ရှင်ယောဟန် 5
5
ဥပုသ်နေ့တွင်ကုသခြင်း
1ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။- 2ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။- 3ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ၍ အနာရောဂါစွဲသောသူများ အပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မျှော်လင့်၍ နေကြ၏။- 4အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေ့ ဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။
5ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတစ်ယောက်သည် ရေကန်နားမှာရှိ၏။- 6ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။- 7နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။- 8ယေရှုကလည်းထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်၊- 9ခဏချင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက်၍၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏။
10ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က၊ ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ၏။-#နေ၊ ၁၃:၁၉။ ယေ၊ ၁၇:၂၁။ 11သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဆိုသည်ဟု ပြန်ပြော၏။- 12ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ်သူနည်းဟု မေးမြန်းကြ၏။- 13ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည် မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။
14ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။- 15ထိုသူသည်သွား၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြောလေ၏။- 16ထိုအမှုကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။- 17ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။- 18သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှာ သာ၍ရှာကြံကြ၏။
သားတော်၏အခွင့်အာဏာ
19ယေရှုကလည်း၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။- 20ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့သည် အံ့ဩဖွယ်ရှိစေခြင်းငှာ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။- 21ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။- 22လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊- 23သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့် ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။- 24ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
25ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။- 26အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။- 27သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။- 28ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊- 29ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။#ဒံ၊ ၁၂:၂။
ယေရှုအကြောင်းသက်သေခံသူများ
30ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။
31ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။- 32ငါ၏အကြောင်းကို သက်သေခံသောသူ တစ်ပါးရှိသေး၏။ ထိုသူ၏သက်သေတည်ကြောင်းကို ငါသိ၏။- 33သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။-#ယော၊ ၁:၁၉-၂၇၊ ၃:၂၇-၃၀။ 34သို့သော်လည်း လူပေးသောသက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။- 35ယောဟန်သည် ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာ အလိုရှိကြ၏။- 36ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။- 37ခမည်းတော်သည်လည်း ငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့သည် မကြား၊ သဏ္ဌာန်တော်ကို မမြင်၊-#မ၊ ၃:၁၇။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။ 38နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။
39ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။- 40သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှာ အလိုမရှိကြ၊- 41လူပေးသောဘုန်းအသရေကို ငါမခံ။- 42သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိသည်ကို ငါသိ၏။- 43ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။- 44အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။- 45ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သောသူ တစ်ပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။- 46သင်တို့သည် မောရှေ၏စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။- 47သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့အား မိန့်တော်မူ၏။
Nu geselecteerd:
ရှင်ယောဟန် 5: JBMLE
Markering
Deel
Kopiëren
Wil je jouw markerkingen op al je apparaten opslaan? Meld je aan of log in
Judson Bible Revision © Bible Society of Myanmar, 2021.