YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:31-43

ဆာလံ 107:31-43 Judson Bible (JBMLE)

လူ​သား​တို့၌ ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ လူ​ပ​ရိ​သတ်၏​အ​လယ်​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မြှောက်၍ အ​သက်​ကြီး​သူ​တို့၏ အ​စည်း​အ​ဝေး၌ ချီး​မွမ်း​ကြ​စေ။ မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စမ်း​ရေ​ထွက်​ရာ​အ​ရပ်​ကို​လည်း သွေ့​ခြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ မြေ​ကောင်း​သော​ပြည်​ကို ပြည်​သူ​ပြည်​သား​တို့၏​အ​ပြစ်​ကြောင့် ဆား​မြေ​ဖြစ်​စေ​တော်​မူ၏။ တစ်​ဖန် လွင်​ပြင်​ကို ရေ​နှင့်​ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သွေ့​ခြောက်​သော​အ​ရပ်​ကို​လည်း စမ်း​ရေ​ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။ ထို​အ​ရပ်၌​လည်း၊ ငတ်​မွတ်​သော​သူ​တို့​ကို နေ​ရာ​ချ​တော်​မူ၍၊ သူ​တို့​သည် မိ​မိ​နေ​စ​ရာ​ဖို့ မြို့​ကို​တည်​ကြ၏။ လယ်​လုပ်​လျက်၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း စိုက်​ပျိုး​လျက်၊ မြေ​အ​သီး​အ​နှံ​တို့​ကို ပြု​စု​ကြ၏။ ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။ တစ်​ဖန် သူ​တို့​သည်​လျော့၍ ညှဉ်း​ဆဲ​ခြင်း၊ ငြို​ငြင်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​အား​ဖြင့် နှိမ့်​ချ​လျက်​နေ​ရ​ကြ၏။ မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ လမ်း​မ​ရှိ​သော တော​အ​ရပ်၌​လည်​စေ​တော်​မူ၏။ ဆင်း​ရဲ​သော​သူ​ကို​လည်း ဒု​က္ခ​မှ​ထ​မြောက်​စေ၍၊ သိုး​စု​ကဲ့​သို့ အိမ်​ထောင်​ပွား​များ​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​သည်​မြင်၍၊ ဝမ်း​မြောက်​ကြ၏။ ခပ်​သိမ်း​သော​ဒု​စ​ရိုက်​သည်​လည်း မိ​မိ​နှုတ်​ကို ပိတ်​ရ၏။ အ​ကြင်​သူ​သည် ပ​ညာ​ရှိ၏၊ ထို​သူ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို​ဆင်​ခြင်၍၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို နား​လည်​လိမ့်​မည်။

ဆာလံ 107:31-43 Common Language Bible (BCL)

သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အ​တွက်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ သူ​တို့​သည်​ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို လူ​တို့ စု​ဝေး​ရာ​အ​ရပ်​၌​ထုတ်​ဖော်​ကြေ​ညာ​ကြ​ရ​ပေ​မည်။ ခေါင်း​ဆောင်​များ​အ​စည်း​အ​ဝေး​၌​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​ရ​ပေ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​များ​ကို​လုံး​ဝ ခန်း​ခြောက်​စေ​တော်​မူ​၏။ စမ်း​ချောင်း​များ​ကို​လည်း​ဆို့​ပိတ်​၍​ထား​တော်​မူ​၏။ ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ကိုယ်​တော်​သည် မြေ​ကောင်း​မြေ​သန့်​ကို အ​သုံး​မ​ဝင်​သည့်​ဆား​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​သဲ​ကန္တာ​ရ​များ​ကို​ရေ​အိုင်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သည့်​ဒေ​သ​များ​ကို​စမ်း​ရေ​ပေါက် အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​တော်​မူ​၏။ ထို​ဒေ​သ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​အား နေ​ထိုင်​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​မိ​မိ​တို့​နေ​ထိုင်​ရန်​မြို့​ကို တည်​ကြ​၏။ သူ​တို့​သည်​လယ်​ယာ​လုပ်​ကိုင်​ကာ​စ​ပျစ်​ပင် များ​ကို စိုက်​ပျိုး​ကြ​၏။ ယင်း​တို့​သည်​များ​စွာ​သော​အ​သီး​အ​နှံ တို့​ကို​ဆောင်​ကုန်​၏။ ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်​သူ​တို့​သည် သား​သ​မီး​များ​စွာ​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​နွား​အုပ်​များ​ကို​လည်း မ​ယုတ်​မ​လျော့​စေ​ရန်​စောင့်​ရှောက်​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရက်​စက်​စွာ ဖိ​စီး​နှိပ်​စက်​မှု​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် အ​ရေး​ရှုံး​နိမ့်​ကာ​အ​ရှက်​တ​ကွဲ​ဖြစ်​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍ လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။ သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​၍​ဝမ်း​မြောက်​ကုန်​၏။ သူ​ယုတ်​မာ​အပေါင်း​တို့​သည်​ကား​နှုတ်​ပိတ်​၍ နေ​ရ​ကြ​၏။ အ​သိ​ပညာ​ရှိ​သူ​တို့​သည်​ဤ​အ​မှု​အ​ရာ တို့​ကို နှ​လုံး​သွင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​စေ။

