ခရစ္စမတ်ဆိုသည်နမူနာ

ကျေးဇူးတော်ကိုခံရသောသူ
မိတ်ဆွေသည် အရေးမပါသလိုလို၊ ဆုကျေးဇူးတွေ မရှိသလိုလို၊ သူတစ်ပါးရဲ့မထီမဲ့မြင်ပြုခြင်း ခံစားရသလိုလိုကို ဖြစ်ဖူးပါက၊ ခရစ္စမတ်ဇာတ်တော်ဟာ မိတ်ဆွေအတွက် သတင်းကောင်း ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့၊ အဲဒီပုံစံရှိတဲ့လူတွေဟာ ခရစ္စမတ်ဇာတ်တော်ရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်နေလို့ပါပဲ။
မိတ်ဆွေ၊ ခရစ္စမတ်ဇာတ်တော်အကြောင်း သိထားသမျှကို ခေတ္တခဏ မေ့ထားလိုက်ပါ။ မေ့ပြီလား။ ဟုတ်ပြီ၊ ဒီလိုဆို၊ ယခု ဘုရားသခင်က ဒီလောကသို့ မကြွခင်မှာ ကြွလာလိမ့်မည်လို့ သိသွားပြီး လူသားမိသားစုနဲ့ မွေးဖွားလာလိမ့်မယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ဘုရားသခင်ဟာ မိမိမိဘများဖြစ်စေဖို့ ဘယ်လိုလူမျိုးကို ရွေးချယ်မလဲ။
ဘုရားတရား၌ စိတ်အားကြီးတဲ့ ကျော်စောကိတ္တိ မိသားစုတစ်စု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်၊ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံရှိတဲ့ အမှုတော်ဆောင်အိမ်ထောင်ရှင်စုံတွဲလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့၊ ခရစ္စမတ်ဇာတ်တော်ဟာ လှည့်ကွက်အမျိုးမျိုး ရှိတယ်ဆိုတာကို မမေ့ပါနဲ့။ ဘုရားသခင်က ချမ်းသာပြီး ပြည့်စုံတဲ့ အိမ်ထောင်ရှင်စုံတွဲကို မရွေးချယ်ပါဘူး။ ကိုယ်တော်က၊ လုံးဝဥဿုံ ဘယ်သူမှမထင်တဲ့ တစ်စုံတစ်ယောက်ကို ရွေးချယ်ခဲ့ပါတယ်။
မာရိသည် ဇနပုဒ်မှာနေထိုင်တဲ့ အပျိုကညာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ၊ ဩဇာအာဏာမရှိသလို၊ အရှိန်အဝါလည်း မရှိတဲ့ သာမန်သူတစ်ယောက်ဖြစ်ပေမဲ့ အံ့ဩဖွယ်ရာတစ်ခု လုပ်ဆောင်ဖို့ ဘုရားသခင်က သူမကို ရွေးချယ်ခဲ့ပါတယ်။
မာရိဟာ အပျိုကညာ ဖြစ်သော်လည်း၊ ကတိထားတဲ့ ကယ်တင်ရှင်နဲ့ ကိုယ်ဝန်ရှိနေပြီလို့ ဘုရားသခင်စေလွှတ်တဲ့ ကောင်ကင်တမန်တစ်ပါးက ပြောပြခဲ့ပါတယ်။ ဒီနေ့၊ ဘုရားသခင်ရဲ့မဟာဇာတ်တော်ကြီးမှာ မာရိရဲ့အံ့ဩစရာကောင်းတဲ့ ပါဝင်မှုနှင့် သူရဲ့တုံ့ပြန်ပုံအကြောင်းကို အတူတူရှာဖွေကြပါလိမ့်မယ်။ မာရိအတွက်၊ ထိုသတင်းဟာ သူမနဲ့တူတဲ့ လူတွေကို ဘုရားသခင် သတိနဲ့ကြည့်ရှုတယ်ဆိုတဲ့ နိမိတ်လက္ခဏာ ဖြစ်ပါတယ်။ ပြီးတော့ ကယ်တင်ရှင်က ဘယ်သူမှ အထင်မကြီးတဲ့သူတွေကို ချီးမြှောက်ပေးပါလိမ့်မယ်။
