ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။ 8#၂ပေ၊ ၃:၅။ မိုးမျက်နှာကြက်ကိုလည်း မိုးကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဉ့်ဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။
9တစ်ဖန်ဘုရားသခင်က၊ မိုးကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ 10ကုန်းကိုမြေဟူသောအမည်ဖြင့်လည်းကောင်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်လည်းကောင်း၊ ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
11တစ်ဖန်ဘုရားသခင်က၊ မြေသည် မြက်ပင်ကိုလည်းကောင်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ 12မြေသည်မြက်ပင်ကိုလည်းကောင်း၊ စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း ပေါက်စေ၏။ 13ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဉ့်ဦးနှင့်နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။
14တစ်ဖန်ဘုရားသခင်က၊ နေ့နှင့်ညကို ပိုင်းခြားစေခြင်းငှာ မိုးကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်တည်စေ။ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဖို့ဖြစ်စေ။ 15မိုးကောင်းကင်မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။
16ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော၊ နေ့ကိုအုပ်စိုးရသောအကြီးတစ်လုံး၊ ညကိုအုပ်စိုးရသော အငယ်တစ်လုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊ 17မြေကြီး၌ လင်းစေခြင်းငှာလည်းကောင်း၊ နေ့နှင့် ညကိုအုပ်စိုး၍ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာလည်းကောင်း၊ မိုးကောင်းကင်မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။ 18ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ 19ညဉ့်ဦးနှင့် နံနက်သည် စတုတ္ထနေ့ရက်ဖြစ်လေ၏။
20တစ်ဖန်ဘုရားသခင်က၊ အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ 21ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက်များပြားစွာ မွေးဖွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ပျံတတ်သောငှက်မျိုးအပေါင်းတို့ကိုလည်းကောင်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။ 22ဘုရားသခင်ကလည်း၊ များပြားစွာ မွေးဖွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းချီးပေးတော်မူ၍၊ 23ညဉ့်ဦးနှင့် နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ၏။
24တစ်ဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကိုလည်းကောင်း၊ တွားတတ်သောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ သားရဲမျိုးတို့ကိုလည်းကောင်း၊ မွေးဖွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ 25ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
26 # ၁ကော၊ ၁၁:၇။ တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ 27#မ၊ ၁၉:၄။ မာ၊ ၁၀:၆။ ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ 28#က၊ ၅:၁-၂။ အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။
29ဘုရားသခင်ကလည်း၊ ကြည့်ရှုလော့။ မြေတစ်ပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့စားစရာဖို့ ငါပေး၏။ 30မြေသား၊ မိုးကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့စားစရာဖို့၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ၏။ 31ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဉ့်ဦးနှင့် နံနက်သည် ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
Atualmente selecionado:
ကမ္ဘာဦး 1: JBMLE
Destaque
Partilhar
Copiar
Quer salvar os seus destaques em todos os seus dispositivos? Faça o seu registo ou inicie sessão
Judson Bible Revision © Bible Society of Myanmar, 2021.