YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 140:1-13

ဆာလံ 140:1-13 Judson Bible (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ဆိုး​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ ကြမ်း​တမ်း​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ။ ထို​သူ​တို့​သည် နှ​လုံး​ထဲ​မှာ မ​ကောင်း​သော​အ​ကြံ​အ​စည်​ရှိ၍၊ စစ်​မှု​ကို အ​စဉ်​နှိုး​ဆော်​ကြ​ပါ၏။ သူ​တို့​သည်​မြွေ​ကဲ့​သို့ မိ​မိ​တို့​လျှာ​ကို​သွေး​တတ်​ကြ​ပါ၏။ သူ​တို့​နှုတ်​ခမ်း​အ​ထဲ​မှာ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ရှိ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ၏​လက်​မှ အ​ကျွန်ုပ်​ကို ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ။ ကြမ်း​တမ်း​သော သူ၏​လက်​မှ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို​လှဲ​ခြင်း​ငှာ ကြံ​စည်​ကြ​ပါ၏။ မာ​န​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​ဖို့​ကျော့​ကွင်း​နှင့် ကြိုး​သေး​များ​ကို ဝှက်​ထား​ကြ​ပါ၏။ အ​ကျွန်ုပ်​သွား​ရာ​လမ်း၌ ကွန်​ရွက်​ကို​ဖြန့်၍ ညွှတ်​များ​ကို​ထား​ကြ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အို​ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကယ်​တင်​ခြင်း​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ စစ်​တိုက်​ရ​သော​နေ့၌ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ဖုံး​အုပ်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ၏ အ​လို​ပြည့်​စုံ​ရ​သော​အ​ခွင့်၊ သူ၏​အ​ကြံ​ထ​မြောက်​ရ​သော​အ​ခွင့် ရှိ​စေ​တော်​မ​မူ​ပါ​နှင့်။ ထို​သို့​သော​သူ​တို့​သည် အ​ကျွန်ုပ်​ပတ်​လည်၌၊ မိ​မိ​တို့​ဦး​ခေါင်း​ကို မ​ချီး​မြှောက်​ရ​ဘဲ၊ မိ​မိ​တို့​မြွက်​ဆို​သော မ​ကောင်း​ကျိုး​သည် မိ​မိ​တို့​ကို လွှမ်း​မိုး​ပါ​စေ​သော။ မီး​ခဲ​တို့​သည် ထို​သူ​တို့​အ​ပေါ်​သို့ ကျ​ရောက်​ကြ​ပါ​စေ​သော။ မီး​ထဲ​သို့​လည်း​ကောင်း၊ နက်​သော​တွင်း​ထဲ​သို့​လည်း​ကောင်း ကျ​ကြ​ပါ​စေ​သော။ တစ်​ဖန်​မ​ထ​ကြ​ပါ​စေ​နှင့်။ ကဲ့​ရဲ့​တတ်​သော​သူ​သည် မြေ​ပေါ်​မှာ​နေ​ရာ​မ​မြဲ​ပါ​စေ​နှင့်။ ကြမ်း​တမ်း​သော​သူ​ကို​လည်း ဖျက်​ဆီး​သည်​တိုင်​အောင် ဘေး​ဥ​ပဒ်​သည် လိုက်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​ရဲ​သော​သူ၏​အ​မှု​ကို​စောင့်၍၊ ငတ်​မွတ်​သော​သူ​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​မည်​ဟု ငါ​သိ၏။ အ​ကယ်​စင်​စစ်​တ​ရား​သော​သူ​တို့​သည် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​တို့​သည် အ​ထံ​တော်၌ နေ​ရ​ကြ​ပါ​လိမ့်​မည်။

ဆာလံ 140:1-13 Common Language Bible (BCL)

အို ထာ​ဝ​ရ​ဘု​ရား၊ ဆိုး​ညစ်​သူ​တို့​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။ သူ​တို့​သည်​အ​စဉ်​ပင်​မ​ကောင်း​မှု​ပြု​ရန် ကြံ​စည်​လျက်​အ​စဉ်​ပင်​ခိုက်​ရန်​ဖြစ်​ပွား စေ​ရန် လှုံ့​ဆော်​ပေး​ကြ​ပါ​၏။ သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​ပြင်း​သော​မြွေ​နှင့်​တူ​၍ သူ​တို့​၏​စ​ကား​သည်​မြွေ​ဟောက်​၏ အ​ဆိပ်​နှင့်​တူ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သူ​ယုတ်​မာ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပြို​လဲ​ပျက်​စီး​စေ​ရန်​ကြံ​စည်​သူ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​လုံ​ခြုံ​စွာ ထား​တော်​မူ​ပါ။ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဖမ်း​ရန် လမ်း​တွင်​ပိုက်​ကွန်​ကို​ဖြန့်​၍​ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ​ပြီ။ ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။ အို ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။ အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​စွမ်း​အား​ကြီး​သော​ကယ်​တင်​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ​တွင် ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​ယုတ်​မာ​၏​အ​လို​ဆန္ဒ​ကို ပြည့်​စုံ​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​အား​အောင်​ပွဲ​ခံ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အား​ခြိမ်း​ခြောက်​ပြော​ဆို​သ​မျှ တို့​ကို သူ​တို့​ခံ​ကြ​ရ​ပါ​စေ​သော။ မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။ သူ​တစ်​ပါး​တို့​အား​လိမ်​လည်​စွပ်​စွဲ​ကြ သူ​တို့​သည် မ​အောင်​မြင်​ပါ​စေ​နှင့်။ မ​ကောင်း​မှု​သည်​အ​ကြမ်း​ဖက်​သ​မား​တို့​အား အ​မီ​လိုက်​၍​သုတ်​သင်​ဖျက်​ဆီး​ပါ​စေ​သော။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဆင်း​ရဲ​သူ​တို့​၏​အ​ကျိုး​နှင့် ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏​အ​ခွင့်​အ​ရေး​များ​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။ သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​မှန်​ပင် ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​တွင် နေ​ရ​ကြ​ပါ​လိမ့်​မည်။

