YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 14:1-23

ရောမ 14:1-23 Judson Bible (JBMLE)

ယုံ​ကြည်​အား​နည်း​သော သူ​တို့​ကို လက်​ခံ​ကြ​လော့။ သို့​ရာ​တွင် ယုံ​မှား​ဖွယ်​သော ပြဿ​နာ​တို့​ကို ထို​သူ​နှင့် မ​ဆွေး​နွေး​ကြ​နှင့်။ အ​စာ​အ​မျိုး​မျိုး​ကို စား​အပ်​သည်​ဟု လူ​အ​ချို့​ယုံ၏။- အား​နည်း​သော​သူ​မူ​ကား၊ ဟင်း​သီး​ဟင်း​ရွက်​ကို​သာ စား၏။- အ​မျိုး​မျိုး​ကို စား​သော​သူ​သည် မ​စား​သော​သူ​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ မ​စား​သော​သူ​သည်​လည်း၊ စား​သော​သူ​ကို မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။- သူ​တစ်​ပါး​ပိုင်​သော လူ​ကို စစ်​ကြော​စီ​ရင်​သော သင်​သည် အ​ဘယ်​သူ​နည်း။ သူ​သည် မိ​မိ​သ​ခင်​စီ​ရင်​သော​အား​ဖြင့်​သာ အ​ပြစ်​လွတ်​ခြင်း၊ အ​ပြစ်​ခံ​ခြင်း​သို့ ရောက်​ရ၏။ သူ​သည် အ​ပြစ်​လွတ်​ခြင်း​သို့ ရောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ၏​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။- နေ့​ရက်​တစ်​ရက်​ထက်​တစ်​ရက် သာ၍​မြတ်​သည်​ဟု လူ​အ​ချို့​ထင်​တတ်၏။ လူ​အ​ချို့​မ​ထင်။ လူ​တိုင်း မိ​မိ​စိတ်​သ​ဘော​ကျ​ပါ​စေ။- နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။- ငါ​တို့​တွင် အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ အ​သက်​မ​ရှင်။ အ​ဘယ်​သူ​မျှ ကိုယ်​အ​ဖို့​အ​လို​ငှာ မ​သေ။- အ​သက်​ရှင်​လျှင်၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ ရှင်၏။ သေ​လျှင်​လည်း၊ သ​ခင်​ဘု​ရား​အ​ဖို့​အ​လို​ငှာ သေ၏။ ထို​ကြောင့် အ​သင်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား​ဆိုင်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည်၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း၊ ရှင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ အ​စိုး​ရ​သော​အ​ရှင် ဖြစ်​လို​သော​ငှာ အ​သေ​ခံ၍၊ ခံ​ပြီး​မှ အ​သက်​ရှင်​ပြန်​တော်​မူ၏။ သင်​သည် ညီ​အစ်​ကို​ချင်း​ကို အ​ဘယ်​ကြောင့် စစ်​ကြော​စီ​ရင်​သ​နည်း။ ညီ​အစ်​ကို​ချင်း​ကို အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​သ​နည်း။ ငါ​တို့​ရှိ​သ​မျှ​သည် ခ​ရစ်​တော်၏ တ​ရား​ပ​လ္လင်​တော်​ရှေ့​သို့ ရောက်​ရ​ကြ​မည်။- ကျမ်း​စာ​လာ​သည်​ကား၊ ငါ​အ​သက်​ရှင်​တော်​မူ​သည် ဖြစ်၍၊ ငါ့​ရှေ့၌ လူ​တိုင်း​ဒူး​ထောက်​ရ​မည်။ ဘု​ရား​သ​ခင်​အား လူ​တိုင်း​မိ​မိ​နှုတ်​နှင့် သ​စ္စာ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။- သို့​ဖြစ်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် စစ်​ကြော​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​မည်။ ထို​ကြောင့်၊ ငါ​တို့​သည် ယ​ခု​မှ​စ၍ အ​ချင်း​ချင်း မ​စစ်​ကြော​မ​စီ​ရင်​ဘဲ နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း ထိ​မိ၍ လဲ​စ​ရာ​အ​ခွင့်၊ မှား​ယွင်း​စ​ရာ​အ​ခွင့် မ​ရှိ​စေ​မည်​အ​ကြောင်း သာ၍ စီ​ရင်​ကြ​ကုန်​အံ့။- အ​ဘယ်​အ​စာ​မျှ ပ​က​တိ​အ​တိုင်း မ​ညစ်​ညူး​ကြောင်း​ကို၊ ငါ​သည် သ​ခင်​ယေ​ရှု​ကို အ​မှီ​ပြု​လျက် သ​ဘော​ကျ၍ အ​မှန်​သိ၏။ သို့​သော်​လည်း၊ ညစ်​ညူး​သည်​ဟု အ​ကြင်​သူ​သည် ထင်၏။ ထို​သူ၌ ညစ်​ညူး၏။- သင်၏​ညီ​အစ်​ကို​သည် သင်​စား​သော အ​စာ​ကြောင့် စိတ်​နာ​ရ​လျှင်၊ သင်​သည် မေ​တ္တာ​တ​ရား​ကို မ​ကျင့်။ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ခံ​သော​သူ​ကို သင်၏​အ​စာ​အား​ဖြင့် အ​ကျိုး​မ​နည်း​စေ​နှင့်။- သင်​တို့​သည် အ​ခွင့်​ရ​သည်​အ​မှု​မှာ ကဲ့​ရဲ့​စ​ရာ အ​ကြောင်း​မ​ရှိ​စေ​နှင့်။- ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။- ထို​သို့​ကျင့်၍ ခ​ရစ်​တော်၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ နှစ်​သက်​ဖွယ်၊ လူ​တို့​တွင် ချီး​မွမ်း​ဖွယ်​ဖြစ်၏။- ထို​ကြောင့်၊ ငြိမ်​သက်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း တည်​ဆောက်​ခြင်း​နှင့်​လည်း​ကောင်း ယှဉ်​သော​အ​ရာ​တို့​ကို မီ​အောင်​လိုက်​ကြ​ကုန်​အံ့။- ဘု​ရား​သ​ခင်၏ အ​မှု​တော်​ကို သင်၏​အ​စာ​အ​လို​ငှာ မ​ဖျက်​ဆီး​နှင့်။ အ​စာ​အ​မျိုး​မျိုး​တို့​သည် စင်​ကြယ်၏။ သို့​သော်​လည်း သူ​တစ်​ပါး​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​နှင့် စား​သော​သူ​သည် အ​ပြစ်​ရှိ၏။- အ​မဲ​သား​ကို​စား​ခြင်း၊ စ​ပျစ်​ရည်​ကို​သောက်​ခြင်း​ကိ​စ္စ​မှ​စ၍၊ ညီ​အစ်​ကို​ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း၊ အား​နည်း​စ​ရာ​အ​ကြောင်း​များ​ကို ရှောင်​အပ်၏။- သင်​သည် ယုံ​ခြင်း​ရှိ​လျှင် ကိုယ်​အ​လို​အ​လျောက် ဘု​ရား​သ​ခင့်​ရှေ့၌ ရှိ​စေ​လော့။ ကိုယ်​လက်​ခံ​သော​အ​မှု​မှာ ကိုယ်​ကို​မ​စစ်​ကြော မ​စီ​ရင်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။- ယုံ​မှား​သော​သူ​သည် စား​လျှင်၊ ယုံ​သော​စိတ်​မ​ရှိ​ဘဲ စား​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယုံ​သော​စိတ်​မ​ရှိ​ဘဲ ကျင့်​သ​မျှ​သော အ​ကျင့်​တို့​သည် အ​ပြစ်​ရှိ​ကြ၏။

ရောမ 14:1-23 Common Language Bible (BCL)

ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​အား နည်း​သူ​ကို​လက်​ခံ​ကြ​လော့။ သို့​ရာ​တွင်​သူ ၏​ထင်​မြင်​ယူ​ဆ​ချက်​များ​နှင့်​ပတ်​သက်​၍ သူ​နှင့်​အ​ငြင်း​အ​ခုံ​မ​ပြု​ကြ​နှင့်။- ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​သည်​မည်​သည့်​အ​စား အ​စာ​ကို​မ​ဆို​စား​နိုင်​၏။ ယုံ​ကြည်​ခြင်း​မ​ခိုင် မာ​သူ​သည်​ဟင်း​ရွက်​ဟင်း​သီး​များ​ကို​သာ လျှင်​စား​တတ်​၏။- မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သော သူ​သည် ထို​သို့​မ​စား​တတ်​သူ​အား​အ​ထင်​မ​သေး နှင့်။ ဟင်း​သီး​ဟင်း​ရွက်​သာ​စား​တတ်​သူ​က​လည်း မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သူ ကို​ပြစ်​တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား တတ်​သူ​အား ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ ပြီး​ဖြစ်​သော​ကြောင့်​တည်း။- သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​သူ​တစ်​ပါး​၏ အ​စေ​ခံ​ကို​စစ်​ကြော​စီ​ရင်​နိုင်​သ​နည်း။ ထို အ​စေ​ခံ​၏​အ​လုပ်​သည်​ကျေ​နပ်​ဖွယ်​ဖြစ်​သည် မ​ဖြစ်​သည်​ကို​သူ​၏​သ​ခင်​က​ဆုံး​ဖြတ်​လိမ့် မည်။ သူ​၏​အ​လုပ်​ကျေ​နပ်​ဖွယ်​ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​သည် သူ့​အား​ကူ​မ​တော်​မူ​နိုင်​သော​ကြောင့်​တည်း။ လူ​အ​ချို့​တို့​က​နေ့​ရက်​တစ်​ရက်​သည်​အ​ခြား နေ့​ရက်​ထက်​ပို​၍​အ​ရေး​ကြီး​သည်​ဟု​ယူ​ဆ ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ​နေ့​ရက်​များ အား​လုံး​ပင်​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ ကြ​သည်။ သူ​တို့​သည်​မည်​သို့​ပင်​ယူ​ဆ​စေ ကာ​မူ မိ​မိ​တို့​မှန်​ကန်​သည်​ဟု​စိတ်​ချ​ယုံ ကြည်​စိတ်​ရှိ​ကြ​ရ​မည်။- နေ့​ထူး​နေ့​မြတ်​ကို​စောင့်​ထိန်း​သူ​သည်​သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စောင့်​ထိန်း​ခြင်း​ဖြစ်​၏။ မည်​သည့်​အ​စား​အ​စာ များ​ကို​မ​ဆို​စား​တတ်​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စား​ခြင်း​ဖြစ်​သည်။ သူ​သည်​လည်း​ထို​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သည်။ အ​ချို့​သော​အ​စား အ​စာ​ကို​ရှောင်​ကြဉ်​သော​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် ရှောင်​ကြဉ်​ခြင်း​ဖြစ်​၏။ သူ​သည်​လည်း​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း သည်။- ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။- ငါ​တို့​အ​သက်​ရှင်​လျှင်​သ​ခင်​ဘု​ရား​၏ အ​တွက်​ဖြစ်​၍​သေ​လျှင်​လည်း သ​ခင်​ဘု​ရား ၏​အ​တွက်​ဖြစ်​၏။ ထို့​ကြောင့်​ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​ရာ​ဖြစ်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။- ထို့​ကြောင့်​သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​၏​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​ကို​စစ်​ကြော