ဆာလံ 107:17-22
ဆာလံ 107:17-22 Judson Bible (JBMLE)
မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ၍၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံရကြ၏။ စားစရာအမျိုးမျိုးကိုရွံ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ၏။ ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။ နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နုတ်ယူတော်မူ၏။ လူသားတို့၌ ပြုတော်မူသောကရုဏာနှင့် အံ့ဖွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ ကျေးဇူးတော် ဝန်ခံရာယဇ်ကိုပူဇော်၍၊ ရွှင်လန်းသောအသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ။
ဆာလံ 107:17-22 Common Language Bible (BCL)
အချို့သောသူတို့သည်မိမိတို့၏အပြစ်များ ကြောင့် ဖျားနာရကြ၏။ မိမိတို့၏ဒုစရိုက်များကြောင့်ဆင်းရဲဒုက္ခ ရောက်ရကြ၏။ သူတို့သည်အစားအစာကိုပင်ကြည့်ချင်စိတ် မရှိတော့ဘဲ သေမင်း၏တံခါးဝအနီးသို့ရောက်ရကြ၏။ ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။ ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။ သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ် ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ ဝမ်းမြောက်စွာသီချင်းဆိုလျက် ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
ဆာလံ 107:17-22 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အချို့တို့သည် မိမိတို့ကျူးလွန်သော အပြစ်၏လမ်းစဉ်ကြောင့် ဆိုးမိုက်သောသူဖြစ်ကြပြီး မိမိတို့၏ဒုစရိုက်များကြောင့် ဒုက္ခဝေဒနာခံစားကြရ၏။ သူတို့၏စိတ်ဝိညာဉ်သည် အစားအစာမှန်သမျှကို စက်ဆုပ်ရွံရှာ၍ သေခြင်း၏တံခါးဝအနီးသို့ ရောက်ကြ၏။ ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံသို့အော်ဟစ်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကိုကယ်တင်တော်မူ၏။ မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ သူတို့ကိုကျန်းမာစေတော်မူပြီး သူတို့ကို ပျက်စီးခြင်းတွင်းထဲမှ လွတ်မြောက်စေတော်မူ၏။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။