ဆာလံ 140:1-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ထာဝရဘုရား​၊ ဆိုးညစ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။ ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို ကာကွယ်​တော်မူ​ပါ​။ သူ​တို့​သည် စိတ်နှလုံး​ထဲ၌ မကောင်းမှု​များ​ကို ကြံစည်​လျက် စစ်ပွဲ​များ​ဖြစ်ပွား​အောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်​တတ်​ကြ​ပါ​၏​။ သူ​တို့​သည် မိမိ​တို့​လျှာ​ကို မြွေ​၏​လျှာ​ကဲ့သို့ ချွန်ထက်​စေ​တတ်​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​အောက်​တွင် မြွေဆိုး​၏​အဆိပ်​ရှိ​ပါ​၏​။ (​စေလာ ) အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ခြေ​ထိုး​ရန်​ကြံစည်​သည့် ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို​ကာကွယ်​တော်မူ​ပါ​။ မောက်မာ​သော​သူ​တို့​သည် ကြိုး​များ​ဖြင့် အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။ သူ​တို့​သည် လမ်း​ပေါ်တွင်​ပိုက်ကွန်​ကို​ဖြန့်​ထား​လျက် အကျွန်ုပ်​အတွက် ထောင်ချောက်​များ​ဆင်​ထား​ကြ​ပါ​၏​။ (​စေလာ ) “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင် ဖြစ်​တော်မူ​၏​”​ဟု ထာဝရဘုရား​အား အကျွန်ုပ်​လျှောက်ထား​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အသနားခံ​သော​အသံ​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​အတွက် ကယ်တင်​ခြင်း​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော အို ဘုရားရှင်​ထာဝရဘုရား​၊ စစ်တိုက်​ရ​သော​နေ့​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို အုပ်မိုး​ကွယ်ကာ​ပေး​တော်မူ​၏​။ အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​အလိုဆန္ဒ​ကို ဖြည့်ဆည်း​ပေး​တော်​မ​မူ​ပါ​နှင့်​။ သူ​၏​အကြံ​ကို​ထမြောက်​စေ​တော်​မ​မူ​ပါ​နှင့်​။ (​စေလာ ) အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​သော​သူ​တို့​သည် မာန်ထောင်​ကြ​ပါ​၏​။ သူ​တို့​၏​နှုတ်ခမ်း​မှ​ထွက်​သော​မကောင်းကျိုး​သည် သူ​တို့​ကို​ဖုံးလွှမ်း​ကြ​ပါစေ​။ မီးခဲ​များ​သည် သူ​တို့​အပေါ်​သို့​ကျရောက်​ပါစေသော​။ သူ​တို့​သည် မီး​ထဲသို့​လည်းကောင်း​၊ တွင်းနက်​ထဲသို့​လည်းကောင်း ပစ်ချ​ခြင်း​ခံရ​ပါစေသော​။ တစ်ဖန် မ​ထ​ကြ​ပါစေ​နှင့်​။ သူတစ်ပါး​ကို​အသရေပျက်​အောင် ပြောဆို​သော​သူ​တို့​သည် မြေကြီး​ပေါ်၌ တည်မြဲ​ခြင်း​မ​ရှိ​ကြ​ပါစေ​နှင့်​။ ဘေးအန္တရာယ်​သည် ရက်စက်ကြမ်းကြုတ်​သော​သူ​ကို လိုက်​၍ နှိမ်နင်း​ဖျက်ဆီး​ပါစေသော​။ ထာဝရဘုရား​သည် အဖိနှိပ်​ခံရ​သော​သူ​တို့​၏ အမှုကိစ္စ​ကို ဆောင်ရွက်​ပေး​၍ နွမ်းပါး​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​တော်မူ​ကြောင်း ငါ​သိ​၏​။ ဖြောင့်မတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို အမှန်ပင်​ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ နေထိုင်​ရ​ကြ​ပါ​လိမ့်မည်​။