ဆာလံ 9:1-6
ဆာလံ 9:1-6 Judson Bible (JBMLE)
အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်။ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ အမြင့်ဆုံးသောဘုရား။ အကြောင်းမူကား၊ အကျွန်ုပ်၏ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏။ ရှေ့တော်၌ ပျက်စီးကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ။ တစ်ပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ။ ဆိုးသောသူတို့ကိုဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။ ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ မြို့တို့ကို ဖြိုဖျက်တော်မူ၍၊ သူတို့အမှတ်မျှမရှိ ပျောက်ပါပြီ။
ဆာလံ 9:1-6 Common Language Bible (BCL)
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုဖော်ပြပါမည်။ ကိုယ်တော်ရှင်ကိုအမှီပြု၍ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။ သူတို့သည်လဲကျသေဆုံးကြပါ၏။ ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင်စံတော်မူ၍ ဖြောင့်မှန်စွာတရားစီရင်တော်မူ၏။ ကျွန်တော်မျိုး၏အကျိုးကိုထောက်လျက် တရားစီရင်တော်မူပါပြီ။ ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။ သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့် သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။ ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့် ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။
ဆာလံ 9:1-6 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကျွန်ုပ်သည် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။ အို အမြင့်ဆုံးသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းပါမည်။ အကျွန်ုပ်၏ရန်သူတို့သည် နောက်ပြန်ဆုတ်သောအခါ ခလုတ်တိုက်၍ ကိုယ်တော်၏ရှေ့တော်၌ ပျက်စီးကြရလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍ အကျွန်ုပ်၏အမှုကိစ္စကို ဆောင်ရွက်ပေးတော်မူပြီ။ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ဖြောင့်မတ်စွာတရားစီရင်တော်မူပြီ။ ကိုယ်တော်သည် တိုင်းနိုင်ငံတို့ကို ဆုံးမ၍ ဆိုးယုတ်သောသူတို့ကိုဖျက်ဆီးကာ သူတို့၏အမည်များကို ကာလအစဉ်အဆက် ပယ်ဖျက်တော်မူပြီ။ ရန်သူတို့သည် ထာဝရပျက်စီးခြင်းထဲ၌ ပျက်စီးကုန်ဆုံးကြပါပြီ။ မြို့တို့ကိုဖြိုဖျက်တော်မူသဖြင့် ၎င်းတို့နှင့်ပတ်သက်သည့်အောက်မေ့စရာသည် ပျောက်ကွယ်သွားပါပြီ။