ဆာလံ 51:1-12
ဆာလံ 51:1-12 Judson Bible (JBMLE)
အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။ ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှာ၊ ဟုဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ်ကို မိုးပွင့်ထက်သာ၍ ဖြူစေခြင်းငှာ ဆေးကြောတော်မူပါ။ စိတ်သက်သာဝမ်းမြောက်ခြင်းရှိမည်အကြောင်းစကားကို အကျွန်ုပ်အား ကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။ အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာတော်ကိုလွှဲ၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။ ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကိုထောက်မပါစေသော။
ဆာလံ 51:1-12 Common Language Bible (BCL)
အို ဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့်အညီ ကျွန်တော်မျိုးအားသနားတော်မူပါ။ လွန်စွာသနားကြင်နာတော်မူတတ်သည် နှင့်အညီ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။ ကျွန်တော်မျိုး၏ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြောတော်မူ၍ ကျွန်တော်မျိုးအားအပြစ်မှသန့်စင်စေ တော်မူပါ။ ကျွန်တော်မျိုးသည်မိမိ၏အမှားများကို ဝန်ချပါ၏။ မိမိ၏အပြစ်များကိုအစဉ်ပင်သတိရပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှား ပါပြီ။ ကိုယ်တော်ရှင်ကိုသာလျှင်ပြစ်မှားပါပြီ။ ကိုယ်တော်ရှင်၏ရှေ့တော်၌ဒုစရိုက်ကို ပြုပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင် တရားစီရင်တော်မူသည်မှာလျော်ကန်ပါ၏။ ကျွန်တော်မျိုးအားအပြစ်ဒဏ်ပေးတော်မူ သည်မှာ တရားပါ၏။ ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။ ကိုယ်တော်ရှင်သည်သစ္စာတရားကို နှစ်သက်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး စိတ်နှလုံးကိုဉာဏ်ပညာဖြင့်ပြည့်ဝစေ တော်မူ၏။ ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။ ရွှင်လန်းဝမ်းမြောက်သံများကိုကျွန်တော်မျိုးအား ကြားခွင့်ပေးတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စိတ်ပျက်အားလျော့စေတော်မူသော်လည်း ကျွန်တော်မျိုးသည်တစ်ဖန်ပြန်၍ရွှင်ပျလာ ပါလိမ့်မည်။ ကျွန်တော်မျိုး၏အပြစ်များမှမျက်နှာလွှဲ၍ ကျွန်တော်မျိုး၏ဒုစရိုက်ရှိသမျှကိုလည်း ပပျောက်စေတော်မူပါ။ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။ ရှေ့တော်မှောက်မှကျွန်တော်မျိုးအား နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုကျွန်တော် မျိုးထံမှ ရုပ်သိမ်းတော်မမူပါနှင့်။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးကြောင့် ခံစားရရှိသည့်ဝမ်းမြောက်ခြင်းကို ကျွန်တော်မျိုးအားပေးသနားတော်မူပါ။ ကိုယ်တော်ရှင်၏အမိန့်တော်ကိုနာခံတတ်စေ တော်မူပါ။
ဆာလံ 51:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။ အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်ကျူးလွန်သောအပြစ်များကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်၏အပြစ်သည် အကျွန်ုပ်၏ရှေ့မှောက်၌ အစဉ်ရှိနေပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။ အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။ ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။ အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။ အကျွန်ုပ်အား ရွှင်မြူးခြင်းနှင့်ဝမ်းမြောက်ခြင်းကို ကြားစေတော်မူပါ။ ကိုယ်တော်ကြေမွစေသောအရိုးတို့ကိုလည်း ရွှင်လန်းစေတော်မူပါ။ အကျွန်ုပ်၏အပြစ်များမှ မျက်နှာတော်လွှဲ၍ အကျွန်ုပ်၏ဒုစရိုက်အားလုံးကို ပယ်ဖျက်တော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။ အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။ အကျွန်ုပ်ကို ကိုယ်တော်၏ရှေ့မှောက်မှ နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို အကျွန်ုပ်ထံမှရုပ်သိမ်းတော်မမူပါနှင့်။ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော ရွှင်မြူးခြင်းကို အကျွန်ုပ်အား ပြန်လည်ခံစားစေ၍ စေတနာထက်သန်သောဝိညာဉ်တော်ဖြင့် အကျွန်ုပ်ကို ထောက်မတော်မူပါ။