စီ​ရင်​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​အား အ​ထင်​သေး​ကြ​သ​နည်း။ ငါ​တို့​အား​လုံး​ပင် တ​ရား​စီ​ရင်​ခံ​ရ​ရန်​ဘု​ရား​သ​ခင်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ကြ​ရ​မည်။- ကျမ်း​စာ​တော်​တွင်၊ ``ဘု​ရား​ရှင်​မိန့်​တော်​မူ​သည်​ကား`ငါ​သည် အ​သက်​ရှင်​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​အ​တိုင်း ငါ​၏​ရှေ့​၌​လူ​တိုင်း​ပျပ်​ဝပ်​ရ​လိမ့်​မည်။ ငါ​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း ဝန်​ခံ​ရ​လိမ့်​မည်' '' ဟူ​၍​ဆို​သည်။- သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မိ​မိ​တို့​ပြု​ခဲ့ သ​မျှ​ကို ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ကြ ရ​မည်။ ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။- အ​ဘယ်​အ​စား​အ​စာ​မျှ​ပ​က​တိ​အား​ဖြင့် မ​ညစ်​ညမ်း​ကြောင်း​ကို​ငါ​သည်​သ​ခင်​ယေ​ရှု ကို​အ​မှီ​ပြု​လျက်​အ​သေ​အ​ချာ​သိ​၏။ သို့ သော်​လည်း​အ​စား​အ​စာ​သည်​ညစ်​ညမ်း​သည် ဟု​ယုံ​ကြည်​လျှင်​ယုံ​ကြည်​သူ​အ​ဖို့​သာ​ညစ် ညမ်း​၏။- အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။- သင်​တို့​ကောင်း​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​သည် ကဲ့​ရဲ့​စ​ရာ​မ​ဖြစ်​စေ​နှင့်။- ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။- ဤ​နည်း​အား​ဖြင့်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​သူ​အား​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ လူ​တို့​လည်း​ချီး​မွမ်း​ကြ​၏။ သို့​ဖြစ်​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​မှု​ကို​ပြု​စု ပေး​မည့်​အ​ရာ​များ​နှင့်​တစ်​ယောက်​ကို​တစ် ယောက် ဝိ​ညာဉ်​ခွန်​အား​ပြည့်​စေ​မည့်​အ​ရာ များ​ကို​အ​မြဲ​ကြိုး​စား​ပြု​လုပ်​ကြ​ရ​မည်။- အ​စား​အ​စာ​တစ်​စုံ​တစ်​ရာ​စား​သောက်​မှု အ​တွက်​ကြောင့်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သူ​ကို​အ​ကျိုး​မ​နည်း​စေ​နှင့်။ အ​စား​အ​စာ မှန်​သ​မျှ​သည်​စား​သင့်​သော​အ​ရာ​ဖြစ်​သော် လည်း​ထို​အ​စား​အ​စာ​များ​ကို​စား​သုံး ခြင်း​ဖြင့်​သူ​တစ်​ပါး​တို့​အား​မှောက်​မှား စေ​သူ​၌​အ​ဆိုး​ဖြစ်​၏။- အ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​စ သော​သင့်​ညီ​အစ်​ကို​အား​တိုက်​လဲ​စေ​ရန် မည်​သည်​ကို​မျှ​မ​ပြု​သင့်။- ဤ​ကိစ္စ​များ​နှင့်​ပတ်​သက်​၍​သင်​မည်​သို့​ပြု​မူ သည်​မှာ​သင်​နှင့်​ဘု​ရား​သ​ခင်​သာ​သက်​ဆိုင် ၏။ မိ​မိ​မှန်​ကန်​သည်​ဟု​ယုံ​ကြည်​သည့်​အ​တိုင်း ဆောင်​ရွက်​၍​သြတ္တပ္ပ​စိတ်​ကြည်​လင်​သူ​သည် မင်္ဂလာ​ရှိ​၏။- သို့​ရာ​တွင်​သံ​သ​ယ​ရှိ​သော​စိတ်​နှင့်​အ​စား အ​စာ​တစ်​စုံ​တစ်​ရာ​ကို​စား​သုံး​သော​သူ​အား ဘု​ရား​သ​ခင်​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယုံ​ကြည်​မှု​ပေါ်​၌ တည်​၍​မ​ပြု​သော​ကြောင့်​ဖြစ်​၏။ ယုံ​ကြည်​မှု ပေါ်​၌​မ​တည်​ဘဲ​ပြု​လေ​သ​မျှ​သည်​အ​ပြစ် ဖြစ်​၏။

