YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 22:1-31

ဆာလံကျမ်း 22:1-31 MSBU

အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​ကို​အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း​။ အကျွန်ုပ်​ကို​ကယ်တင်​တော်​မ​မူ​၊ အကျွန်ုပ်​ညည်းတွား​သော​စကား​တို့​ကို​လည်း နားထောင်​တော်​မ​မူ​ဘဲ အဘယ်ကြောင့် ဝေး​စွာ​နေ​တော်မူ​သနည်း​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ နေ့​အချိန်​၌​အကျွန်ုပ်​ခေါ်​သော်လည်း ကိုယ်တော်​သည် ထူး​တော်​မ​မူ​ပါ​။ ညအချိန်​၌​လည်း အကျွန်ုပ်​တွင် ငြိမ်သက်ချမ်းသာမှု​မ​ရှိ​ပါ​။ သို့သော် ကိုယ်တော်​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​၏​ချီးမွမ်း​ခြင်း​၌ စိုးစံ​တော်မူ​၏​။ အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ခဲ့​ကြ​ပါ​၏​။ သူ​တို့​ယုံကြည်ကိုးစား​ကြ​သည့်​အတိုင်း ကိုယ်တော်​သည် သူ​တို့​ကို ကယ်တင်​တော်မူ​ခဲ့​ပါ​၏​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​အော်ဟစ်​၍ လွတ်မြောက်​ရ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ကြ​သဖြင့် အရှက်ကွဲ​ခြင်း​နှင့်​ကင်းလွတ်​ကြ​ပါ​၏​။ အကျွန်ုပ်​မူကား လူ​မ​ဟုတ်​၊ ပိုးကောင်​မျှသာ​ဖြစ်​ပါ​၏​။ လူ​တို့​ကဲ့ရဲ့ပြစ်တင်စရာ​နှင့် လူ​အများ​မထီမဲ့မြင်ပြုစရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​မြင်​သော​သူ​အားလုံး​သည် အကျွန်ုပ်​ကို​ပြက်ရယ်ပြု​၍ နှုတ်ခမ်း​မဲ့ရွဲ့​ကာ ခေါင်း​ကို​ခါယမ်း​လျက် “​သူ​သည် ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​ခဲ့​၏​။ ကိုယ်တော်​သည် သူ့​ကို​ကယ်တင်​ပါစေ​။ ကိုယ်တော်​သည် သူ့​ကို​နှစ်သက်​တော်မူ​သည်​ဖြစ်၍ သူ့​ကို​ကယ်နုတ်​ပါစေ​”​ဟု ဆို​ကြ​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​ကို အမိ​ဝမ်း​ထဲမှ​ထုတ်ဆောင်​၍ အကျွန်ုပ်​မိခင်​၏​ရင်ခွင်​၌ အကျွန်ုပ်​ကို​ဘေးကင်းလုံခြုံ​စွာ​နေ​စေ​တော်မူ​၏​။ အကျွန်ုပ်​သည် မွေးဖွား​လာ​သည်​နှင့် လက်​တော်​ထဲသို့​ရောက်​ပါ​၏​။ အမိ​ဝမ်း​ထဲ၌​ရှိ​ခဲ့​စဉ်ကပင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရား​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား ဆင်းရဲဒုက္ခ​သည် နီးကပ်​လာ​ပါ​ပြီ​။ ကူညီမစ​မည့်​သူ​လည်း​မ​ရှိ​ပါ​။ များစွာ​သော​နွားထီး​တို့​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဗာရှန်​နွားလား​တို့​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။ ၎င်း​တို့​သည် ကိုက်ဖဲ့​ဟိန်းဟောက်​နေ​သော ခြင်္သေ့​ကဲ့သို့ မိမိ​တို့​ပါးစပ်​ကို အကျွန်ုပ်​ဘက်​သို့​ဟ​ထား​ကြ​ပါ​၏​။ အကျွန်ုပ်​သည် ရေ​ကဲ့သို့​သွန်ချ​ခြင်း​ခံရ​၍ အကျွန်ုပ်​၏​အရိုးအဆစ်​ရှိသမျှ​တို့​သည် ပြုတ်​ကုန်​ပါ​၏​။ အကျွန်ုပ်​၏​နှလုံး​သည် ဖယောင်း​ကဲ့သို့​ဖြစ်၍ အကျွန်ုပ်​ရင်​ထဲ​၌ အရည်ပျော်​သွား​ပါ​၏​။ အကျွန်ုပ်​၏​ခွန်အား​သည် အိုးခြမ်းပဲ့​ကဲ့သို့​ခန်းခြောက်​၍ အကျွန်ုပ်​၏​လျှာ​သည် အာခေါင်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​မြေမှုန့်​ထဲ၌​ထား​တော်မူ​၏​။ အမှန်စင်စစ် ခွေး​များ​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဆိုးညစ်​သော​အမှု​ကို​ပြု​သော​လူတစ်စု​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​နှင့်​အကျွန်ုပ်​၏​လက်​ကို ထိုးဖောက်​ကြ​ပါ​၏​။ အကျွန်ုပ်​သည် အကျွန်ုပ်​၏​အရိုး​ရှိသမျှ​တို့​ကို ရေတွက်​နိုင်​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​ကို​စေ့စေ့ကြည့်​၍ အားရ​လျက်​နေ​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​အဝတ်​တို့​ကို အချင်းချင်း​ခွဲဝေ​ကြ​၍ အကျွန်ုပ်​၏​ဝတ်လုံ​အတွက် မဲ​ချ​ကြ​ပါ​၏​။ သို့သော် အို ထာဝရဘုရား​၊ ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အို အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​ကို​ကူညီမစ​ရန် အလျင်အမြန်​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဓားဘေး​မှ​လည်းကောင်း​၊ အကျွန်ုပ်​၏​တစ်ခုတည်း​သော​အသက်​ကို ခွေး​၏​လက်​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​ကို ခြင်္သေ့​၏​ခံတွင်း​မှ​လည်းကောင်း​၊ နွားရိုင်း​တို့​၏​ဦးချို​မှ​လည်းကောင်း ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို အကျွန်ုပ်​ညီအစ်ကို​များ​အား ပြောကြား​ပါ​မည်​။ လူအစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​တို့​၊ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။ ယာကုပ်​၏​အမျိုးအနွယ်​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​လော့​။ အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ကြောက်ရွံ့ရိုသေ​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​ကြုံတွေ့​ရ​သည့်​ဖိနှိပ်မှု​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။ ရွံရှာ​ခြင်း​လည်း​ရှိ​တော်​မ​မူ​။ မျက်နှာ​တော်​ကို​လည်း သူ့​ထံမှ​လွှဲ​တော်​မ​မူ​ဘဲ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ သူ့​ကို​နားညောင်း​တော်မူ​၏​။ လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​၏​ချီးမွမ်း​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံ​မှ​လာ​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ရှေ့​၌ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေ​ပါ​မည်​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။ သင် တို့​စိတ်နှလုံး​သည် ထာဝစဉ်​ရှင်သန်​ပါစေ​။ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် သတိရ​ကြ​၍ ထာဝရဘုရား​ထံသို့​ပြန်လှည့်​လာ​ကြ​လိမ့်မည်​။ တိုင်းနိုင်ငံ​များ​မှ​မျိုးနွယ်စု​အပေါင်း​တို့​သည် ရှေ့​တော်​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။ အကြောင်းမူကား ဘုရင့်​အရိုက်အရာ​သည် ထာဝရဘုရား​နှင့်​ဆိုင်​တော်မူ​၏​။ ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို​အုပ်စိုး​တော်မူ​၏​။ ကမ္ဘာမြေကြီး​ပေါ်ရှိ ကြွယ်ဝ​သော​သူ​အပေါင်း​တို့​သည် စားသောက်​လျက် ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။ မိမိ​၏​စိတ်ဝိညာဉ်​ကို မ​ရှင်သန်​စေ​နိုင်​ဘဲ မြေမှုန့်​သို့​ဆင်းသွား​ရ​သော​သူ​ရှိသမျှ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ညွတ်တွား​ကြ​လိမ့်မည်​။ သူ​တို့​အမျိုးအနွယ်​သည် ကိုယ်တော်​၏​အမှု​တော်​ကို​ဆောင်ရွက်​ကြ​ပြီး လာမည့်​မျိုးဆက်​အား ဘုရားရှင်​အကြောင်း​ကို​ပြောကြား​လိမ့်မည်​။ သူ​တို့​သည် လာ​၍ မွေးဖွား​လာ​မည့်​လူမျိုး​အား ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အကြောင်း​ကို ပြောကြား​ကြ​လိမ့်မည်​။ အကြောင်းမူကား ထို​အမှု​ကို​ကိုယ်တော်​ပြု​တော်မူ​ပြီ​။