YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 51

51
အပြစ်များခွင့်လွှတ်ပေးတော်မူရန် ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​သည် ဗာသရှေဘ​ထံ​ဝင်ရောက်​ကျူးလွန်​ပြီးနောက် သူ့​ထံ​ပရောဖက်​နာသန်​ရောက်လာ​သောအခါ စပ်ဆို​သော​ဆာလံ
1အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။
ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ပယ်ဖျက်​တော်မူ​ပါ​။
2အကျွန်ုပ်​၏​ဒုစရိုက်​ကို အကုန်အစင်​ဆေးကြော​၍
အကျွန်ုပ်​၏​အပြစ်​မှ အကျွန်ုပ်​ကို​စင်ကြယ်​စေ​တော်မူ​ပါ​။
3အကြောင်းမူကား အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို အကျွန်ုပ်​သိ​ပါ​၏​။
အကျွန်ုပ်​၏​အပြစ်​သည် အကျွန်ုပ်​၏​ရှေ့မှောက်​၌ အစဉ်​ရှိ​နေ​ပါ​၏​။
4အကျွန်ုပ်​သည် ကိုယ်တော့်​ကို​၊ ကိုယ်တော့်​ကို​သာ ပြစ်မှား​၍ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ မကောင်း​သော​အမှု​ကို ပြု​မိ​ပါ​ပြီ​။
သို့ဖြစ်၍ ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ ဖြောင့်မတ်​ပါ​၏​။
ကိုယ်တော်​တရားစီရင်​တော်မူ​သောအခါ သန့်ရှင်းစင်ကြယ်​ပါ​၏​။
5အကျွန်ုပ်​သည် ဒုစရိုက်​ထဲ၌​မွေးဖွား​လာ​ပါ​၏​။
အကျွန်ုပ်​၏​မိခင်​သည် အကျွန်ုပ်​ကို ကိုယ်ဝန်​ရ​စဉ်ကပင် အကျွန်ုပ်​သည် အပြစ်​ထဲ၌​ရှိ​ပါ​၏​။
6ကိုယ်တော်​သည် အတွင်းစိတ်​၌​မှန်ကန်မှု​ရှိ​ခြင်း​ကို နှစ်သက်​တော်မူ​သည်​ဖြစ်၍
အကျွန်ုပ်​၏​အတွင်း​နှလုံးသား​ထဲ၌#51:6 တိုက်ရိုက်ပြန်ဆိုလျှင် “လျှို့ဝှက်သောနေရာ၌”။ ဉာဏ်ပညာ​ကို သွန်သင်​ပေး​တော်မူ​၏​။
7အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။
အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။
8အကျွန်ုပ်​အား ရွှင်မြူး​ခြင်း​နှင့်​ဝမ်းမြောက်​ခြင်း​ကို ကြား​စေ​တော်မူ​ပါ​။
ကိုယ်တော်​ကြေမွ​စေ​သော​အရိုး​တို့​ကို​လည်း ရွှင်လန်း​စေ​တော်မူ​ပါ​။
9အကျွန်ုပ်​၏​အပြစ်​များ​မှ မျက်နှာ​တော်​လွှဲ​၍
အကျွန်ုပ်​၏​ဒုစရိုက်​အားလုံး​ကို ပယ်ဖျက်​တော်မူ​ပါ​။
10အို ဘုရားသခင်​၊ အကျွန်ုပ်​အထဲ​၌ စင်ကြယ်​သော​စိတ်နှလုံး​ကို ဖန်ဆင်း​တော်မူ​ပါ​။
အကျွန်ုပ်​အတွင်း​ထဲ၌ တည်ကြည်​သော စိတ်သဘော​ကို အသစ်​ပြုပြင်​တော်မူ​ပါ​။
11အကျွန်ုပ်​ကို ကိုယ်တော်​၏​ရှေ့မှောက်​မှ နှင်ထုတ်​တော်​မ​မူ​ပါ​နှင့်​။
ကိုယ်တော်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အကျွန်ုပ်​ထံမှ​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။
12ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော ရွှင်မြူး​ခြင်း​ကို အကျွန်ုပ်​အား ပြန်လည်ခံစား​စေ​၍
စေတနာထက်သန်​သော​ဝိညာဉ်​တော်​ဖြင့် အကျွန်ုပ်​ကို ထောက်မ​တော်မူ​ပါ​။
13ထိုအခါ အကျွန်ုပ်​သည် အပြစ်ကျူးလွန်​သော​သူ​တို့​အား ကိုယ်တော်​၏​လမ်း​တို့​ကို​သင်ကြား​ပေး​ပါ​မည်​။
အပြစ်သား​တို့​သည်​လည်း ကိုယ်တော်​ထံ ပြန်လာ​ကြ​ပါ​လိမ့်မည်​။
14အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊
လူသတ်​ခြင်း​အပြစ်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။
အကျွန်ုပ်​၏​လျှာ​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။
15အို ဘုရားရှင်​၊ အကျွန်ုပ်​၏​နှုတ်ခမ်း​ကို ဖွင့်​တော်မူ​ပါ​။
ထိုအခါ အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ပြောကြား​ပါ​မည်​။
16အကြောင်းမူကား ကိုယ်တော်​သည် ယဇ်ပူဇော်​ခြင်း​ကို အလိုရှိ​တော်​မ​မူ​ပါ​။
အလိုရှိ​တော်မူ​လျှင် အကျွန်ုပ်​ပူဇော်​ခဲ့​ပါ​လိမ့်မည်​။ မီးရှို့ရာယဇ်​ကို​လည်း နှစ်သက်​တော်​မ​မူ​ပါ​။#ဆာ 40:6၊ ဟေဗြဲ 10:6။
17ဘုရားသခင်​နှစ်သက်​တော်မူ​သော​ယဇ်​များ​မှာ ကျိုးပဲ့​သော​စိတ်သဘော​ဖြစ်​ပါ​၏​။
အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကျိုးပဲ့​ကြေမွ​သော​စိတ်နှလုံး​ကို မထီမဲ့မြင်ပြု​တော်မူ​မည်​မ​ဟုတ်​ပါ​။
18ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ဇိအုန်​ကို​ကောင်းစား​စေ​တော်မူ​ပါ​။
ဂျေရုဆလင်​မြို့ရိုး​တို့​ကို တည်ဆောက်​တော်မူ​ပါ​။
19ထိုအခါ ကိုယ်တော်​သည် ဖြောင့်မတ်​ခြင်း​ယဇ်​များ​တည်းဟူသော
မီးရှို့ရာယဇ်​နှင့် တစ်ကောင်လုံး​ရှို့​ရ​သော​ယဇ်​ကို နှစ်သက်​တော်မူ​လိမ့်မည်​။
ထိုအခါ လူ​တို့​သည် နွားထီး​တို့​ကို ကိုယ်တော်​၏​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်​ကြ​ပါ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 51: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။