ရောမ 14:1-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုံကြည်​ခြင်း​အားနည်း​သော​သူ​ကို လက်ခံ​ကြ​လော့။ သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​ဝေဖန်​ကြ​နှင့်။ အချို့​သော​သူ​သည် အစားအစာ​အားလုံး​ကို​စား​၍​ရ​သည်​ဟု ယုံကြည်​၏။ အားနည်း​သော​သူ​မူကား ဟင်းသီးဟင်းရွက်​ကို​သာ​စား​၏။ စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။ သင်​သည် မည်သူ​ဖြစ်​၍ သူတစ်ပါး​၏​အစေခံ​ကို စီရင်​သနည်း။ ထို​သူ​ရပ်​သည်​ဖြစ်စေ၊ လဲ​သည်​ဖြစ်စေ သူ့​သခင်​နှင့်ဆိုင်​၏။ သို့ရာတွင် သူ​သည်​ရပ်​လိမ့်မည်။ အကြောင်းမူကား သခင်​ဘုရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်မူ​၏။ အချို့​သော​သူ​သည် နေ့ရက်​တစ်​ရက်​ကို အခြား​နေ့ရက်​ထက် ပို၍​မြတ်​သည်​ဟု​ယူဆ​၏။ အချို့​မူကား နေ့ရက်​အားလုံး​အတူတူ​ဖြစ်​သည်​ဟု​ယူဆ​၏။ လူ​တိုင်း မိမိ​တို့​ယူဆ​ထား​သော​အရာ​အပေါ် စိတ်နှလုံး​ထဲ၌ အပြည့်အဝ​ယုံကြည်​ပါစေ။ နေ့ရက်​ကို​စောင့်ထိန်း​သော​သူ​သည် သခင်​ဘုရား​အတွက်​စောင့်ထိန်း​၏။ စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​စား​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ မ​စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​မ​စား​ဘဲ​နေ​၍ ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ ငါ​တို့​တွင် ကိုယ့်​အတွက်​အသက်ရှင်​သော​သူ တစ်ယောက်မျှ​မ​ရှိ။ ကိုယ့်​အတွက်​သေ​သော​သူ​လည်း တစ်ယောက်မျှ​မ​ရှိ။ အကြောင်းမူကား ငါ​တို့​သည် အသက်ရှင်​လျှင် သခင်​ဘုရား​အတွက်​အသက်ရှင်​၍ သေ​လျှင် သခင်​ဘုရား​အတွက်​သေ​၏။ ထို့ကြောင့် ငါ​တို့​သည် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ သခင်​ဘုရား​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် သေလွန်​သော​သူ​တို့​နှင့်​အသက်ရှင်​သော​သူ​တို့​၏​အရှင်​သခင်​ဖြစ်​ရန်​အတွက် အသေခံ​တော်မူ​ပြီးနောက် အသက်​ပြန်​ရှင်​တော်မူ​၏။ သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် သင့်​ညီအစ်ကို​ကို စီရင်​သနည်း။ အဘယ်ကြောင့် သင့်​ညီအစ်ကို​ကို မထီမဲ့မြင်​ပြု​သနည်း။ ငါ​တို့​အားလုံး​သည် ဘုရားသခင်​၏​တရားပလ္လင်​တော်​ရှေ့၌ ရပ်​ကြ​ရ​လိမ့်မည်။ အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ ငါ​သည် အသက်ရှင်​သည်​ဖြစ်၍ လူ​တိုင်း ငါ့​ရှေ့၌ ဒူး​ထောက်​လိမ့်မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​လိမ့်မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။ သို့ဖြစ်၍ ငါ​တို့​တစ်ဦးစီ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိမိ​အကြောင်း​ကို မိမိ​ဖြေရှင်း​ရ​လိမ့်မည်။ ထို့ကြောင့် ငါ​တို့​သည် နောက်ထပ် အချင်းချင်း​မ​စီရင်​ဘဲ​နေ​ကြ​ကုန်စို့။ ထိုမျှမက ညီအစ်ကို​အတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်း​စေ​သော​အရာ​ကို​မ​ထား​ရန် စီရင်​ကြ​လော့။ ပကတိ​အလျောက် မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဟု သခင်​ယေရှု​၌ ငါ​အမှန်​သိ​လျက် ယုံကြည်​စိတ်ချ​၏။ သို့သော် တစ်စုံတစ်ရာ​ကို​မစင်ကြယ်​ဟု မှတ်ယူ​သော​သူ​အတွက် ထို​အရာ​သည်​မစင်ကြယ်။ အစားအစာ​ကြောင့် သင်​၏​ညီအစ်ကို​ကို ဝမ်းနည်း​စေ​လျှင် သင်​သည် မေတ္တာ​ဖြင့် အသက်ရှင်​လျှောက်လှမ်း​သည်​မ​ဟုတ်​တော့​ပေ။ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​တော်မူ​သော သင့်​ညီအစ်ကို​ကို သင်​၏​အစားအစာ​ကြောင့် မ​ပျက်စီး​စေ​နှင့်။ သင်​တို့​အတွက်​ကောင်း​သော​အရာ​ကို​လည်း ပြစ်တင်​ပြောဆို​စရာ​မ​ဖြစ်​စေ​ကြ​နှင့်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စား​ခြင်း၊ သောက်​ခြင်း​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ခံစား​ရ​သော ငြိမ်သက်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် ဝမ်းမြောက်​ခြင်း​ဖြစ်​၏။ ထို့ကြောင့် ဤ​နည်း​ဖြင့် ခရစ်တော်​ကို​အစေခံ​သော​သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့၌ ယုံကြည်​စိတ်ချ​ရ​သူ​ဖြစ်​၏။ သို့ဖြစ်၍ ငြိမ်သက်​ခြင်း​ကို​ဖြစ်စေ​သော​အမှုအရာ​များ​နှင့် အချင်းချင်း​တည်ဆောက်​မြှင့်တင်​ပေး​သော​အမှုအရာ​များ​ကို ကြိုးစား​ပြု​ကြ​ကုန်စို့။ အစားအစာ​ကြောင့် ဘုရားသခင်​၏​အမှု​တော်​ကို မ​ဖျက်ဆီး​နှင့်။ အမှန်စင်စစ် အရာ​ခပ်သိမ်း​တို့​သည် စင်ကြယ်​၏။ သို့သော် တစ်စုံတစ်ဦး​၏​စားသုံး​ခြင်း​သည် သူတစ်ပါး​အတွက်​ခလုတ်တံသင်း​ဖြစ်​လျှင် ထို​အမှုအရာ​သည် အပြစ်​ဖြစ်​၏။ အသား​ကို​မ​စား၊ စပျစ်​ဝိုင်​ကို​မ​သောက်၊ သင့်​ညီအစ်ကို​အား ခလုတ်တိုက်​စေ​သော​အရာ​ကို​လည်း မ​ပြု​ဘဲ​နေ​လျှင် ကောင်း​၏။ သင်​သည် မိမိ​၌​ရှိ​သော​ယုံကြည်​ခြင်း​ကို ဘုရားသခင်​၏​ရှေ့​တော်​၌​သာ​ရှိ​စေ​လော့။ မှန်​သည်​ဟု​လက်ခံ​ထား​သော​အမှုအရာ​၌ မိမိ​၏​ဩတ္တပ္ပစိတ်​ကြည်လင်​သော​သူ​သည် မင်္ဂလာရှိ​၏။ သို့သော် သံသယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​သော အမှုအရာ​အားလုံး​သည် အပြစ်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။