YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 22:1-31

ဆာလံ 22:1-31 Judson Bible (JBMLE)

အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ကို မ​ကယ်​တင်​ဘဲ အ​ကျွန်ုပ်​အော်​ဟစ်​သော စ​ကား​ကို နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့် အ​ဝေး​မှာ​နေ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​ဘု​ရား၊ နေ့​အ​ခါ အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း၊ ကိုယ်​တော်​သည် နား​မ​ထောင်​ပါ။ ည​အ​ခါ အော်​ဟစ်​သော်​လည်း သက်​သာ​ခြင်း​သို့ မ​ရောက်​ပါ။ ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​တို့​သည် ကိုယ်​တော်​ကို ကိုး​စား​ကြ​ပါ၏။ ကိုး​စား​ကြ​သည်​တွင်၊ ကိုယ်​တော်​သည် ကယ်​တင်​တော်​မူ၏။ သူ​တို့​သည် ကိုယ်​တော်​ကို အော်​ဟစ်၍ ကယ်​တင်​ခြင်း​သို့ ရောက်​ပါ၏။ ကိုယ်​တော်​ကို​ကိုး​စား၍ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား၊ လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ ဖြစ်​ပါ၏။ လူ​များ​ကဲ့​ရဲ့​စ​ရာ၊ လူ​စု​အ​ရှက်​ခွဲ​စ​ရာ​ဖို့ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ကို မြင်​သ​မျှ​သော​သူ​တို့​သည် ပြက်​ရယ်​ပြု​ခြင်း၊ နှုတ်​ခမ်း​ဖြဲ​ခြင်း၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ပြီ၊ သူ့​ကို​နုတ်​တော်​မူ​ပါ​လေ​စေ။ သူ၌​အ​လို​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ဆို​ကြ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​မိ​ဝမ်း​ထဲ​က​ဆွဲ​ယူ၍၊ နို့​စို့​သည်​ကာ​လ၌ စိုး​ရိမ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​တော်​မူ၏။ အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် လက်​တော်​သို့​ရောက်​ပါ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​အ​န္တ​ရာယ်​ရောက်​လု​နီး​ပါ​ပြီ။ မ​စ​သော​သူ​မ​ရှိ​ပါ။ နွား​လား​ဥ​သ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း၍၊ အား​ကြီး​သော ဗာ​ရှန်​ဥ​သ​ဘ​တို့​သည် ဝန်း​ရံ​လျက် နေ​ကြ​ပါ၏။ ကိုက်​ဖြတ်၍ ဟောက်​တတ်​သော​ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​ကို ပါး​စပ်​ဟ​ကြ​ပါ၏။ အ​ကျွန်ုပ်​သည် ရေ​ကဲ့​သို့​သွန်​ခြင်း​ကို​ခံ​ရ၍၊ အ​ရိုး​အ​ဆစ်​ရှိ​သ​မျှ​တို့​သည် ပြုတ်​ကြ​ပါ၏။ အ​ကျွန်ုပ်​နှ​လုံး​သည် ဖ​ယောင်း​ကဲ့​သို့​ဖြစ်၍၊ ရင်​ထဲ​မှာ အ​ရည်​ကျို​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ခွန်​အား​သည် အိုး​ခြမ်း​ကဲ့​သို့ ခန်း​ခြောက်၍၊ လျှာ​လည်း ပါး​ရိုး၌ ကပ်​လျက်​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို သေ​မြေ​တိုင်​အောင် ချ​တော်​မူ​ပါ​ပြီ။ ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။ ကိုယ်​အ​ရိုး​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ရေ​တွက်​နိုင်​ပါ၏။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​ကြည့်​မြင်၍ အား​ရ​လျက်​နေ​ကြ​ပါ၏။ အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍၊ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခွန်​အား​ဗ​လ၊ အ​ကျွန်ုပ်​ကို မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ကို ဓား​ဘေး​မှ​လည်း​ကောင်း၊ အ​ကျွန်ုပ်​အ​ချစ်​ဆုံး​ကို ခွေး​လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​တော်​မူ​ပါ။ ခြင်္သေ့​ခံ​တွင်း​မှ အ​ကျွန်ုပ်​ကို​ကယ်​တင်၍၊ ကြံ့​ဦး​ချို​ထဲ​မှာ အ​ကျွန်ုပ်​ခေါ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် သ​တင်း​တော်​ကို ညီ​အစ်​ကို​တို့​အား​ကြား​ပြော​ပါ​မည်။ ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​အ​ချင်း​တို့၊ ချီး​မွမ်း​ခြင်း​ကို ပြု​ကြ​လော့။ ယာ​ကုပ်​အ​မျိုး​အ​ပေါင်း​တို့၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ကြ​ပါ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​ရှေ့​မှာ၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ဝ​စွာ​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် ချီး​မွမ်း​ကြ​လိမ့်​မည်။ သင်​တို့​စိတ်​နှ​လုံး​သည် အ​စဉ်​အ​မြဲ​အား​ဖြည့်​ရ​လိမ့်​မည်။ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် သ​တိ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​လိမ့်​မည်။ လူ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုး​ကွယ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​ပိုင်​တော်​မူ၏။ လူ​မျိုး​တို့​ကို မင်း​ပြု​တော်​မူ၏။ မြေ​ကြီး​ပေါ်​မှာ ကြွယ်​ဝ​သော​သူ​အ​ပေါင်း​တို့​သည် စား၍ ကိုး​ကွယ်​ကြ​လိမ့်​မည်။ ကိုယ်​အ​သက်​ကို မ​စောင့်​နိုင်။ မြေ​မှုန့်​သို့​ဆင်း​ရ​သော သူ​အ​ပေါင်း​တို့​သည်​လည်း၊ ရှေ့​တော်၌ ညွှတ်​ပျပ်​ဝပ်​တွား ကြ​လိမ့်​မည်။ သူ​တို့​အ​မျိုး​အ​နွယ်​သည်​လည်း ဝတ်​တော်​ကို ပြု​သ​ဖြင့်၊ လူ​အ​စဉ်​အ​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သ​တင်း​တော်​ကို ကြား​ရ​ကြ​လိမ့်​မည်။ ဤ​သို့​စီ​ရင်​တော်​မူ​ပြီ​ဟု သူ​တို့​သည် ပေါ်​လာ၍၊ တ​ရား​သော​အ​မှု​တော်​ကို ဖွား​သော​လူ​မျိုး​အား ဖော်​ပြ​ရ​ကြ​လိမ့်​မည်။

ဆာလံ 22:1-31 Common Language Bible (BCL)

ကျွန်​တော်​မျိုး​၏​ဘု​ရား အို ကျွန်​တော်​မျိုး​၏ ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​သည်​ဟစ် အော်​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​တိုင်​အောင်​ကယ်​မ​တော်​မ​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘု​ရား၊​နေ့​အ​ခါ​၌​ကိုယ်​တော် အား ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ထူး​တော်​မ​မူ​ပါ။ ညဥ့်​အ​ခါ​ကျွန်​တော်​မျိုး​ခေါ်​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​စိတ်​သက်​သာ​ခွင့်​ကို မ​ရ​ပါ။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင် စံ​တော်​မူ​သော​အ​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထော​မ​နာ​ပြု​ခြင်း​ကို ခံ​တော်​မူ​ရ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​ကိုယ်​တော်​ကို ကိုး​စား​ခဲ့​ကြ​ပါ​၏။ ယင်း​သို့​သူ​တို့​ကိုး​စား​သည့်​အ​တိုင်း ကိုယ်​တော်​သည်​လည်း​သူ​တို့​အား ကယ်​တော်​မူ​ခဲ့​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​အော်​ဟစ် တောင်း​လျှောက်​ကြ​သ​ဖြင့် ဘေး​ဥ​ပဒ်​များ​မှ​လွတ်​မြောက်​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား ကြ​သည် နှင့်​အ​မျှ​အ​ကျိုး​ကို​ခံ​စား​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​လူ​မ​ဟုတ်၊ ပိုး​ကောင်​မျှ​သာ​ဖြစ်​၍​လူ​တ​ကာ​တို့​ကဲ့​ရဲ့ စ​ရာ၊ မ​ထီ​လေး​စား​ပြု​စ​ရာ​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​မြင်​သော​သူ​တိုင်း ပြောင်​လှောင်​ကြ​ပါ​၏။ သူ​တို့​သည်​လျှာ​ကို​ထုတ်​လျက်​ဦး​ခေါင်း​ကို ခါ​ကြ​ပါ​၏။ သူ​တို့​က``သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး ဘိ​၏။ ကိုယ်​တော်​သည်​သင့်​ကို​အ​ဘယ်​ကြောင့် မ​ကယ်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို နှစ်​သက်​မြတ်​နိုး​တော်​မူ​လျှင် အ​ဘယ်​ကြောင့်​သင့်​အား​ကယ်​မ​တော် မ​မူ ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ ကျွန်​တော်​မျိုး​အား​ဘေး​ဥ​ပဒ်​ကင်း​ရှင်း​စွာ အ​မိ​ဝမ်း​မှ​မွေး​ဖွား​စေ​တော်​မူ​သော​အ​ရှင် ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။ နို့​စို့​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က​လည်း ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​အ​စ ပြု​၍ ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ခဲ့​ပါ​၏။ ထို​အ​ချိန်​မှ​စ​၍​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ပါ​တော့​မည်။ ကူ​မ​မည့်​သူ​လည်း​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ဗာ​ရှန်​ဒေ​သ​မှ ကြောက်​မက်​ဖွယ်​ကောင်း​သော​နွား​သိုး​များ​ကဲ့​သို့ ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​၏။ ခြင်္သေ့​များ​ကဲ့​သို့​ခံ​တွင်း​ကို​ဟ​၍​ဟိန်း​ဟောက် ကာ ကျွန်​တော်​မျိုး​ကို​ကိုက်​ဖြတ်​မည်​ပြု​ကြ​၏။ ကျွန်​တော်​မျိုး​၏​ခွန်​အား​သည်​မြေ​ကြီး​ပေါ်​တွင် ဖိတ်​သည့်​ရေ​ကဲ့​သို့​ခန်း​ခြောက်​သွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​အား​လုံး​သည် အ​ဆစ်​ပြုတ်​လျက်​နေ​ပါ​၏။ ရင်​တွင်း​မှ​နှ​လုံး​သား​သည်​အ​ရည်​ပျော် သော ဖ​ယောင်း​ကဲ့​သို့​ဖြစ်​၍​နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​မြေ​မှုန့် ကဲ့​သို့ ခြောက်​လျက်​ကျွန်​တော်​မျိုး​၏​လျှာ​သည်​လည်း အာ​ခေါင်​တွင်​ကပ်​၍​နေ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​သေ​စေ​ရန် မြေ​မှုန့်​တွင်​စွန့်​ပစ်​ထား​တော်​မူ​ပါ​ပြီ။ လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​အား​လုံး​ပင် ပြိုင်း​ပြိုင်း ပေါ်​လာ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​အား​ရ ဝမ်း​သာ​စွာ စူး​စိုက်​၍​ကြည့်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ဝတ်​များ​ကို​သူ​တို့​သည် အ​ချင်း​ချင်း​ခွဲ​ဝေ​၍​ယူ​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝတ်​လုံ​ကို​မဲ​ချ​ကြ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ လျင်​မြန်​စွာ​ကြွ​လာ​၍​ကယ်​တော်​မူ​ပါ။ ဋ္ဌား​ဘေး​မှ​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ခွေး​ကဲ့​သို့​သော​သူ​တို့​၏​ဘေး​မှ​ကျွန်​တော် မျိုး​၏ အ​သက်​ကို​ကယ်​တော်​မူ​ပါ။ ခြင်္သေ့​ကဲ့​သို့​ကြမ်း​ကြုတ်​သော​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။ နွား​သိုး​ရိုင်း​ကဲ့​သို့​သော​သူ​တို့​၏​အ​ရှေ့​တွင် ကျွန်​တော်​မျိုး​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​ပါ​၏။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​၏​သား​ချင်း​တို့​အား​ပြော ကြား​ပါ​မည်။ ထို​သူ​တို့​စည်း​ဝေး​ရာ​တွင်​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ယာ​ကုပ်​၏​သား​မြေး​တို့၊​ကိုယ်​တော်​အား ဂုဏ်​ပြု​ချီး​ကူး​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ကိုယ်​တော်​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​လော့။ ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​အား​ပစ်​ထား တော်​မ​မူ​ပါ။ သူ​တို့​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​လည်း လျစ်​လူ​ရှု​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သူ​တို့​ကို​မျက်​နှာ​တော်​လွှဲ တော်​မ​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​သူ​တို့​အော်​ဟစ် တောင်း​လျှောက်​သည်​ကို​နား​ညောင်း​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​တွက် ကိုယ်​တော်​အား​ကိုး​ကွယ်​သူ​လူ​ပ​ရိ​သတ်​ရှေ့​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​မိ​မိ​က​တိ​သစ္စာ​ပြု​ခဲ့​သည့် အ​တိုင်း ယဇ်​ပူ​ဇော်​ပါ​မည်။ ဆင်း​ရဲ​သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ​ပါ​စေ သော။ လူ​မျိုး​တ​ကာ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍​ကိုယ်​တော်​ကို ကိုး​ကွယ်​ဆည်း​ကပ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​တော်​မူ​၏။ မာ​န​ကြီး​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​လိမ့်​မည်။ သေ​မျိုး​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌ ဦး​ညွှတ်​ရှိ​ခိုး​ကြ​လိမ့်​မည်။ အ​နာ​ဂတ်​လူ​မျိုး​ဆက်​တို့​သည်​ကိုယ်​တော်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​လိမ့်​မည်။ ယ​ခု​လူ​မျိုး​ဆက်​တို့​သည်​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ဘု​ရား​ရှင်​၏​အ​ကြောင်း တော်​ကို ပြော​ကြား​ကြ​လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​ခဲ့​၏'' ဟု​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ပြော​ကြား​ကြ​လိမ့်​မည်။

ဆာလံ 22:1-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​ကို​အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း​။ အကျွန်ုပ်​ကို​ကယ်တင်​တော်​မ​မူ​၊ အကျွန်ုပ်​ညည်းတွား​သော​စကား​တို့​ကို​လည်း နားထောင်​တော်​မ​မူ​ဘဲ အဘယ်ကြောင့် ဝေး​စွာ​နေ​တော်မူ​သနည်း​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ နေ့​အချိန်​၌​အကျွန်ုပ်​ခေါ်​သော်လည်း ကိုယ်တော်​သည် ထူး​တော်​မ​မူ​ပါ​။ ညအချိန်​၌​လည်း အကျွန်ုပ်​တွင် ငြိမ်သက်ချမ်းသာမှု​မ​ရှိ​ပါ​။ သို့သော် ကိုယ်တော်​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​၏​ချီးမွမ်း​ခြင်း​၌ စိုးစံ​တော်မူ​၏​။ အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ခဲ့​ကြ​ပါ​၏​။ သူ​တို့​ယုံကြည်ကိုးစား​ကြ​သည့်​အတိုင်း ကိုယ်တော်​သည် သူ​တို့​ကို ကယ်တင်​တော်မူ​ခဲ့​ပါ​၏​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​အော်ဟစ်​၍ လွတ်မြောက်​ရ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ကြ​သဖြင့် အရှက်ကွဲ​ခြင်း​နှင့်​ကင်းလွတ်​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား လူ​မ​ဟုတ်​၊ ပိုးကောင်​မျှသာ​ဖြစ်​ပါ​၏​။ လူ​တို့​ကဲ့ရဲ့ပြစ်တင်စရာ​နှင့် လူ​အများ​မထီမဲ့မြင်ပြုစရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​မြင်​သော​သူ​အားလုံး​သည် အကျွန်ုပ်​ကို​ပြက်ရယ်ပြု​၍ နှုတ်ခမ်း​မဲ့ရွဲ့​ကာ ခေါင်း​ကို​ခါယမ်း​လျက် “​သူ​သည် ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​ခဲ့​၏​။ ကိုယ်တော်​သည် သူ့​ကို​ကယ်တင်​ပါစေ​။ ကိုယ်တော်​သည် သူ့​ကို​နှစ်သက်​တော်မူ​သည်​ဖြစ်၍ သူ့​ကို​ကယ်နုတ်​ပါစေ​”​ဟု ဆို​ကြ​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​ကို အမိ​ဝမ်း​ထဲမှ​ထုတ်ဆောင်​၍ အကျွန်ုပ်​မိခင်​၏​ရင်ခွင်​၌ အကျွန်ုပ်​ကို​ဘေးကင်းလုံခြုံ​စွာ​နေ​စေ​တော်မူ​၏​။ အကျွန်ုပ်​သည် မွေးဖွား​လာ​သည်​နှင့် လက်​တော်​ထဲသို့​ရောက်​ပါ​၏​။ အမိ​ဝမ်း​ထဲ၌​ရှိ​ခဲ့​စဉ်ကပင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား ဆင်းရဲဒုက္ခ​သည် နီးကပ်​လာ​ပါ​ပြီ​။ ကူညီမစ​မည့်​သူ​လည်း​မ​ရှိ​ပါ​။ များစွာ​သော​နွားထီး​တို့​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဗာရှန်​နွားလား​တို့​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။ ၎င်း​တို့​သည် ကိုက်ဖဲ့​ဟိန်းဟောက်​နေ​သော ခြင်္သေ့​ကဲ့သို့ မိမိ​တို့​ပါးစပ်​ကို အကျွန်ုပ်​ဘက်​သို့​ဟ​ထား​ကြ​ပါ​၏​။ အကျွန်ုပ်​သည် ရေ​ကဲ့သို့​သွန်ချ​ခြင်း​ခံရ​၍ အကျွန်ုပ်​၏​အရိုးအဆစ်​ရှိသမျှ​တို့​သည် ပြုတ်​ကုန်​ပါ​၏​။ အကျွန်ုပ်​၏​နှလုံး​သည် ဖယောင်း​ကဲ့သို့​ဖြစ်၍ အကျွန်ုပ်​ရင်​ထဲ​၌ အရည်ပျော်​သွား​ပါ​၏​။ အကျွန်ုပ်​၏​ခွန်အား​သည် အိုးခြမ်းပဲ့​ကဲ့သို့​ခန်းခြောက်​၍ အကျွန်ုပ်​၏​လျှာ​သည် အာခေါင်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​မြေမှုန့်​ထဲ၌​ထား​တော်မူ​၏​။ အမှန်စင်စစ် ခွေး​များ​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဆိုးညစ်​သော​အမှု​ကို​ပြု​သော​လူတစ်စု​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​နှင့်​အကျွန်ုပ်​၏​လက်​ကို ထိုးဖောက်​ကြ​ပါ​၏​။ အကျွန်ုပ်​သည် အကျွန်ုပ်​၏​အရိုး​ရှိသမျှ​တို့​ကို ရေတွက်​နိုင်​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​ကို​စေ့စေ့ကြည့်​၍ အားရ​လျက်​နေ​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​အဝတ်​တို့​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​ဝတ်လုံ​အတွက် မဲ​ချ​ကြ​ပါ​၏​။ သို့သော် အို ထာဝရဘုရား​၊ ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အို အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဓားဘေး​မှ​လည်းကောင်း​၊ အကျွန်ုပ်​၏​တစ်ခုတည်း​သော​အသက်​ကို ခွေး​၏​လက်​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​ကို ခြင်္သေ့​၏​ခံတွင်း​မှ​လည်းကောင်း​၊ နွားရိုင်း​တို့​၏​ဦးချို​မှ​လည်းကောင်း ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ညီအစ်ကို​များ​အား ပြောကြား​ပါ​မည်​။ လူအစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​တို့​၊ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ ယာကုပ်​၏​အမျိုးအနွယ်​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။ အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ကြောက်ရွံ့ရိုသေ​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​ကြုံတွေ့​ရ​သည့်​ဖိနှိပ်မှု​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။ ရွံရှာ​ခြင်း​လည်း​ရှိ​တော်​မ​မူ​။ မျက်နှာ​တော်​ကို​လည်း သူ့​ထံမှ​လွှဲ​တော်​မ​မူ​ဘဲ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ သူ့​ကို​နားညောင်း​တော်မူ​၏​။ လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​၏​ချီးမွမ်း​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံ​မှ​လာ​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ရှေ့​၌ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေ​ပါ​မည်​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။ သင် တို့​စိတ်နှလုံး​သည် ထာဝစဉ်​ရှင်သန်​ပါစေ​။ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် သတိရ​ကြ​၍ ထာဝရဘုရား​ထံသို့​ပြန်လှည့်​လာ​ကြ​လိမ့်မည်​။ တိုင်းနိုင်ငံ​များ​မှ​မျိုးနွယ်စု​အပေါင်း​တို့​သည် ရှေ့​တော်​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။ အကြောင်းမူကား ဘုရင့်​အရိုက်အရာ​သည် ထာဝရဘုရား​နှင့်​ဆိုင်​တော်မူ​၏​။ ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို​အုပ်စိုး​တော်မူ​၏​။ ကမ္ဘာမြေကြီး​ပေါ်ရှိ ကြွယ်ဝ​သော​သူ​အပေါင်း​တို့​သည် စားသောက်​လျက် ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။ မိမိ​၏​စိတ်ဝိညာဉ်​ကို မ​ရှင်သန်​စေ​နိုင်​ဘဲ မြေမှုန့်​သို့​ဆင်းသွား​ရ​သော​သူ​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ညွတ်တွား​ကြ​လိမ့်မည်​။ သူ​တို့​အမျိုးအနွယ်​သည် ကိုယ်တော်​၏​အမှု​တော်​ကို​ဆောင်ရွက်​ကြ​ပြီး လာမည့်​မျိုးဆက်​အား ဘုရားရှင်​အကြောင်း​ကို​ပြောကြား​လိမ့်မည်​။ သူ​တို့​သည် လာ​၍ မွေးဖွား​လာ​မည့်​လူမျိုး​အား ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အကြောင်း​ကို ပြောကြား​ကြ​လိမ့်မည်​။ အကြောင်းမူကား ထို​အမှု​ကို​ကိုယ်တော်​ပြု​တော်မူ​ပြီ​။