YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 66:1-20

ဆာလံကျမ်း 66:1-20 MSBU

မြေကြီးသား​အပေါင်း​တို့​၊ ဘုရားသခင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။ နာမ​တော်​၏​ဘုန်းအသရေ​ကို သီဆိုချီးမွမ်း​ကြ​လော့​။ ကိုယ်တော်​အား ချီးမွမ်း​ခြင်း​ဘုန်းအသရေ​ကို ဆက်သ​ကြ​လော့​။ “​ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩ​ဖွယ်​ကောင်း​လှ​ပါ​၏​။ ကိုယ်တော်​၏​အစွမ်းသတ္တိ​ကြီးမားမှု​ကြောင့် ကိုယ်တော်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​၌ ခယဝပ်တွား​ကြ​ပါ​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​၍ သီဆိုချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ကြ​ပါ​လိမ့်မည်​”​ဟု ဘုရားသခင်​အား လျှောက်​ကြ​လော့​။ (​စေလာ ) ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​တို့​ကို လာ​၍​ကြည့်​ကြ​လော့​။ လူသား​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩ​ဖွယ်​ကောင်း​ပေ​၏​။ ကိုယ်တော်​သည် ပင်လယ်​ကို ကုန်းမြေ​အဖြစ်​သို့​ပြောင်းလဲ​စေ​တော်မူ​၏​။ လူ​တို့​သည် မြစ်​ကို​ခြေကျင်​ဖြတ်ကူး​ကြ​၏​။ ထို​အရပ်​တွင် ငါ​တို့​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ကြ​၏​။ ကိုယ်တော်​သည် မိမိ​၏​အစွမ်းတန်ခိုး​တော်​ဖြင့် အစဉ်အမြဲ​အုပ်စိုး​တော်မူ​၏​။ ကိုယ်တော်​၏​မျက်စိ​တော်​သည် လူမျိုးတကာ​တို့​ကို သေချာ​စွာ​ကြည့်ရှု​တော်မူ​၏​။ ငြင်းဆန်​သော​သူ​တို့​သည် သူ​တို့​ကိုယ်​သူ​တို့ မ​ချီးမြှောက်​ကြ​ပါစေ​နှင့်​။ (​စေလာ ) အို လူ​များ​တို့​၊ ငါ​တို့​ဘုရားသခင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ကိုယ်တော်​ကို​ချီးမွမ်း​သော​အသံ​ကို ကြွေးကြော်​ကြ​လော့​။ ကိုယ်တော်​သည် ငါ​တို့​ကို ဆက်၍​အသက်​ရှင်​စေ​တော်မူ​ပြီး ငါ​တို့​ခြေ​ကို ချော်​ခွင့်​ပေး​တော်​မ​မူ​။ အကြောင်းမူကား အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို စစ်ဆေး​တော်မူ​ပြီ​။ ငွေ​ကို​သန့်စင်​စေ​သကဲ့သို့ အကျွန်ုပ်​တို့​ကို​သန့်စင်​စေ​တော်မူ​ပြီ​။ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ပိုက်ကွန်​ထဲသို့​ကျ​စေ​၍ အကျွန်ုပ်​တို့​၏​ကျော​ပေါ်တွင် ဝန်ထုပ်​ကို​တင်​တော်မူ​ပြီ​။ လူ​တို့​ကို အကျွန်ုပ်​တို့​၏​ခေါင်း​ပေါ်၌ ကျော်နင်း​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​သည် မီး​ထဲ၌​လည်းကောင်း​၊ ရေ​ထဲ၌​လည်းကောင်း ဖြတ်သွား​ကြ​ရ​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ကြွယ်ဝသောအရပ်​သို့​ခေါ်ဆောင်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အိမ်​တော်​သို့ မီးရှို့ရာယဇ်​များ​ပါ​လျက်​လာ​ပါ​မည်​။ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို ကိုယ်တော့်​ထံ​ပြည့်စုံ​စေ​ပါ​မည်​။ ၎င်း​တို့​သည် အကျွန်ုပ်​ဆင်းရဲဒုက္ခ​ထဲ​ရောက်​စဉ်က အကျွန်ုပ်​၏​နှုတ်ခမ်း​ကို​ဖွင့်ဟ​၍ အကျွန်ုပ်​၏​နှုတ်​ဖြင့်​မြွက်ဆို​ခဲ့​သည့် ကတိသစ္စာ​များ​ဖြစ်​ကြ​ပါ​၏​။ အကျွန်ုပ်​သည် သိုးထီး​နံ့သာပေါင်း​နှင့်အတူ ဆူဖြိုး​သော​တိရစ္ဆာန်​တို့​ကို မီးရှို့ရာယဇ်​အဖြစ် ကိုယ်တော့်​ထံ​ပူဇော်​ပါ​မည်​။ နွား​နှင့်​ဆိတ်ထီး​တို့​ကို​လည်း ပူဇော်​ပါ​မည်​။ (​စေလာ ) ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​အပေါင်း​တို့​၊ လာ​၍​နားထောင်​ကြ​လော့​။ ငါ​၏​စိတ်ဝိညာဉ်​အတွက် ကိုယ်တော်​ပြု​တော်မူ​သော​အရာ​ကို ငါ​ပြောပြ​မည်​။ ငါ​၏​နှုတ်​သည် ကိုယ်တော်​ကို​ခေါ်​၍ ဂုဏ်တော်ချီးမွမ်း​ခြင်း​သည် ငါ​၏​လျှာ​ပေါ်တွင်​ရှိ​၏​။ ငါ​၏​စိတ်နှလုံး​ထဲ၌ အပြစ်ဒုစရိုက်​ကို ငါ​ထွေးပိုက်​ထား​ခဲ့​လျှင် ဘုရားရှင်​သည် နားညောင်း​တော်မူ​လိမ့်မည်​မ​ဟုတ်​။ သို့သော် ဘုရားသခင်​သည် နားညောင်း​တော်မူ​ပြီ​။ ငါ​၏​ဆုတောင်းသံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပြီ​။ ငါ​၏​ဆုတောင်းချက်​ကို​လည်းကောင်း​၊ မိမိ​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ငါ့​ထံမှ​ပယ်ရှား​တော်​မ​မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။