YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 107:1-9

ဆာလံ 107:1-9 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ရန်​သူ၏​လက်​မှ ထာ​ဝ​ရ​ဘု​ရား​နုတ်၍ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ်​ရပ်​ထဲ​က စု​သိမ်း​သော သူ​တည်း​ဟူ​သော၊ ရွေး​တော်​မူ​သော​သူ​တို့​သည် ဝန်​ခံ​ကြ​စေ။ သူ​တို့​သည် တော​တွင်း လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်၍၊ နေ​စ​ရာ​မြို့​သို့ ရောက်​သော​လမ်း​ကို မ​တွေ့​ကြ။ ဆာ​ငတ်​မွတ်​သိပ်၍ စိတ်​ပျက်​ကြ၏။ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ထဲ​က ဆယ်​နုတ်​တော်​မူ၏။ သူ​တို့​နေ​စ​ရာ​မြို့​သို့ ရောက်​စေ​ခြင်း​ငှာ၊ ဖြောင့်​သော​လမ်း​ဖြင့် ပို့​ဆောင်​တော်​မူ၏။ လူ​သား​တို့၌​ပြု​တော်​မူ​သော က​ရု​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ တောင့်​တ​သော​ဝိ​ညာဉ်​ကို ရောင့်​ရဲ​စေ၍၊ မွတ်​သိပ်​သော​ဝိ​ညာဉ်​ကို​လည်း၊ ကောင်း​သော​အ​ရာ​နှင့် ဝ​စေ​တော်​မူ၏။

ဆာလံ 107:1-9 Common Language Bible (BCL)

``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​၏'' ဟု​ ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။ လူ​အ​ချို့​တို့​သည်​လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ တွင် လှည့်​လည်​လျက်​နေ​ခဲ့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​စ​ရာ​မြို့​သို့​သွား​ရာ လမ်း​ကို​ရှာ​၍​မ​တွေ့​ကြ။ သူ​တို့​သည်​အ​စာ​ငတ်​ရေ​ငတ်​ကြ​လျက် စိတ်​ပျက်​အား​လျော့​ကြ​၏။ သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာ ကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော် မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန်​မြို့​သို့​လမ်း ဖြောင့်​ဖြင့် ပို့​ဆောင်​တော်​မူ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊ မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ​များ အ​တွက်​လည်း​ကောင်း ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ရ ကြ​ပေ​မည်။ ကိုယ်​တော်​သည်​ရေ​ငတ်​သူ​တို့​အား ရေ​ငတ်​ပြေ​စေ​တော်​မူ​၏။ ဆာ​လောင်​မွတ်​သိပ်​သူ​တို့​အား​ကောင်း​သော အ​ရာ​များ​နှင့်​ဝ​စေ​တော်​မူ​၏။

ဆာလံ 107:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏ မေတ္တာကရုဏာ​သည် အစဉ်အမြဲ​တည်​၏​။ ထာဝရဘုရား​ရွေးနုတ်​တော်မူ​သော​သူ​တို့​သည် ထိုသို့​ဆို​ကြ​ပါစေ​။ ကိုယ်တော်​သည် သူ​တို့​ကို ရန်သူ​၏​လက်​မှ​ရွေးနုတ်​၍ သူ​တို့​ကို အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​ရှိ တိုင်းပြည်​တို့​မှ ခေါ်ယူစုစည်း​တော်မူ​၏​။ အချို့​တို့​သည် တောကန္တာရ​ထဲ၌ ကန္တာရ​လမ်း​တွင် လှည့်လည်သွားလာ​ကြ​ပြီး မိမိ​တို့​နေထိုင်​ရန်​မြို့​ကို ရှာ​မ​တွေ့​ကြ​ချေ​။ သူ​တို့​သည် ဆာလောင်မွတ်သိပ်​လျက်​၊ ရေငတ်​လျက်​၊ သူ​တို့​၏​ဝိညာဉ်​သည် သူ​တို့​အထဲ​၌​ညှိုးငယ်​လျက် ရှိ​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို ကယ်နုတ်​တော်မူ​၏​။ သူ​တို့​နေထိုင်​ရန်​မြို့​သို့​ရောက်​ရန် ဖြောင့်​သော​လမ်း​ဖြင့် သူ​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။ အကြောင်းမူကား ကိုယ်တော်​သည် ဆာငတ်​သော​စိတ်ဝိညာဉ်​ကို ဝလင်​စေ​၍ ဆာလောင်မွတ်သိပ်​သော​စိတ်ဝိညာဉ်​ကို ကောင်း​သော​အရာ​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။