ရောမ 13:1-14
ရောမ 13:1-14 Judson Bible (JBMLE)
အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက် မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာ ဖြစ်သတည်း။- ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။- မင်းမူကား၊ ကောင်းသောအကျင့်ကိုကျင့်သောသူ ကြောက်ဖို့ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူ ကြောက်ဖို့၏။ မင်းအာဏာကို မကြောက်ဘဲ နေချင်သလော။ ကောင်းသောအကျင့်ကို ကျင့်လော့။ ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကို ခံရလိမ့်မည်။- မင်းသည်ကား၊ သင်၏အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်း ရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီး ဓားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။- ထိုကြောင့်၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ်။ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက်၍ ဝန်ခံရမည်။- ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့။ မင်းတို့သည် ဘုရားသခင်၏ အမှုစောင့်ဖြစ်၍၊ အမှုတော်ကို အမြဲထမ်းကြ၏။- ထိုကြောင့်၊ လူအသီးအသီး ခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကိုခံထိုက်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ကို ခံထိုက်သောသူအား အကောက်ကို လည်းကောင်း ပေးကြလော့။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သောသူကို ရိုသေကြလော့။ အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။- အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။- ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။ ထိုမှတစ်ပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက်၌နီးသည်ထက် ယခုသာ၍ နီးသောကြောင့်လည်းကောင်း၊- ညအချိန်ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်လည်းကောင်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။- ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။- သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှာ မကြံစည်ကြနှင့်။
ရောမ 13:1-14 Common Language Bible (BCL)
လူတိုင်းပင်အစိုးရမင်းတို့၏အမိန့်အာဏာ ကိုလိုက်နာကြရမည်။ အဘယ်အစိုးရမျှ ဘုရားသခင်၏ခွင့်ပြုချက်မရဘဲမရပ် မတည်နိုင်။ အာဏာရအစိုးရမင်းသည် ဘုရားသခင်၏ခွင့်ပြုချက်ရ၍သာအုပ်စိုး ရ၏။- မည်သူမဆိုအာဏာရအစိုးရမင်းကို ဆန့်ကျင်ဘက်ပြုသူသည် ဘုရားသခင်စီမံ ခန့်ခွဲတော်မူချက်ကိုဆန့်ကျင်ဘက်ပြုသူ ဖြစ်၏။ ထိုသူသည်အပြစ်စီရင်ခြင်းကို ခံရမည်။- အကျင့်ကောင်းသူသည်အစိုးရမင်းကိုကြောက် နေစရာမလို။ ဆိုးညစ်မှုကိုပြုကျင့်သူသာလျှင် ကြောက်စရာလို၏။ သင်သည်အာဏာရှိသူကို မကြောက်ဘဲနေလိုလျှင်အကျင့်ကောင်းကိုပြု ကျင့်လော့။ သို့ပြုလျှင်သူသည်သင့်ကိုချီးမွမ်း လိမ့်မည်။- အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။- သို့ဖြစ်၍သင်သည်ဘုရားသခင်အပြစ်ဒဏ် ခတ်တော်မူမည်ကိုကြောက်သောကြောင့်သာ မက မိမိသြတ္တပ္ပစိတ်ကြည်လင်မှုကိုထောက် ၍လည်းအစိုးရမင်း၏အမိန့်အာဏာကို လိုက်နာရမည်။ ဤအကြောင်းကြောင့်သင်တို့သည်အခွန်ကိုပေး ရ၏။ အဘယ်ကြောင့်ဆိုသော်အစိုးရမင်းသည် မိမိ၏တာဝန်ဝတ္တရားများကိုထမ်းဆောင်သော အခါ၌ ဘုရားသခင်၏အမှုတော်ကိုထမ်း ဆောင်သောကြောင့်တည်း။- သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။ အချင်းချင်းထံမေတ္တာကြွေးမှတစ်ပါးအဘယ် ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးအားချစ် သောသူသည်ပညတ်တရားကိုစောင့်ထိန်း သူဖြစ်၏။- အဘယ်ကြောင့်ဆိုသော် ``အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့'' ဟူသောပညတ်သည် ``သူ့ အိမ်ရာကိုမပြစ်မှားနှင့်၊ လူ့အသက်ကိုမ သတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ် မက်လိုချင်သောစိတ်မရှိနှင့်'' ဟူသောပညတ် များနှင့်အခြားပညတ်ရှိသမျှ၏အချုပ် ဖြစ်သောကြောင့်တည်း။- အိမ်နီးချင်းကိုချစ်သောသူသည်အိမ်နီးချင်း အား မည်သည့်အခါ၌မျှအကျိုးယုတ်စေလိမ့် မည်မဟုတ်။ သို့ဖြစ်၍အိမ်နီးချင်းကိုချစ်သော သူသည်ပညတ်တရားအားလုံးကိုစောင့်ထိန်း ရာရောက်၏။ သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။- ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။- ငါတို့သည်အလင်းတွင်ကျင်လည်သူများ ကဲ့သို့ကောင်းမွန်လျောက်ပတ်စွာပြုမူကျင့်ကြံ ကြရမည်။ အရက်သေစာသောက်ကြူးခြင်း၊ အကျင့်ဖောက်ပြားခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့်မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြရမည်။- အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
ရောမ 13:1-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။ ထို့ကြောင့် အာဏာပိုင်ကိုဆန့်ကျင်သောသူသည် ဘုရားသခင်၏ပြဋ္ဌာန်းတော်မူချက်ကို ဆန့်ကျင်ရာရောက်၏။ ထိုသို့ဆန့်ကျင်သောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ကိုယ်တိုင်ခံရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်သူများသည် ကောင်းသောအမှုကိုပြုသောသူအတွက် ကြောက်စရာမဟုတ်ဘဲ မကောင်းသောအမှုကိုပြုသောသူအတွက်သာ ကြောက်စရာဖြစ်၏။ သင်သည် အာဏာပိုင်ကိုမကြောက်ဘဲနေလိုလျှင် ကောင်းသောအမှုကိုပြုလော့။ ထိုသို့ပြုလျှင် သူ၏ချီးမွမ်းခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။ သို့ဖြစ်၍ အမျက်တော်ကြောင့်သာမဟုတ်ဘဲ အသိစိတ်အတွက်ကြောင့်လည်း နာခံရမည်။ ဤအကြောင်းကြောင့် အခွန်များကိုလည်း သင်တို့ပေးဆောင်ကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏အမှုကိုထမ်းဆောင်သူများဖြစ်ကြပြီး ထိုအမှုကို အစဉ်တစိုက်ဆောင်ရွက်နေကြ၏။ သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။ အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကိုပြည့်စုံစေပြီ။ အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ တပ်မက်သောစိတ်မရှိရ”ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။ ချစ်ခြင်းမေတ္တာသည် ကိုယ့်ဝန်းကျင်၌ရှိသောသူအပေါ် မကောင်းသောအမှုကိုမပြုတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာဖြစ်၏။ သင်တို့သည် အချိန်အခါကိုသိကြ၏။ သင်တို့အိပ်ပျော်ရာမှ နိုးထရမည့်အချိန်နာရီရောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ငါတို့၏ကယ်တင်ခြင်းသည် ငါတို့စတင်ယုံကြည်ချိန်ကထက် ပို၍နီးကပ်လာပြီဖြစ်၏။ ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။ အပျော်ကြူးခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌လည်းကောင်း၊ ကိလေသာရှုပ်ထွေးခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့၌လည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့်မနာလိုခြင်းတို့၌လည်းကောင်း မကျင်လည်ကြဘဲ နေ့အချိန်၌လျှောက်လှမ်းသကဲ့သို့ တင့်တယ်လျောက်ပတ်စွာ အသက်ရှင်လျှောက်လှမ်းကြကုန်စို့။ သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။