YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 69:1-15

ဆာလံ 69:1-15 Judson Bible (JBMLE)

အ​ကျွန်ုပ်​ကို ကယ်​ယူ​တော်​မူ​ပါ​ဘု​ရား။ ရေ​သည် အ​ကျွန်ုပ်​အ​သက်​ဝိ​ညာဉ်​တိုင်​အောင် ရောက်​ပါ​ပြီ။ ခြေ​နင်း​ရာ​မ​ရှိ။ နက်​လှ​သော​ရွှံ့​ထဲ​မှာ ကျွံ​ပါ​ပြီ။ လှိုင်း​တံ​ပိုး​လွှမ်း​မိုး​ရာ နက်​သော​ရေ​ထဲ​သို့ ရောက်​ပါ​ပြီ။ အော်​ဟစ်၍ ပင်​ပန်း​ပါ​ပြီ။ လည်​ချောင်း​ခြောက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ်​မျှော်​ကြည့်၍ မျက်​စိ​ပျက်​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် အ​ကျွန်ုပ်၏​ဆံ​ပင်​ထက် များ​ကြ​ပါ၏။ မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု၍ ဖျက်​ဆီး​သော​သူ​တို့​သည် ခွန်​အား​ကြီး​ကြ​ပါ၏။ ထို​အ​ခါ အ​ကျွန်ုပ်​သည် မ​ယူ​သော​ဥ​စ္စာ​ကို​ပင် ပြန်​ပေး​ရ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​မိုက်​ခြင်း​အ​မှု​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်၏​အ​ပြစ်​တို့​ကို ရှေ့​တော်၌ ဝှက်၍ မ​ထား​ရ​ပါ။ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် အ​ကျွန်ုပ် အ​ကြောင်း​ကြောင့် စိတ်​မ​ပျက်​ကြ​ပါ​စေ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို ရှာ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ကြ​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ပါ၏။ အ​ကျွန်ုပ်​မျက်​နှာ​သည် ရှက်​ခြင်း​နှင့် ပြည့်​စုံ​ပါ၏။ ကိုယ်​ညီ​အစ်​ကို​တို့​တွင်၊ လူ​စိမ်း​ဖြစ်​ခဲ့​ပါ​ပြီ။ တစ်​မိ​တည်း​သော ပေါက်​ဖော်​တို့​တွင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ဖြစ်​ခဲ့​ပါ​ပြီ။ ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏။ အ​ကျွန်ုပ်​သည်​ငို​ကြွေး၍ စိတ်​နှ​လုံး​ပါ​လျက်၊ အ​စာ​ရှောင်​သော အ​ကျင့်​ကြောင့်​ပင် ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ပါ၏။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​သော​အ​ခါ၊ သူ​တို့​သည် သ​ရော်​တတ်​ကြ​ပါ၏။ ရုံး၌ ထိုင်​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်​မှာ​ပြော​ဆို၍၊ သေ​သောက်​ကြူး​တို့​သည် အ​ကျွန်ုပ်​ကို အ​ကြောင်း​ပြု​လျက် တေး​ဖွဲ့၍ ဆို​တတ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မူ​ကား၊ မင်္ဂ​လာ​အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို ဆု​တောင်း​ပါ၏။ အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သည်​နှင့်​အ​ညီ၊ ကယ်​တင်​တော်​မူ​ခြင်း သ​စ္စာ​အ​တိုင်း၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ရွှံ့​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့ လက်​မှ​လည်း​ကောင်း၊ နက်​သော​ရေ​ထဲ​က​လည်း​ကောင်း လွှတ်​ပါ​စေ​သော။ ရေ​ထ၍ မ​လွှမ်း​ပါ​စေ​နှင့်။ နက်​နဲ​ရာ၌ မ​မြုပ်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​အ​ပေါ်​မှာ တွင်း​ဝ​မ​ပိတ်​ပါ​စေ​နှင့်။

ဆာလံ 69:1-15 Common Language Bible (BCL)

