ရှင်လုကာ 20
20
သခင်ယေရှု၏အခွင့်အာဏာ
(မ၊ ၂၁:၂၃-၂၇။ မာ၊ ၁၁:၂၇-၃၃)
1တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟောတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊- 2ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသည်ကိုလည်းကောင်း၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော်၊- 3ကိုယ်တော်က၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။- 4ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။- 5ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင်၊- 6ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ်ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- 7အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ၏။- 8ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကိုငါမပြောဟု မိန့်တော်မူ၏။
စပျစ်ဥယျာဉ်လုပ်သားများဥပမာ
(မ၊ ၂၁:၃၃-၄၆။ မာ၊ ၁၂:၁-၁၂)
9ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။-#ဟေရှာ၊ ၅:၁။ 10ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှာ ဥယျာဉ်ရှင်သည် ငယ်သားကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက်၍ လက်ချည်းလွှတ်လိုက်ကြ၏။- 11နောက်တစ်ဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက်၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။- 12နောက်တစ်ဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာရိုက်၍ နှင်ထုတ်ကြ၏။- 13ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို၏။- 14ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊- 15ဥယျာဉ်ရှင်၏သားကို ဥယျာဉ်ပြင်သို့ ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း။- 16ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊- 17ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု၍၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တစ်ဖန်တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း။-#ဆာ၊ ၁၁၈:၂၂။ 18အကြင်သူသည် ထိုကျောက်အပေါ်သို့ ကျ၏။ ထိုသူသည် ကျိုးလတ္တံ့။ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည် ကျ၏။ ထိုသူသည် ညက်ညက်ကြေလတ္တံ့ဟု မိန့်တော်မူ၏။
အခွန်ဆက်သမှုပြဿနာ
(မ၊ ၂၂:၁၅-၂၂။ မာ၊ ၁၂:၁၃-၁၇)
19ထိုအခါ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံကြ၏။ သို့သော်လည်း လူများကိုကြောက်၍ နေရကြ၏။
20ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကို ချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်းလက်သို့ အပ်နှံသောအခွင့်ကိုရခြင်းငှာ သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုတို့ကို အထံတော်သို့ စေလွှတ်ကြ၏။- 21ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။- 22အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကို ဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက်ကြ၏။- 23ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း။- 24ဒေနာရိ တစ်ပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊- 25ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။- 26ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။
ထမြောက်ရှင်ပြန်ခြင်း
(မ၊ ၂၂:၂၃-၃၃။ မာ၊ ၁၂:၁၈-၂၇)
27ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍၊-#တ၊ ၂၃:၈။ 28အရှင်ဘုရား၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။-#တရား၊ ၂၅:၅။ 29ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- 30သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။- 31ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကို မကျန်ရစ်စေဘဲ သေကြ၏။- 32နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- 33သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယား ဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ကြပြီဟု လျှောက်ကြ၏။
34ယေရှုကလည်း၊ ယခု ဘဝသားတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။- 35နောင်ဘဝကိုလည်းကောင်း၊ သေခြင်းမှ ထမြောက်ခြင်းကိုလည်းကောင်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။- 36သေခြင်းနှင့် အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏သား ဖြစ်သောကြောင့် ဘုရားသခင်၏သား ဖြစ်ကြ၏။- 37ထိုမှတစ်ပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဖော်ပြခဲ့ပြီ။-#ထွ၊ ၃:၆။ 38ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။- 39ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျောက်ပတ်ပါ၏ဟု လျှောက်ကြ၏။- 40နောက်တစ်ဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ။
ဒါဝိဒ်၏သား
(မ၊ ၂၂:၄၁-၄၆။ မာ၊ ၁၂:၃၅-၃၇)
41ယေရှုကလည်း၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း။- 42ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု၊- 43ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ၌ ဒါဝိဒ်ဆိုသတည်း။-#ဆာ၊ ၁၁၀:၁။ 44ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။
ကျမ်းပြုဆရာတို့ကိုရှောင်ကြ
(မ၊ ၂၃:၁-၃၆။ မာ၊ ၁၂:၃၈-၄၀)
45ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊- 46ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- 47သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ ထိုသူတို့သည် သာ၍ ကြီးစွာသောဒဏ်ကို ခံရကြလတ္တံ့ဟု မိန့်တော်မူ၏။
Nu geselecteerd:
ရှင်လုကာ 20: JBMLE
Markering
Deel
Kopiëren
Wil je jouw markerkingen op al je apparaten opslaan? Meld je aan of log in
Judson Bible Revision © Bible Society of Myanmar, 2021.