YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 96:1-13

ဆာလံ 96:1-13 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို၍၊ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။ ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ် ဖြစ်​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​ရှိ​သ​မျှ​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ၏။ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် ရှေ့​တော်၌​ရှိ၏။ အ​စွမ်း​သ​တ္တိ​နှင့် ဂုဏ်​အ​သ​ရေ​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ၏။ လူ​အ​မျိုး​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​လျက် တံ​တိုင်း​တော်​သို့​ဝင်​ကြ​လော့။ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ​ခြင်း​ရှိ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​စိုး​စံ​တော်​မူ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဟော​ပြော​ကြ​လော့။ လော​က​ဓာတ်​သည် မ​လှုပ်​ရှား​နိုင်​အောင် မြဲ​မြံ​စွာ​တည်​လိမ့်​မည်။ လူ​များ​ကို ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။ ကောင်း​ကင်​သည် ဝမ်း​မြောက်​ခြင်း​ရှိ​စေ။ မြေ​ကြီး​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​စေ။ ပင်​လယ်​နှင့် ပင်​လယ်​တန်​ဆာ​သည် အ​သံ​ဗ​လံ​ကို​ပြု​စေ။ လယ်​ပြင်​နှင့် လယ်​ပြင်၌​ရှိ​သ​မျှ​သည်​လည်း ဝမ်း​မြောက်​စေ။ ထို​အ​ခါ တော၌​ရှိ​သ​မျှ​သော​အ​ပင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ၏။ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း၊ လူ​များ​ကို သ​စ္စာ​တော်​နှင့်​လည်း​ကောင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။

ဆာလံ 96:1-13 Common Language Bible (BCL)

သီ​ချင်း​သစ်​ကို​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့။ သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း​ပြော​ကြား​ကြ​လော့။ လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော်​တို့​ကို လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​သည် ဖြစ်​၍ အ​လွန်​ပင်​ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​တော် မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ရို​သေ​ခြင်း​ကို​ခံ​ထိုက်​တော်​မူ​၏။ အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၏။ ဘုန်း​တော်​နှင့်​ဂုဏ်​တော်​သည်​ကိုယ်​တော်​ကို ခြံ​ရံ​လျက်​ရှိ​၏။ တန်​ခိုး​တော်​နှင့်​ဂုဏ်​ကြက်​သ​ရေ​တော်​သည် ဗိ​မာန်​တော်​၌​တည်​လျက်​ရှိ​၏။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​ကြီး​သော​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင်​၍​ကိုယ်​တော်​၏ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌​ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​လှုပ်​ရှား​၍​မ​ရ နိုင်​ရာ။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟူ​၍ လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။ အ​ချင်း​ကုန်း​မြေ​နှင့်​ကောင်း​ကင်​တို့၊ရွှင်​လန်း ဝမ်း​မြောက်​ကြ​လော့။ အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​ရှိ သတ္တဝါ​အ​ပေါင်း​တို့၊အ​သံ​ကျယ်​စွာ ကြွေး​ကြော်​ကြ​လော့။ အ​ချင်း​လယ်​ပြင်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ သော အ​ရာ​တို့၊ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ တော​၌​ရှိ​သော​သစ်​ပင်​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။

ဆာလံ 96:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ သီကျူး​ကြ​လော့​။ ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်းမြတ်​သော​သတင်း​ကို တစ်​နေ့​ပြီး​တစ်​နေ့ ဟောပြော​ကြ​လော့​။ ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို တိုင်းနိုင်ငံ​တို့​အလယ်​၌​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို လူမျိုး​အပေါင်း​တို့​အလယ်​၌​လည်းကောင်း ပြောကြား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ကိုယ်တော်​သည် ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ်​ကောင်း​လှ​၏​။ အကယ်စင်စစ် လူမျိုးခြား​တို့​၏​ဘုရား​ရှိသမျှ​တို့​သည် ရုပ်တု​များ​သာ​ဖြစ်​ကြ​၏​။ ထာဝရဘုရား​မူကား ကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​၏​။ ဘုန်းကျက်သရေ​နှင့်​ဘုန်းအာနုဘော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။ အစွမ်းတန်ခိုး​နှင့်​ဂုဏ်ကျက်သရေ​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌​ရှိ​၏​။ လူမျိုး​တို့​၏​မျိုးနွယ်စု​တို့​၊ ထာဝရဘုရား​ကို​သိမှတ်ဝန်ခံ​ကြ​လော့​။ ထာဝရဘုရား​၌ ဘုန်းအသရေ​နှင့်​အစွမ်းတန်ခိုး​ရှိ​ကြောင်း သိမှတ်ဝန်ခံ​ကြ​လော့​။ ထာဝရဘုရား​၏​နာမ​တော်​သည် ဘုန်းကြီး​တော်မူ​သည်​ဟု သိမှတ်ဝန်ခံ​ကြ​လော့​။ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​၍ ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​သို့ ဝင်​ကြ​လော့​။ သန့်ရှင်း​ခြင်း​အသရေ​တော်​နှင့်​ပြည့်စုံ​သော​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။ “​ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​”​ဟု လူမျိုးတကာ​တို့​အလယ်​၌ ပြောဆို​ကြ​လော့​။ ကမ္ဘာမြေကြီး​ကို မ​လှုပ်ရှား​နိုင်​အောင် တည်ထား​တော်မူ​၏​။ ကိုယ်တော်​သည် လူ​တို့​ကို သမာသမတ်​ရှိ​စွာ စစ်ကြောစီရင်​တော်မူ​လိမ့်မည်​။ မိုးကောင်းကင် ဝမ်းမြောက်​ပါစေ​။ ကမ္ဘာမြေကြီး ရွှင်လန်း​ပါစေ​။ ပင်လယ်​နှင့် ပင်လယ်​ထဲရှိ​အရာ​အားလုံး​တို့​လည်း မြည်ဟည်း​ကြ​ပါစေ​။ ကွင်းပြင်​နှင့် ကွင်းပြင်​ရှိ​အရာ​အားလုံး ရွှင်မြူး​ကြ​ပါစေ​။ ထိုအခါ တော​သစ်ပင်​အားလုံး ထာဝရဘုရား​၏​ရှေ့​တော်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​တို့​ကို မိမိ​၏​သစ္စာ​တော်​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။