မဿဲ 6
6
ပေးကမ်းခြင်းအကြောင်း သွန်သင်တော်မူခြင်း
1သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။ 2သင်သည် အလှူအတန်းပြုသောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မပြုနှင့်။ ထိုသူတို့သည် လှူဒါန်းသောအခါ လူတို့၏ချီးမွမ်းပြောဆိုခြင်းကို ခံလိုသဖြင့် ဝတ်ပြုဆောင်များနှင့် လမ်းများ၌ တီးမှုတ်တတ်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။ 3သို့သော် သင်သည် အလှူအတန်းပြုသောအခါ လှူဒါန်းကြောင်းကို မထင်ရှားစေနှင့်။ လက်ယာလက် ပြုသောအရာကို လက်ဝဲလက်ပင် မသိစေနှင့်။ 4ထိုသို့ပြုလျှင် အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအကြောင်း သွန်သင်တော်မူခြင်း
5သင်တို့သည် ဆုတောင်းသောအခါ သူတော်ကောင်းယောင်ဆောင်သူများကဲ့သို့ မပြုကြနှင့်။ ထိုသူတို့သည် လူမြင်သာစေရန် ဝတ်ပြုဆောင်များနှင့် လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းရသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။ 6သို့ရာတွင် သင်သည် ဆုတောင်းသောအခါ အခန်းထဲသို့ ဝင်၍ တံခါးကို ပိတ်ပြီးလျှင် မျက်စိဖြင့် မတွေ့မြင်နိုင်သော သင်၏အဖထံတော်သို့ တောင်းလျှောက်လော့။ ထိုအခါ အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
7သင်တို့သည် ဆုတောင်းသောအခါ ဘုရားသခင်ကို မကိုးကွယ်သောသူများ ဆုတောင်းသကဲ့သို့ အဓိပ္ပာယ်မဲ့သောစကားဖြင့် မရွတ်ဆိုကြနှင့်။ ထိုသူတို့သည် များစွာသောစကားတို့ကို ထပ်တလဲလဲရွတ်ဆိုပါက ဆုတောင်းပြည့်မည်ဟု ထင်မှတ်ကြ၏။ 8ထိုသူတို့ကဲ့သို့ မပြုကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ အဖသည် သင်တို့၏လိုအပ်မှုကို သင်တို့မတောင်းလျှောက်မီကပင် သိမြင်တော်မူသောကြောင့်ဖြစ်၏။ 9ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။
ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ…
ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။
10နိုင်ငံတော်တည်ထောင်ပါစေသော။
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့
မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။
11အကျွန်ုပ်တို့ လိုအပ်သောအစာကို ယနေ့ပေးသနားတော်မူပါ။
12အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့
အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
13ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ
မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။
တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။
အာမင်။#6:13 အချို့လက်ရေးမူကျမ်းများတွင် “တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။” ဟူသော စာကြောင်းမပါဝင်ပါ။
14သင်တို့သည် တစ်ပါးသူတို့၏ အပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်လည်း သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။ 15သို့သော် သင်တို့သည် တစ်ပါးသူကို ခွင့်မလွှတ်လျှင် သင်တို့၏ အဖသည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။
16သင်တို့သည် အစာရှောင်သောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာမညှိုးငယ်စေနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူအများသိမြင်စေရန် မျက်နှာသွင်ပြင်ကို မကြည်မသာဖြစ်စေကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။ 17သို့ရာတွင် သင်သည် အစာရှောင်သောအခါ သင်၏ ဦးခေါင်းကို ဆီလိမ်းလော့။ မျက်နှာကိုလည်း သစ်လော့။ 18ထိုသို့ပြုလျှင် သင်အစာရှောင်နေကြောင်းကို မည်သူမျှ သိမည်မဟုတ်။ သို့သော်လည်း လူ့မျက်စိဖြင့် မတွေ့မြင်နိုင်သော သင်၏အဖသည် သိမြင်တော်မူ၏။ အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
