YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 66:1-20

ဆာလံ 66:1-20 Judson Bible (JBMLE)

မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကျူး​ဧ​သော​အ​သံ​ကို​ပြု၍၊ နာ​မ​တော်၏​ဂုဏ်​ကို သီ​ချင်း​ဆို​ကြ​လော့။ ချီး​မွမ်း​ခြင်း၏ ဂုဏ်​အ​သ​ရေ​ကို​ပြ​ကြ​လော့။ ကိုယ်​တော်​စီ​ရင်​သော အ​မှု​တို့​သည် အ​လွန်​အံ့​ဩ​ဖွယ် ဖြစ်​ကြ​ပါ၏။ တန်​ခိုး​တော်​ကြီး​သော​ကြောင့်၊ ရန်​သူ​တို့​သည် ကိုယ်​တော်​ကို တောင်း​ပန်​ကြ​ပါ​လိမ့်​မည်။ မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ကိုး​ကွယ်၍၊ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။ နာ​မ​တော်​အား သီ​ချင်း​ဆို​ကြ​ပါ​စေ​သော​ဟု ဘု​ရား​သ​ခင်​အား လျှောက်​ထား​ကြ​လော့။ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​သော​အ​မှု​တော်​ကို လာ၍ ကြည့်​ကြ​လော့။ လူ​သား​တို့​တွင် စီ​ရင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြ၏။ ပင်​လယ်​ကို ကုန်း​ဖြစ်​စေ​တော်​မူ၏။ သူ​တို့​သည် ရေ​စီး​ရာ​အ​ရပ်​ကို ခြေ​ဖြင့်​လျှောက်​သွား​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ ဝမ်း​မြောက်​ကြ၏။ တန်​ခိုး​တော်​အား​ဖြင့် အ​စဉ်​အ​မြဲ အုပ်​စိုး​တော်​မူ၏။ မျက်​စိ​တော်​သည် လူ​အ​မျိုး​မျိုး​တို့​ကို ကြည့်​ရှု​သည်​ဖြစ်၍၊ ငြင်း​ဆန်​သော​သူ​တို့​သည် မ​ဝါ​ကြွား​ကြ​စေ​နှင့်။ အ​ချင်း​လူ​စု​တို့၊ ငါ​တို့ ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော စ​ကား​သံ​နှင့် ကြွေး​ကြော်​ကြ​လော့။ ငါ​တို့​အ​သက်​ကို မ​သေ​စေ​မည်​အ​ကြောင်း​နှင့် ခြေ​ကို​လည်း မ​ချော်​စေ​မည်​အ​ကြောင်း စောင့်​မ​တော်​မူ၏။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စုံ​စမ်း​တော်​မူ​ပြီ။ ငွေ​ကို​စစ်​ဆေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို စစ်​ဆေး​တော်​မူ​ပြီ။ ကျော့​ကွင်း​ထဲ​မှာ ကျော့​မိ​စေ၍၊ ကျော​ကုန်း​ပေါ်​မှာ လေး​သော​ဝန်​ကို တင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​ခေါင်း​ပေါ်​မှာ သူ​တစ်​ပါး​ကို​စီး​စေ​တော်​မူ​ပြီ။ မီး၌​လည်း​ကောင်း၊ ရေ၌​လည်း​ကောင်း သွား​ရ​သော်​လည်း၊ ကျေး​ဇူး​တော်​ကြောင့် ကြွယ်​ဝ​ခြင်း​သို့ ရောက်​ကြ​ပါ၏။ မီး​ရှို့​ရ​သော​ယဇ်​ပါ​လျက် အိမ်​တော်​သို့ အ​ကျွန်ုပ်​သွား​ပါ​မည်။ ဆင်း​ရဲ​ခံ​ရ​စဉ်​အ​ခါ၊ အ​ကျွန်ုပ်​သည် နှုတ်​ကို​ဖွင့်၍ မြွက်​ဆို​သည်​အ​တိုင်း၊ သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။ ဆူ​ဖြိုး​သော​သိုး​တို့​ကို နံ့​သာ​ပေါင်း​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ပါ​မည်။ နွား​နှင့် ဆိတ်​တို့​ကို​လည်း စီ​ရင်​ပါ​မည်။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​အ​ပေါင်း​တို့၊ လာ၍ နား​ထောင်​ကြ​လော့။ ငါ့​ဝိ​ညာဉ်​အ​ဖို့ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို ငါ​ကြား​ပြော​မည်။ ငါ​သည် ဘု​ရား​သ​ခင်​ကို