ဗျာဒိတ် 6:1-8
ဗျာဒိတ် 6:1-8 Judson Bible (JBMLE)
သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တစ်ချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုးကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တစ်ပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏။ ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ဓားကြီးကို ပေးတော်မူ၏။ တတိယတံဆိပ်ကိုညဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစ်စီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။- သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်ဟု ဆိုသည်ကိုငါကြား၏။ စတုတ္ထတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္ထသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။- ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစ်စီးရှိ၏။ မြင်းစီးသောသူသည် မရဏဟူသောအမည်ရှိ၏။ မရဏနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစ်စိတ်ကို အစိုးရ၍ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။
ဗျာဒိတ် 6:1-8 Common Language Bible (BCL)
ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။- ငါကြည့်လိုက်သောအခါမြင်းဖြူတစ်ကောင် ကိုတွေ့ရ၏။ မြင်းစီးသူရဲသည်လေးကိုကိုင် ထား၏။ သရဖူကိုခံယူရရှိထား၏။ သူ သည်အောင်ပွဲခံပြီးသောသူအနေဖြင့်ဆက် လက်အောင်ပွဲခံရန်ထွက်ခွာသွား၏။ သိုးသူငယ်တော်သည်ဒုတိယတံဆိပ်ကိုဖွင့် လိုက်သောအခါ ဒုတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။- ထိုနောက်မြင်းနီတစ်ကောင်ထွက်လာ၏။ လူတို့ သည်အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြစေရန်မြင်းစီးသူရဲအား ဤ လောကတွင်စစ်မက်ဖြစ်ပွားစေနိုင်သည့်တန်ခိုး ကိုပေးအပ်ထား၏။ ဋ္ဌားကြီးတစ်လက်ကိုသူ့ အားပေးထား၏။ သိုးသူငယ်တော်သည်တတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။ ငါကြည့်လိုက်သော အခါမြင်းနက်တစ်ကောင်ကိုတွေ့ရ၏။ မြင်းစီး သူရဲသည်ချိန်ခွင်ကိုကိုင်ထား၏။- သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာ သည်ဟုထင်ရသောအသံတစ်ခုကိုငါကြား ရ၏။ ထိုအသံက``ဂျုံဆန်တစ်ခွက်ကိုတစ်နေ့ စာလုပ်အားခပေးရ၏။ သို့ရာတွင်သံလွင် ဥယျာဉ်နှင့်စပျစ်ဥယျာဉ်များကိုမဖျက် ဆီးကြနှင့်'' ဟုဆို၏။ သိုးသူငယ်တော်သည်စတုတ္ထချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ စတုတ္ထသတ္တဝါ၏အသံကို ငါကြားရ၏။ ထိုသတ္တဝါက``လာလော့'' ဟု ဆို၏။- ငါကြည့်လိုက်သောအခါမြင်းမွဲတစ်ကောင်ကို တွေ့ရ၏။ မြင်းစီးသူရဲ၏နာမည်မှာသေမင်း ဖြစ်၏။ သူ၏နောက်မှမရဏာနိုင်ငံလိုက်ပါ လာ၏။ သူတို့သည်ကမ္ဘာမြေကြီး၏လေးပုံတစ် ပုံတွင်ရှိသောလူတို့အားဋ္ဌားဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေး၊ သားရဲ တိရစ္ဆာန်များ၏ဘေးတို့ဖြင့်သေစေနိုင်သည့် အခွင့်အာဏာကိုရရှိထားကြ၏။
ဗျာဒိတ် 6:1-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုထဲမှ တစ်ခုကိုဖွင့်သောအခါ ငါကြည့်လျှင် သတ္တဝါလေးပါးတို့ထဲမှတစ်ပါးက မိုးချုန်းသံကဲ့သို့သောအသံဖြင့် “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာ မြင်းဖြူတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူ၌ လေးတစ်လက်ပါ၏။ သူသည် သရဖူတစ်ခုကိုရရှိပြီး အောင်မြင်ခြင်းအပေါ်၌ ဆက်၍အောင်မြင်ရန် ထွက်ခွာသွား၏။ သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကိုဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ နီရဲသောအခြားမြင်းတစ်ကောင်ထွက်လာ၏။ ထိုမြင်းပေါ်တွင်စီးသောသူသည် လူတို့အား အချင်းချင်းသတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုကိုရုပ်သိမ်းရသောအခွင့်ကိုရရှိ၏။ ကြီးမားသောဓားတစ်လက်ကိုလည်း သူ့အားပေးလေ၏။ သိုးသငယ်တော်သည် တတိယတံဆိပ်ကိုဖွင့်သောအခါ တတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် မိမိလက်၌ ချိန်ခွင်ကို ကိုင်ထား၏။ ထို့နောက် သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာသော စကားသံနှင့်တူသည့်အသံက “ဂျုံဆန်တစ်ခွက်လျှင် ဒေနာရိတစ်ပြား၊ မုယောဆန်သုံးခွက်လျှင်လည်း ဒေနာရိတစ်ပြားဖြစ်၏။ ဆီနှင့်စပျစ်ဝိုင်ကို မပျက်စေနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။ သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့”ဟု ဆိုသည့်အသံကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။