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ရေ​သည်​ကျွန်​တော်​မျိုး​၏​လည်​မျို​တိုင်​အောင် ရောက်​လျက်​နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​နက်​လှ​သော​ရွှံ့​ထဲ​တွင်​ကျွံ​နေ​ပါ​ပြီ။ ခြေ​နင်း​စ​ရာ​မြေ​မာ​မ​ရှိ​ပါ။ ကျွန်​တော်​မျိုး​သည်​ရေ​နက်​ထဲ​သို့​ရောက်​လျက် ရှိ​ပါ​၏။ လှိုင်း​လုံး​များ​သည်​ကျွန်​တော်​မျိုး​အား လွှမ်း​မိုး​ကြ​ပါ​တော့​မည်။ ကူ​မ​တော်​မူ​ရန်​အော်​ဟစ်​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​သည် မော​ပန်း​နွမ်း​နယ်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​နာ​လျက်​နေ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​ရန် မျှော်​ကြည့်​ရ​ဖန်​များ​သ​ဖြင့်​မျက်​စိ​များ​သည် ညောင်း​လျက်​နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့​မုန်း​သော သူ​တို့​၏​အ​ရေ​အ​တွက်​သည်​ကျွန်​တော်​မျိုး ဦး​ခေါင်း​မှ​ဆံ​ပင်​ထက်​ပို​၍​များ​ပါ​၏။ လိမ်​လည်​ပြော​ဆို​၍​ကျွန်​တော်​မျိုး​အား ရန်​ဘက်​ပြု​သူ​တို့​သည်​ခွန်​အား​ကြီး​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​ကြ​ပါ​၏။ သူ​တို့​အား​ကျွန်​တော်​မျိုး​မ​ခိုး​မ​ယူ​သည့် ပစ္စည်း​ဥစ္စာ​များ​ကို​ပြန်​၍​ပေး​ရ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ကိုယ်​တော် ထံ​တော်​မှ ဖုံး​ကွယ်​၍​မ​ရ​ပါ။ ကျွန်​တော်​မျိုး​အ​ဘယ်​မျှ​မိုက်​မဲ​သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ အ​နန္တ​တန်​ခိုး​ရှင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​သူ​တို့​သည် ကျွန်​တော်​မျိုး​၏​အ​တွက်​ကြောင့်​အ​ရှက်​မ​ကွဲ ကြ​ရ​ပါ​စေ​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​သည် ကျွန်​တော်​မျိုး​၏​အ​တွက်​ကြောင့် ဂုဏ်​အ​သ​ရေ​မ​ပျက်​ရ​ကြ​ပါ​စေ​နှင့်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​တွက် စော်​ကား​ခြင်း​ကို​ခံ​ရ​ပါ​၏။ အ​လွန်​အ​ရှက်​ကွဲ​ရ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​ညီ​အစ်​ကို​တို့​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​ကဲ့​သို့​လည်း​ကောင်း၊ မိ​သား​စု​တွင်​လည်း​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို​စွဲ​လမ်း​မှု​သည် ကျွန်​တော်​မျိုး​၏​စိတ်​အ​တွင်း​၌​မီး​ကဲ့​သို့ ဟုန်း​ဟုန်း​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို​သော စ​ကား​များ​သည်​ကျွန်​တော်​မျိုး​အား​စော်​ကား ပြော​ဆို​သော​စ​ကား​များ​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​စာ​ရှောင်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သော​အ​ခါ​လူ​တို့​သည် ကျွန်​တော်​မျိုး​အား​စော်​ကား​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​လျှော်​တေ​ကို​ဝတ်​သော အ​ခါ သူ​တို့​သည်​ပြောင်​လှောင်​ကြ​ပါ​၏။ သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။ သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အ​ဖို့​မှာ​မူ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​မ​ဟာ​မေတ္တာ​တော်​ကို ထောက်​၍​လည်း​ကောင်း၊ ကယ်​တော်​မူ​မည်​ဟု​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍​လည်း​ကောင်း တောင်း​လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​လို​တော်​ရှိ​ချိန်​၌​ကျွန်​တော်​မျိုး​၏ ဆု​တောင်း​ပတ္ထနာ​ကို​ဖြေ​ကြား​တော်​မူ​ပါ။ ရွှံ့​နွံ​တွင်​မ​ကျွံ​မ​နစ်​စေ​ရန်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ ရန်​သူ​များ​၏​ဘေး​မှ​လည်း​ကောင်း၊ ရေ​နက်​ရာ​မှ​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ရေ​လွှမ်း​မိုး​စေ​တော်​မ​မူ​ပါ​နှင့်။ ရေ​နက်​ရာ​တွင်​နစ်​မြုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သင်္ချိုင်း​တွင်း​သို့​သက်​ဆင်း​စေ​တော်​မ​မူ ပါ​နှင့်။

