YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 96:1-13

ဆာလံကျမ်း 96:1-13 MSBU

ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို​သီကျူး​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ သီကျူး​ကြ​လော့​။ ထာဝရဘုရား​ထံ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​၏​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်​ဆိုင်​သည့် ကောင်းမြတ်​သော​သတင်း​ကို တစ်​နေ့​ပြီး​တစ်​နေ့ ဟောပြော​ကြ​လော့​။ ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို တိုင်းနိုင်ငံ​တို့​အလယ်​၌​လည်းကောင်း​၊ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို လူမျိုး​အပေါင်း​တို့​အလယ်​၌​လည်းကောင်း ပြောကြား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ကိုယ်တော်​သည် ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ်​ကောင်း​လှ​၏​။ အကယ်စင်စစ် လူမျိုးခြား​တို့​၏​ဘုရား​ရှိသမျှ​တို့​သည် ရုပ်တု​များ​သာ​ဖြစ်​ကြ​၏​။ ထာဝရဘုရား​မူကား ကောင်းကင်​ကို​ဖန်ဆင်း​တော်မူ​၏​။ ဘုန်းကျက်သရေ​နှင့်​ဘုန်းအာနုဘော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။ အစွမ်းတန်ခိုး​နှင့်​ဂုဏ်ကျက်သရေ​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌​ရှိ​၏​။ လူမျိုး​တို့​၏​မျိုးနွယ်စု​တို့​၊ ထာဝရဘုရား​ကို​သိမှတ်ဝန်ခံ​ကြ​လော့​။ ထာဝရဘုရား​၌ ဘုန်းအသရေ​နှင့်​အစွမ်းတန်ခိုး​ရှိ​ကြောင်း သိမှတ်ဝန်ခံ​ကြ​လော့​။ ထာဝရဘုရား​၏​နာမ​တော်​သည် ဘုန်းကြီး​တော်မူ​သည်​ဟု သိမှတ်ဝန်ခံ​ကြ​လော့​။ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​၍ ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​သို့ ဝင်​ကြ​လော့​။ သန့်ရှင်း​ခြင်း​အသရေ​တော်​နှင့်​ပြည့်စုံ​သော​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လော့​။ မြေကြီးသား​အပေါင်း​တို့​၊ ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​ကြ​လော့​။ “​ထာဝရဘုရား​သည် စိုးစံ​တော်မူ​၏​”​ဟု လူမျိုးတကာ​တို့​အလယ်​၌ ပြောဆို​ကြ​လော့​။ ကမ္ဘာမြေကြီး​ကို မ​လှုပ်ရှား​နိုင်​အောင် တည်ထား​တော်မူ​၏​။ ကိုယ်တော်​သည် လူ​တို့​ကို သမာသမတ်​ရှိ​စွာ စစ်ကြောစီရင်​တော်မူ​လိမ့်မည်​။ မိုးကောင်းကင် ဝမ်းမြောက်​ပါစေ​။ ကမ္ဘာမြေကြီး ရွှင်လန်း​ပါစေ​။ ပင်လယ်​နှင့် ပင်လယ်​ထဲရှိ​အရာ​အားလုံး​တို့​လည်း မြည်ဟည်း​ကြ​ပါစေ​။ ကွင်းပြင်​နှင့် ကွင်းပြင်​ရှိ​အရာ​အားလုံး ရွှင်မြူး​ကြ​ပါစေ​။ ထိုအခါ တော​သစ်ပင်​အားလုံး ထာဝရဘုရား​၏​ရှေ့​တော်​၌ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကိုယ်တော်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ လူ​တို့​ကို မိမိ​၏​သစ္စာ​တော်​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။