ရောမ 6:1-7
ရောမ 6:1-7 Judson Bible (JBMLE)
ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်တရားကို ကျင့်၍ နေရမည်လော။- ထိုသို့မနေရ။ အပြစ်တရားမှ စုတေသောသူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။- ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။- ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။- တစ်နည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။- ထိုမှတစ်ပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှာ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။- သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။
ရောမ 6:1-7 Common Language Bible (BCL)
သို့ဖြစ်လျှင်အဘယ်သို့ဆိုရမည်နည်း။ ဘုရား သခင်၏ကျေးဇူးတော်ကိုပိုမိုခံစားရစေ ရန် အပြစ်ထဲ၌ဆက်လက်၍ကျင်လည်ရမည် လော။- ထိုသို့မဆိုလိုပါ။ အပြစ်ဒုစရိုက်နှင့်လုံးဝ အဆက်ဖြတ်ပြီးသော ငါတို့သည်အဘယ် ကြောင့်အပြစ်ထဲ၌ပြန်၍ကျင်လည်ရကြ ပါမည်နည်း။- ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်ရန်ဗတ္တိဇံမင်္ဂလာခံကြသော အခါ တစ်ချိန်တည်းမှာပင်ကိုယ်တော်နှင့်အတူ အသေခံကြကြောင်းကိုသင်တို့အမှန်ပင် သိကြ၏။- သို့ဖြစ်၍ငါတို့သည်ဗတ္တိဇံအားဖြင့်ခရစ်တော် နှင့်အတူ မြှုပ်နှံခြင်းကိုခံသဖြင့်ကိုယ်တော် နှင့်အတူအသေခံကြ၏။ ကိုယ်တော်နှင့်အတူ အသေခံရသည့်အကြောင်းမှာခမည်းတော် သည်ဘုန်းတန်ခိုးတော်အားဖြင့် ကိုယ်တော်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသည် နည်းတူငါတို့အားလည်းဘဝသစ်၌ကျင် လည်ရကြစေရန်ဖြစ်သတည်း။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်လျက်သေကြပါမူ ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသကဲ့သို့ ငါတို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် သေခြင်းမှရှင်ပြန်ထမြောက်ကြ မည်ဖြစ်သောကြောင့်တည်း။- ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။- ခရစ်တော်နှင့်အတူသေသောသူသည်အပြစ် တရား၏လက်အောက်ခံမဟုတ်တော့ပေ။
ရောမ 6:1-7 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ကျေးဇူးတော်များပြားစေရန် ငါတို့သည် အပြစ်ထဲ၌ဆက်၍တည်ရမည်လော။ လုံးဝမတည်ရ။ အပြစ်အရာ၌ သေဆုံးသောငါတို့သည် ၎င်းတွင် မည်သို့အသက်ရှင်နိုင်ဦးမည်နည်း။ သို့မဟုတ် ခရစ်တော်ယေရှု၌ ဗတ္တိဇံခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံခံခဲ့ကြောင်း သင်တို့မသိကြသလော။ ထိုသို့ ငါတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံခံသောအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ဤသည်ကား ခရစ်တော်သည် ခမည်းတော်၏ဘုန်းအသရေတော်အားဖြင့် သေသောသူတို့ထဲမှ ထမြောက်တော်မူသည့်နည်းတူ ငါတို့သည်လည်း အသက်တာသစ်၌ အသက်ရှင်လျှောက်လှမ်းကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် ခရစ်တော်၏အသေခံတော်မူခြင်းနှင့်တူညီသောသဏ္ဌာန်၌ ကိုယ်တော်နှင့်အတူပေါင်းစည်းကြသည်ဆိုလျှင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသဏ္ဌာန်ကိုလည်း ဧကန်အမှန်ဆောင်ကြလိမ့်မည်။ ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။ အဘယ်ကြောင့်ဆိုသော် သေလွန်သောသူသည် အပြစ်၏လက်မှ လွတ်မြောက်ပြီဖြစ်၏။