နှုတ်​နှင့်​အော်​ဟစ်၍၊ ဂုဏ်​တော်​ကို​လည်း လျှာ​နှင့်​ချီး​မွမ်း​ရ​ပြီ။ ငါ​သည် စိတ်​နှ​လုံး​ထဲ​မှာ ဒု​စ​ရိုက်​ကို​ငဲ့​ကွက်​လျှင်၊ ဘု​ရား​ရှင်​သည် နား​ထောင်​တော်​မ​မူ။ ယ​ခု​မူ​ကား၊ ဘု​ရား​သ​ခင်​သည် နား​ထောင်၍၊ ငါ​မြွက်​ဆို​သော ပ​တ္ထ​နာ​စ​ကား​သံ​ကို မှတ်​တော်​မူ​ပြီ။ ငါ​မြွက်​ဆို​သော ပ​တ္ထ​နာ​ကို​ပယ်​တော်​မ​မူ။ ကျေး​ဇူး​တော်​ကို ငါ​မှ ရုပ်​သိမ်း​တော်​မ​မူ​သော ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ဆာလံ 66:1-20 Common Language Bible (BCL)

လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား​ဝမ်း​မြောက်​စွာ အော်​ဟစ်​၍​ထော​မ​နာ​ပြု​ကြ​လော့။ ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​သော​နာ​မ​တော် အ​ကြောင်း​ကို သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ``ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည် ကြီး​မား​လှ​သည်​ဖြစ်​၍​ရန်​သူ​တို့​သည်​ရှေ့​တော်​တွင် ကြောက်​ရွံ့​ဝပ်​တွား​ကြ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​ကို​ရှိ​ခိုး​ဝတ်​ပြု​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​ပါ​၏'' ဟု ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​လော့။ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ၊ လူ​တို့​တွင်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ အ​မှု​များ​ကို​လာ​၍​ကြည့်​ကြ​လော့။ ကိုယ်​တော်​သည်​ပင်​လယ်​ကို​ကုန်း​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး​များ​သည်​မြစ်​ကို ခြေ​လျင်​ဖြတ်​ကူး​ခဲ့​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​အ​တွက်​ငါ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ဘုန်း​အာ​နု​ဘော်​တော်​အား​ဖြင့် အ​စဉ်​အ​မြဲ​အုပ်​စိုး​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​၏​ခြေ​လှမ်း​ကို​ကြည့်​လျက် နေ​တော်​မူ​၏။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​မ​ပုန်​ကန်​ပါ​စေ​နှင့်။ လူ​မျိုး​အ​ပေါင်း​တို့၊ငါ​တို့​၏​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သင်​တို့​၏​ထော​မ​နာ​သံ​ကို​ကြား​ပါ​စေ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မ​သေ​စေ​ဘဲ အ​သက်​ချမ်း​သာ​ပေး​တော်​မူ​ခဲ့​ပါ​၏။ ငါ​တို့​အား​ပြို​လဲ​စေ​တော်​မ​မူ​ခဲ့​ပါ။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။ ငွေ​ကို​မီး​ဖြင့်​ချွတ်​သ​ကဲ့​သို့​ကျွန်​တော်​မျိုး တို့​အား စစ်​ဆေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ထောင်​ချောက်​တွင်​ကျ​စေ​တော်​မူ​၍ လေး​လံ​သော​ဝန်​ကို​ထမ်း​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ရန်​သူ​တို့​အား​ကျွန်​တော်​မျိုး တို့​ကို ကျော်​နင်း​ခွင့်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မီး​ဘေး​ရေ​ဘေး​တို့​နှင့် ကြုံ​တွေ့​ရ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့ ပို့​ဆောင်​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော် သို့ မီး​ရှို့​ရာ​ပူ​ဇော်​သကာ​ကို​ယူ​ဆောင်​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ပြု​ခဲ့​သည့် က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​က၊ က​တိ​သစ္စာ​ထား​ခဲ့​သည့်​အ​တိုင်း​ကိုယ်​တော် ရှင်​အား ဆက်​သ​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန် သိုး​ကို​ဆက်​သ​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​နွား​နှင့်​ဆိတ်​များ​ကို ယဇ်​ပူ​ဇော်​ပါ​မည်။ မီး​ရှို့​ရာ​ယဇ်​များ​မှ​မီး​ခိုး​သည်​ကောင်း​ကင်​သို့ တက်​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ လာ​၍​နား​ထောင်​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​အ​တွက်​အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​ငါ​ပြော​မည်။ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​၏​ထံ​တော်​သို့ ငါ​အော်​ဟစ်​ခဲ့​ပြီ။ ကိုယ်​တော်​အား​သီ​ချင်း​များ​ဖြင့်​ထော​မ​နာ​ပြု​ခဲ့​ပြီ။ အ​ကယ်​၍​ငါ​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို လျစ်​လူ​ရှု​၍​နေ​ခဲ့​ပါ​မူ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ​၏​လျှောက်​ထား​ချက်​ကို အ​မှန်​ပင်​ကြား​တော်​မူ​လေ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လေ​ပြီ။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ပယ်​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ့​ထံ​မှ​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ရုပ်​သိမ်း​တော်​မ​မူ​သ​ဖြင့်​လည်း​ကောင်း ငါ​သည်​ကိုယ်​တော်​အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​၏။

ဆာလံ 66:1-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မြေကြီးသား​အပေါင်း​တို့​၊ ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ နာမ​တော်​၏​ဘုန်းအသရေ​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​အား ချီးမွမ်း​ခြင်း​ဘုန်းအသရေ​ကို ဆက်သ​ကြ​လော့​။ “​ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩ​ဖွယ်​ကောင်း​လှ​ပါ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကြီးမားမှု​ကြောင့် ကိုယ်တော်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​၌ ခယဝပ်တွား​ကြ​ပါ​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​၍ သီဆိုချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ကြ​ပါ​လိမ့်မည်​”​ဟု ဘုရားသခင်​အား လျှောက်​ကြ​လော့​။ (​စေလာ ) ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​တို့​ကို လာ​၍​ကြည့်​ကြ​လော့​။ လူသား​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩ​ဖွယ်​ကောင်း​ပေ​၏​။ ကိုယ်တော်​သည် ပင်လယ်​ကို ကုန်းမြေ​အဖြစ်​သို့​ပြောင်းလဲ​စေ​တော်မူ​၏​။ လူ​တို့​သည် မြစ်​ကို​ခြေကျင်​ဖြတ်ကူး​ကြ​၏​။ ထို​အရပ်​တွင် ငါ​တို့​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ကြ​၏​။ ကိုယ်တော်​သည် မိမိ​၏​အစွမ်းတန်ခိုး​တော်​ဖြင့် အစဉ်အမြဲ​အုပ်စိုး​တော်မူ​၏​။ ကိုယ်တော်​၏​မျက်စိ​တော်​သည် လူမျိုးတကာ​တို့​ကို သေချာ​စွာ​ကြည့်ရှု​တော်မူ​၏​။ ငြင်းဆန်​သော​သူ​တို့​သည် သူ​တို့​ကိုယ်​သူ​တို့ မ​ချီးမြှောက်​ကြ​ပါစေ​နှင့်​။ (​စေလာ ) အို လူ​များ​တို့​၊ ငါ​တို့​ဘုရားသခင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​ကို​ချီးမွမ်း​သော​အသံ​ကို ကြွေးကြော်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဆက်၍​အသက်​ရှင်​စေ​တော်မူ​ပြီး ငါ​တို့​ခြေ​ကို ချော်​ခွင့်​ပေး​တော်​မ​မူ​။ အကြောင်းမူကား အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို စစ်ဆေး​တော်မူ​ပြီ​။ ငွေ​ကို​သန့်စင်​စေ​သကဲ့သို့ အကျွန်ုပ်​တို့​ကို​သန့်စင်​စေ​တော်မူ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ပိုက်ကွန်​ထဲသို့​ကျ​စေ​၍ အကျွန်ုပ်​တို့​၏​ကျော​ပေါ်တွင် ဝန်ထုပ်​ကို​တင်​တော်မူ​ပြီ​။ လူ​တို့​ကို အကျွန်ုပ်​တို့​၏​ခေါင်း​ပေါ်၌ ကျော်နင်း​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​သည် မီး​ထဲ၌​လည်းကောင်း​၊ ရေ​ထဲ၌​လည်းကောင်း ဖြတ်သွား​ကြ​ရ​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ကြွယ်ဝသောအရပ်​သို့​ခေါ်ဆောင်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အိမ်​တော်​သို့ မီးရှို့ရာယဇ်​များ​ပါ​လျက်​လာ​ပါ​မည်​။ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို ကိုယ်တော့်​ထံ​ပြည့်စုံ​စေ​ပါ​မည်​။ ၎င်း​တို့​သည် အကျွန်ုပ်​ဆင်းရဲဒုက္ခ​ထဲ​ရောက်​စဉ်က အကျွန်ုပ်​၏​နှုတ်ခမ်း​ကို​ဖွင့်ဟ​၍ အကျွန်ုပ်​၏​နှုတ်​ဖြင့်​မြွက်ဆို​ခဲ့​သည့် ကတိသစ္စာ​များ​ဖြစ်​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သိုးထီး​နံ့သာပေါင်း​နှင့်အတူ ဆူဖြိုး​သော​တိရစ္ဆာန်​တို့​ကို မီးရှို့ရာယဇ်​အဖြစ် ကိုယ်တော့်​ထံ​ပူဇော်​ပါ​မည်​။ နွား​နှင့်​ဆိတ်ထီး​တို့​ကို​လည်း ပူဇော်​ပါ​မည်​။ (​စေလာ ) ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​အပေါင်း​တို့​၊ လာ​၍​နားထောင်​ကြ​လော့​။ ငါ​၏​စိတ်ဝိညာဉ်​အတွက် ကိုယ်တော်​ပြု​တော်မူ​သော​အရာ​ကို ငါ​ပြောပြ​မည်​။ ငါ​၏​နှုတ်​သည် ကိုယ်တော်​ကို​ခေါ်​၍ ဂုဏ်တော်ချီးမွမ်း​ခြင်း​သည် ငါ​၏​လျှာ​ပေါ်တွင်​ရှိ​၏​။ ငါ​၏​စိတ်နှလုံး​ထဲ၌ အပြစ်ဒုစရိုက်​ကို ငါ​ထွေးပိုက်​ထား​ခဲ့​လျှင် ဘုရားရှင်​သည် နားညောင်း​တော်မူ​လိမ့်မည်​မ​ဟုတ်​။ သို့သော် ဘုရားသခင်​သည် နားညောင်း​တော်မူ​ပြီ​။ ငါ​၏​ဆုတောင်းသံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပြီ​။ ငါ​၏​ဆုတောင်းချက်​ကို​လည်းကောင်း​၊ မိမိ​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ငါ့​ထံမှ​ပယ်ရှား​တော်​မ​မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။