ဆာလံ 145:14-21
ဆာလံ 145:14-21 Judson Bible (JBMLE)
နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။ ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ၍၊ အချိန်တန်မှ သူတို့ကို ကျွေးမွေးတော်မူ၏။ လက်တော်ကိုဖွင့်၍၊ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။ ထာဝရဘုရား၏လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ်၍၊ ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။ ထာဝရဘုရားသည် ပတ္ထနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပတ္ထနာပြုသောသူအပေါင်းတို့၏အနီးအပါး၌ ရှိတော်မူ၏။ ကြောက်ရွံ့သောသူတို့၏အလိုကို ပြည့်စုံစေတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်တင်တော်မူ၏။ ထာဝရဘုရားသည် ကြည်ညိုသူအပေါင်းတို့ကို စောင့်မတော်မူ၏။ မတရားသောသူအပေါင်းတို့ကိုကား၊ ဖျက်ဆီးတော်မူမည်။ ထာဝရဘုရားကိုချီးမွမ်းလျက် ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကမ္ဘာအဆက်ဆက် ကောင်းချီးပေးကြစေ။
ဆာလံ 145:14-21 Common Language Bible (BCL)
ကိုယ်တော်သည်ဒုက္ခရောက်သူအပေါင်းကို ကူမတော်မူ၏။ လဲကျနေသူအပေါင်းကိုကူမတော်မူ၏။ သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။ ကိုယ်တော်သည်သူတို့၏လိုအင်များကို လုံလောက်စွာ ဖြည့်တင်းပေးကာသူတို့ကိုရောင့်ရဲစေတော်မူ၏။ ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။ ကိုယ်တော်သည်မိမိအားစိတ်ရောကိုယ်ပါ ပတ္ထနာပြုကြသူအပေါင်းတို့၏အနီးတွင် ရှိတော်မူ၏။ ကိုယ်တော်သည်မိမိအား ကြောက်ရွံ့ရိုသေသူအပေါင်းတို့၏လိုအင် များကို ဖြည့်တင်းပေးတော်မူ၏။ သူတို့၏ဟစ်အော်သံကိုကြားတော်မူ၍ သူတို့အားကယ်တော်မူ၏။ ကိုယ်တော်သည်မိမိအားချစ်သောသူအပေါင်း တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သူယုတ်မာအပေါင်းတို့ကိုမူကား သုတ်သင်တော်မူလိမ့်မည်။ ငါသည်ထာဝရဘုရားအားအစဉ်အမြဲ ထောမနာပြုမည်။ သတ္တဝါအပေါင်းတို့သည်ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သည့်နာမတော်အား ကာလ အစဉ်အဆက်ထောမနာပြုကြပါစေ။
ဆာလံ 145:14-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထာဝရဘုရားသည် လဲကျသောသူရှိသမျှတို့ကို ထောက်မ၍ ကိုင်းညွတ်နိမ့်ကျနေသောသူအပေါင်းတို့ကို ထူမတော်မူ၏။ လူအပေါင်းတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြပါ၏။ ကိုယ်တော်သည်လည်း အချိန်တန်လျှင် သူတို့အား အစားအစာကို ပေးတော်မူပါ၏။ လက်တော်ကိုဖွင့်၍ သက်ရှိသတ္တဝါအပေါင်းတို့၏ အလိုကို ပြည့်စုံကြွယ်ဝစေတော်မူ၏။ ထာဝရဘုရားသည် မိမိ၏လမ်းတော်ရှိသမျှတို့၌ ဖြောင့်မတ်၍ မိမိပြုတော်မူသောအမှုရှိသမျှတို့၌ သစ္စာရှိတော်မူ၏။ ထာဝရဘုရားသည် မိမိကိုခေါ်သောသူအားလုံး၊ သမ္မာတရားနှင့်အညီ မိမိကိုခေါ်သောသူအားလုံး၏ အနီးတွင်ရှိတော်မူ၏။ ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။ ထာဝရဘုရားသည် မိမိကိုချစ်သောသူအပေါင်းတို့ကို စောင့်ရှောက်တော်မူ၏။ ဆိုးယုတ်သောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူလိမ့်မည်။ ငါ၏နှုတ်သည် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုမြွက်ဆိုမည်။ သတ္တဝါအပေါင်းတို့သည် ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြပါစေ။