ဆာလံ 9:7-12
ဆာလံ 9:7-12 Judson Bible (JBMLE)
ထာဝရဘုရားမူကား၊ ကာလအစဉ်အဆက်တည်တော်မူ၏။ တရားပလ္လင်တော်ကို ပြင်ဆင်၍၊ မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏။ ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။ နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူတတ်ပါ။ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။ လူအသက်သတ်ခြင်းအမှုကိုစစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချလျက်ရှိသော သူတို့၏အော်ဟစ်ခြင်းအသံကို မေ့လျော့တော်မမူတတ်ပါ။
ဆာလံ 9:7-12 Common Language Bible (BCL)
သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။ လောကကိုတရားသဖြင့်အုပ်စိုးတော်မူ၍ လူမျိုးအပေါင်းတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၏။ ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။ ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။ ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။
ဆာလံ 9:7-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားမူကား အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်သည် တရားစီရင်ခြင်းအတွက် မိမိပလ္လင်တော်ကိုတည်တော်မူပြီ။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်စွာတရားစီရင်၍ လူမျိုးအပေါင်းတို့ကို သမာသမတ်ရှိစွာစစ်ကြောစီရင်တော်မူ၏။ ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်၏နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြပါလိမ့်မည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကိုရှာသောသူတို့အား စွန့်ပစ်တော်မမူပါ။ ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။ အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။