ဆာလံ 107:31-43 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမြှောက်​၍ သက်ကြီးဝါကြီး​တို့​စုဝေး​ရာ​အရပ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။ ကိုယ်တော်​သည် မြစ်​များ​ကို တောကန္တာရ​အဖြစ်​သို့​လည်းကောင်း​၊ စမ်းရေ​ထွက်​ရာ​အရပ်​များ​ကို ခြောက်ကပ်​သော​အရပ်​အဖြစ်​သို့​လည်းကောင်း​၊ အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။ ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။ တစ်ဖန် ကိုယ်တော်​သည် တောကန္တာရ​ကို ရေအိုင်​အဖြစ်​သို့​လည်းကောင်း​၊ ခြောက်သွေ့​သော​မြေ​ကို စမ်းရေ​ထွက်​ရာ​အရပ်​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​ပြီး ဆာလောင်မွတ်သိပ်​သော​သူ​တို့​ကို ထို​အရပ်​တို့​၌​နေထိုင်​စေ​တော်မူ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​နေထိုင်​ရန်​မြို့​ကို တည်​ကြ​၏​။ လယ်ယာ​များ​၌ မျိုးစေ့ကြဲ​၍ စပျစ်ခြံ​များ​ကို​စိုက်ပျိုး​ကာ ရိတ်သိမ်းစရာ​အသီးအနှံ​တို့​ကို​ရရှိ​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် သူ​တို့​သည် အလွန်​တိုးပွား​ကြ​၏​။ သူ​တို့​၏​တိရစ္ဆာန်​ကို​လည်း လျော့နည်း​စေ​တော်​မ​မူ​ခဲ့​ပေ​။ ထို့နောက် သူ​တို့​သည် ဖိစီးမှု​၊ ဘေးအန္တရာယ်​နှင့်​ဝမ်းနည်း​ခြင်း​ကြောင့် လျော့နည်း​လာ​၍ နှိမ့်ချ​လျက်​နေ​ကြ​ရ​၏​။ ကိုယ်တော်​သည် မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍ သူ​တို့​ကို လမ်း​မ​ရှိ​သော လွင်တီးခေါင်အရပ်​၌ လှည့်လည်သွားလာ​စေ​တော်မူ​၏​။ နွမ်းပါး​သော​သူ​တို့​ကို​ကား ဖိစီးနှိပ်စက်မှု​ထဲမှ​ကယ်နုတ်​၍ လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​၏​။ သူ​တို့​၏​မျိုးနွယ်စု​များ​ကို​လည်း သိုးအုပ်​ကဲ့သို့ ပွားများ​စေ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​သည် ထို​အမှုအရာ​ကို​မြင်​၍ ဝမ်းမြောက်​ကြ​၏​။ မတရားမှု​ရှိသမျှ​တို့​မူကား နှုတ်ဆိတ်​နေ​ကြ​ရ​၏​။ မည်သူ​သည် ပညာရှိ​ဖြစ်​သနည်း​။ ထို​သူ​သည် ဤ​အမှုအရာ​တို့​ကို​မှတ်သားဆင်ခြင်​၍ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို နားလည်​ပါစေ​။