ငွေကြေးနှင့် ပိုင်ဆိုင်မှုအကြောင်း သွန်သင်တော်မူခြင်း
19သံချေးနှင့်ပိုး ဖျက်ဆီး၍ သူခိုးဖောက်ထွင်းခိုးယူနိုင်သော လောက၌ ဘဏ္ဍာကို မစုဆောင်းကြနှင့်။ 20သံချေးနှင့်ပိုး မဖျက်ဆီးနိုင်၍ သူခိုးမဖောက်ထွင်းမခိုးယူနိုင်သော ကောင်းကင်ဘုံ၌ ဘဏ္ဍာကို စုဆောင်းကြလော့။ 21အဘယ်ကြောင့်ဆိုသော် သင်တို့၏ဘဏ္ဍာရှိသောနေရာသို့ သင်တို့စိတ်နှလုံး ရောက်တတ်သောကြောင့်ဖြစ်၏။
22မျက်စိသည် ကိုယ်ခန္ဓာ၏ မီးအိမ်ဖြစ်၏။ ထို့ကြောင့် သင်၏ မျက်စိ ကောင်းမွန်လျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး လင်းလိမ့်မည်။ 23သို့ရာတွင် သင်၏ မျက်စိသည် မကောင်းလျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး မှောင်မိုက်နေလိမ့်မည်။ ထို့ကြောင့် သင့်အထဲ၌ ရှိသည့် အလင်းဟု သင်ထင်မှတ်သောအရာသည် အမှောင်ဖြစ်ပါက ထိုအမှောင်သည် အလွန်မှောင်လိမ့်မည်။
24မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
25ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားသောက်ရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက်မြတ်သည် မဟုတ်လော။ ကိုယ်ခန္ဓာသည် အဝတ်ထက်မြတ်သည် မဟုတ်လော။ 26မိုးကောင်းကင်တွင် ပျံသန်းသောငှက်များကို ကြည့်လော့။ ထိုငှက်တို့သည် မျိုးမကြဲ။ အစာကိုကျီ၌ မသိုလှောင်။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် ပို၍ အဖိုးထိုက်တန်ကြသည် မဟုတ်လော။ 27မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏ အသက်ကို အချိန်တစ်ခဏရှည်စေနိုင်သနည်း။
28သင်တို့သည် အဘယ်ကြောင့် အဝတ်အတွက် စိုးရိမ်ကြသနည်း။ လယ်ပြင်၌ရှိသော နှင်းပန်းပင်များ မည်သို့ ကြီးထွားရှင်သန်သည်ကို ကြည့်လော့။ ထိုအပင်တို့သည် ပင်ပန်းကြီးစွာ အလုပ်မလုပ်။ ချည်လည်း မငင်။ 29သို့သော် ဘုန်းကြီးသောရှောလမုန်မင်းကြီးပင်လျှင် ထိုနှင်းပန်းပင်တစ်ပင်ကဲ့သို့ မဝတ်ဆင်ခဲ့ရဟု သင်တို့အား ငါပြောဆို၏။ 30ယုံကြည်ခြင်းအားနည်းသောသူတို့… ယနေ့ရှင်သန်၍ မနက်ဖြန်မီးဖိုထဲသို့ ပစ်ချခံရသည့် တောပန်းပင်ကို ဘုရားသခင်သည် ထိုမျှဆင်မြန်းတော်မူလျှင် သင်တို့ကို သာ၍ ဆင်မြန်းတော်မူမည်မဟုတ်လော။
31ထို့ကြောင့် မည်သည့်အရာကို စားသောက်ရမည်နည်း၊ မည်သည့်အရာကို ဝတ်ဆင်ရမည်နည်းဟု ဆိုလျက် မစိုးရိမ်ကြနှင့်။ 32ဘုရားသခင်ကို မကိုးကွယ်သောသူတို့သည် ထိုအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ထိုအရာများကို သင်တို့လိုအပ်ကြောင်း အမှန်သိမြင်တော်မူ၏။ 33ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ဦးစွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့လိုအပ်သော အရာအားလုံးကို ပေးတော်မူလိမ့်မည်။
34ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်နှင့်။ မနက်ဖြန်နှင့် သက်ဆိုင်သောစိုးရိမ်စရာသည် မနက်ဖြန်၌သာ ရှိ၏။ ယနေ့ကြုံတွေ့ရသောဒုက္ခပြဿနာသည် ယနေ့အတွက် တော်လောက်ပေ၏။
Nu geselecteerd:
မဿဲ 6: BCB
Markering
Deel
Kopiëren
Wil je jouw markerkingen op al je apparaten opslaan? Meld je aan of log in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.