ဗျာဒိတ် 9:13-21
ဗျာဒိတ် 9:13-21 Judson Bible (JBMLE)
ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့် ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက ထွက်သောအသံကား၊- ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဋ္ဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။- ထိုအခါ လူသုံးစုတစ်စုကို အသေသတ်ခြင်းငှာ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်အဖို့ ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။- မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။ ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကိုလည်းကောင်း၊ ကန့်၊ မီး၊ ဝှါကိန္သုကျောက်နှင့်ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။- သူတို့၏ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစ်စု သေကြ၏။- အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌လည်းကောင်း၊ အမြီး၌လည်းကောင်း တည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဥ်းဆဲတတ်ကြ၏။- ထိုဘေးဒဏ်ကြောင့် မသေဘဲ ကြွင်းသောလူတို့သည် နတ်တို့ကိုလည်းကောင်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကိုလည်းကောင်း မကိုးကွယ်ဘဲ နေခြင်းငှာ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။- ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ အမှုများကိုလည်း နောင်တမရဘဲ နေကြ၏။
ဗျာဒိတ် 9:13-21 Common Language Bible (BCL)
ထိုနောက်ဆဋ္ဌမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ ရှိသောရွှေယဇ်ပလ္လင်၏ထောင့်လေးထောင့်မှထွက် လာသောအသံကိုငါကြားရ၏။- ထိုအသံကဆဋ္ဌမကောင်းကင်တမန်အား``ဥ ဖရတ်မြစ်ကြီးအနီးမှာချည်နှောင်ထားသော ကောင်းကင်တမန်လေးပါးကိုဖြေလွှတ်လော့'' ဟုဆို၏။- ထိုကောင်းကင်တမန်လေးပါးတို့သည်အနှောင် အဖွဲ့မှလွတ်မြောက်၍သွားကြ၏။ သူတို့သည် ဤမည်သောနှစ်၊ လ၊ နေ့ရက်၊ အချိန်နာရီ၌ကမ္ဘာ ၏လူဦးရေသုံးပုံတစ်ပုံကိုသုတ်သင်ပစ်ရန် အတွက်အသင့်ရှိနေသူများဖြစ်ကြ၏။- မြင်းစီးသူရဲများ၏အရေအတွက်မှာကုဋေ နှစ်ဆယ်ရှိကြောင်းကိုငါကြားသိရ၏။- ဗျာဒိတ်ရူပါရုံ၌မြင်းစီးသူရဲများသည်ကန့် ရောင်၊ အပြာရောင်၊ မီးလျှံရောင်ရှိသောရင်အုပ် တန်ဆာများကိုဝတ်ဆင်ထားကြသည်ကိုငါ မြင်ရ၏။ မြင်းတို့၏ဦးခေါင်းများသည်ခြင်္သေ့ ဦးခေါင်းများနှင့်တူ၏။ သူတို့၏ခံတွင်းမှမီး လျှံ၊ မီးခိုး၊ ကန့်များထွက်လာ၏။- ယင်းသို့ခံတွင်းမှထွက်သည့်မီးလျှံ၊ မီးခိုး၊ ကန့်တည်းဟူသောဘေးသုံးပါးကြောင့်ကမ္ဘာ လူဦးရေသုံးပုံတစ်ပုံသေကြကုန်၏။- မြင်းတို့၏တန်ခိုးစွမ်းရည်သည်သူတို့၏ခံတွင်း နှင့်အမြီးတွင်ရှိ၏။ သူတို့၏အမြီးများသည် မြွေများနှင့်တူ၏။ ထိုအမြီးများတွင်ဦးခေါင်း များပေါက်လျက်ယင်းအမြီးများဖြင့်လူတို့ အားအန္တရာယ်ပြုကြ၏။ ဤဘေးဒဏ်ဖြင့်မသေဘဲကျန်ရှိနေသောသူတို့ သည်နောင်တမရကြ။ မိမိတို့လက်ဖြင့်ပြုလုပ် သည့်ဘုရားများကိုမစွန့်လွှတ်ကြ။ နတ်မိစ္ဆာ များကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မရှားနိုင်သောရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သားစသည်ဖြင့်ပြီးသောရုပ်တုများကိုလည်း ကောင်းကိုးကွယ်လျက်ပင်ရှိနေကြသေး၏။- လူအသက်ကိုသတ်ခြင်း၊ စုန်းနတ်ပြုစားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာခိုးခြင်း အပြစ်များအတွက်လည်းနောင်တမရကြ။
ဗျာဒိတ် 9:13-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးချောင်းထံမှ ထွက်လာသောအသံက ထိုတံပိုးခရာရှိသောဆဋ္ဌမကောင်းကင်တမန်အား “ကြီးမားသောယူဖရေးတီးမြစ်နားမှာ ချည်နှောင်ထားသောကောင်းကင်တမန်လေးပါးတို့ကို ဖြေလွှတ်လိုက်လော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။ မြင်းစီးသူရဲတို့၏အရေအတွက်မှာ သန်းပေါင်းနှစ်ရာဖြစ်၏။ သူတို့၏အရေအတွက်ကို ငါကြားရ၏။ ဗျာဒိတ်ရူပါရုံ၌ ငါမြင်ရသော မြင်းတို့နှင့်မြင်းစီးသူရဲတို့မှာ ဤသို့ဖြစ်၏။ မြင်းစီးသူရဲတို့၌ မီးလျှံရောင်၊ နက်ပြာရောင်နှင့် ကန့်ကဲ့သို့ဝါသော ရင်အုပ်တန်ဆာများရှိကြ၏။ မြင်းတို့၏ဦးခေါင်းသည် ခြင်္သေ့၏ဦးခေါင်းနှင့်တူ၍ သူတို့၏ခံတွင်းထဲမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်နေကြ၏။ သူတို့၏ခံတွင်းထဲမှထွက်သည့် မီးလျှံ၊ မီးခိုးနှင့် ကန့်တည်းဟူသော ဤဘေးဒဏ်သုံးပါးတို့ကြောင့် လူသားသုံးပုံတစ်ပုံသေကြ၏။ မြင်းတို့၏အစွမ်းသည် သူတို့၏ခံတွင်းနှင့်အမြီးတို့၌ရှိ၏။ သူတို့၏အမြီးသည် မြွေနှင့်တူပြီး ဦးခေါင်းရှိ၍ ထိုဦးခေါင်းအားဖြင့် လူတို့အားဘေးသင့်စေ၏။ ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။ မိမိတို့ပြုခဲ့သော လူသတ်ခြင်း၊ ပြုစားခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ခိုးယူခြင်းတို့အတွက်လည်း နောင်တမရဘဲနေကြ၏။