ဆာလံ 69:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ အကြောင်းမူကား ရေ​သည် အကျွန်ုပ်​၏​လည်မျို​တိုင်အောင် ရောက်လာ​ပါ​ပြီ​။ အကျွန်ုပ်​သည် နက်​သော​နွံ​ထဲ၌​နစ်​နေ​ပါ​ပြီ​။ ရပ်စရာမြေမာ​လည်း​မ​ရှိ​ပါ​။ အကျွန်ုပ်​သည် နက်ရှိုင်း​သော​ရေ​ထဲသို့​ရောက်​နေ​ပါ​ပြီ​။ လှိုင်းလုံးကြီး​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​ပြီ​။ အကျွန်ုပ်​သည် ဟစ်ခေါ်​ရ​၍ ပင်ပန်း​ပါ​ပြီ​။ အကျွန်ုပ်​၏​အာခေါင်​သည် ခြောက်​ပါ​ပြီ​။ အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​၏​ဘုရားသခင်​ကို​မျှော်ကြည့်​ရ​၍ အားအင်ကုန်ခန်း​ပါ​ပြီ​။ အကျွန်ုပ်​ကို အကြောင်းမဲ့​မုန်း​သော​သူ​တို့​သည် အကျွန်ုပ်​၏​ဦးခေါင်း​ပေါ်ရှိ​ဆံပင်​များ​ထက် ပို၍​များပြား​ကြ​ပါ​၏​။ အကျွန်ုပ်​ကို​ဖယ်ရှားသုတ်သင်​လို​သည့် လှည့်ဖြား​တတ်​သော အကျွန်ုပ်​၏​ရန်သူ​တို့​သည် အားကြီး​ကြ​ပါ​၏​။ အကျွန်ုပ်​မ​လုယူ​ခဲ့​သည့်​အရာ​ကို အကျွန်ုပ်​ပြန်ပေး​ရ​ပါ​မည်လော​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မိုက်မဲမှု​ကို သိ​တော်မူ​၏​။ အကျွန်ုပ်​၏​အပြစ်​များ​ကို ကိုယ်တော့်​ရှေ့​မှ​ဖုံးကွယ်​ထား​၍​မ​ရ​ပါ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၊ ကိုယ်တော်​ကို​စောင့်မျှော်​သော​သူ​တို့​သည် အကျွန်ုပ်​ကြောင့် အရှက်​မ​ကွဲ​ကြ​ရ​ပါစေ​နှင့်​။ အို အစ္စရေး​လူမျိုး​၏​ဘုရားသခင်​၊ ကိုယ်တော်​ကို​ရှာ​သော​သူ​တို့​သည် အကျွန်ုပ်​ကြောင့် အသရေ​မ​ပျက်​ကြ​ရ​ပါစေ​နှင့်​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​အတွက် ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို​ခံရ​ပါ​၏​။ အသရေပျက်​ခြင်း​သည် အကျွန်ုပ်​၏​မျက်နှာ​ကို ဖုံးလွှမ်း​ပါ​ပြီ​။ အကျွန်ုပ်​သည် အကျွန်ုပ်​၏​ညီအစ်ကို​များ​အတွက် သူစိမ်း​ဖြစ်​သွား​၍ အကျွန်ုပ်​မိခင်​၏​သား​များ​အတွက် တစ်ပါးအမျိုးသား​ဖြစ်သွား​ပါ​ပြီ​။ အကြောင်းမူကား ကိုယ်တော်​၏​အိမ်​တော်​အတွက် ထက်သန်​သော​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​ကို​ကဲ့ရဲ့ပြစ်တင်​သော​သူ​တို့​၏ ကဲ့ရဲ့ပြစ်တင်​သော​စကား​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ပါ​၏​။ အကျွန်ုပ်​သည် ငိုကြွေး​၍ စိတ်နှလုံး​ပါ​လျက်​အစာရှောင်​သောအခါ ထို​အမှု​ကြောင့် ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​ပါ​၏​။ လျှော်တေအဝတ်​ကို ဝတ်​သောအခါ လူ​တို့​အတွက် ပြောစရာ​ဖြစ်လာ​ပါ​၏​။ မြို့​တံခါးဝ​တွင်​ထိုင်​နေ​သော​သူ​တို့​သည် အကျွန်ုပ်​အကြောင်း​ကို တီးတိုးပြောဆို​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သေရည်သေရက်​သောက်စား​သော သူ​တို့​၏​တေးဖွဲ့​သီဆိုစရာ​များ​ဖြစ်​ရ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား နှစ်သက်​ဖွယ်​သော​အချိန်​၌ ကိုယ်တော့်​ထံ ဆုတောင်း​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​ကြီးမား​သော​မေတ္တာကရုဏာ​နှင့်အညီ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော သမ္မာတရား​ဖြင့် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ရွှံ့​ထဲမှ ကယ်နုတ်​တော်မူ​ပါ​။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​ထံမှ​လည်းကောင်း​၊ နက်ရှိုင်း​သော​ရေ​ထဲမှ​လည်းကောင်း အကျွန်ုပ်​ကယ်နုတ်​ခြင်း​ခံရ​ပါစေသော​။ ရေ​လှိုင်းလုံးကြီး​သည် အကျွန်ုပ်​ကို​မ​လွှမ်းမိုး​ပါစေ​နှင့်​။ နက်​သော​ရေ​သည်​လည်း အကျွန်ုပ်​ကို​မ​မျို​ပါစေ​နှင့်​။ တွင်း​ဝ​သည်​လည်း အကျွန်ုပ်​အပေါ်​၌ ပိတ်​မ​ထား​ပါစေ​နှင့်​။