ခရစ္စမတ်ဇာတ်တော်ဟာ ခြားနားမှုပြုစေဖို့၊ ချမ်းသာခြင်း၊ အရှိန်အဝါ (သို့) ဩဇာအာဏာတွေ လိုတယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်လိုက်ပါတယ်။ အရေးမပါ၊ အရည်အချင်းမရှိသောသာမညသူတွေဟာ ဘုရားသခင်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်၊ ကိုယ်တော်က လူတိုင်းအတွက် မေတ္တာကရုဏာတော်ရှိတယ်လို့ လောကီသားတွေကို ပြသဖို့ ထိုသာမန်လူတွေနဲ့ ပူးပေါင်းလက်တွဲဖို့ အလိုတော်ရှိပါတယ်။
မိတ်ဆွေက အရေးမပါ (သို့) အရည်အချင်းမရှိဘူးလို့ နောက်တစ်ကြိမ် ခံစားရတဲ့အခါ၊ ခရစ္စမတ်ဇာတ်တော်ကို အောက်မေ့သတိရလိုက်ပါ။ ကျွန်တော်တို့ရဲ့တန်ဖိုးဟာ ဘုရားသခင်ထံမှ လာပြီး၊ ထိုဘုရားသခင်က ကျွန်တော်တို့ကို ချစ်ပြီး သတိနဲ့ကြည့်ရှုလျက် လူများကိုလည်း ဘုရားသခင်၏မိသားစုထဲသို့ ဝင်စားစေဖို့ ကျွန်တော်တို့နှင့် လက်တွဲပူးပေါင်းနေပါတယ်ဆိုတဲ့အရာဟာ အရမ်းတန်ခိုးပါတဲ့ သတိပေးချက်ပါ။
ဆုတောင်းကြပါစို့။ အဖဘုရားသခင်၊ ကိုယ်တော်၏ မဟာမေတ္တာတော်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ သူတစ်ပါး၏ ထင်မြင်ချက်အားဖြင့် မဟုတ်ဘဲ၊ ကိုယ်တော်၏ အလွန်ကြီးမားသောချစ်ခြင်းမေတ္တာတော်ကြောင့် ကျွန်ုပ်၏တန်ဖိုးကို သိကျွမ်းစေဖို့ ကူညီမစတော်မူပါ။ အရေးမပါသူလို ခံစားရနေရသောသူများထံသို့ ချမ်းသာပေးစေခြင်းငှာ အကျွန်ုပ်ကို လမ်းညွှန်တော်မူ၍ ကိုယ်တော်သည် အကျွန်ုပ်အပေါ် မေတ္တာကရုဏာတော်ကို သက်ရောက်စေသလို၊ သူတစ်ပါးထံ တစ်ဆင့် သက်ရောက်စေချင်ပါ၏။ ယေရှု၏နာမတော်၌ ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဇာတ်လမ်းကောင်းတိုင်းတွင် အရာအားလုံးကို ပြောင်းလဲစေမယ့် မမျှော်လင့်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခု ရှိပါတယ်—သမ္မာကျမ်းစာရှိ ဇာတ်တော်များထဲမှ အကြီးမားဆုံးဇာတ်လမ်းလှည့်ကွက်တစ်ခုမှာ ခရစ္စမတ်ပင် ဖြစ်ပါတယ်။ လာမယ့် (၅) ရက်တာအတွင်း၊ ဒီဇာတ်ကွက်တစ်ခုအားဖြင့် လောကကြီးကို ပြောင်းလဲစေသလို မိမိဘဝကိုလည်း ပြောင်းလဲစေနိုင်မည့်အကြောင်းကို အတူတူဖတ်ရှုလေ့လာရပါလိမ့်မယ်။
More