သုတ္တံ 8:1-36
သုတ္တံ 8:1-36 Judson Bible (JBMLE)
ဉာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။ မြင့်သောအရပ်ထိပ်၌လည်းကောင်း၊ လမ်းခရီးအနား၌လည်းကောင်း ရပ်နေ၏။ ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာကြွေးကြော်၍၊ အချင်းလူတို့၊ သင်တို့အား ငါခေါ်၏။ လူသားတို့အား အသံကိုငါလွှင့်၏။ ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နားလည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသောဉာဏ်ရှိကြလော့။ နားထောင်ကြ။ မြတ်သောစကားကို ငါပြောမည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။ ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကိုစက်ဆုပ်ရွံရှာ၏။ ငါဟောပြောသမျှသော စကားတို့သည်ဖြောင့်မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘောနှင့် ကင်းစင်ကြ၏။ နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အားဟုတ်မှန်ကြ၏။ ငွေအရင်၊ ငါ့နည်းကိုလည်းကောင်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကိုလည်းကောင်း ခံယူကြလော့။ အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက်သာ၍မြတ်၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ ငါ့ဉာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံအတတ်များကိုဖော်တတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကို မုန်းသောသဘောတည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။ အကြံပေးနိုင်သောအခွင့်နှင့် ပညာရတနာသည် ငါ၌ရှိ၏။ ငါသည် ဉာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသောအခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသောအခွင့် ရှိကြ၏။ ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီးအပေါင်းတို့သည် အစိုးရသောအခွင့်ရှိကြ၏။ ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ ငါ၌စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏။ မြဲသောစည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။ ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင်ထက်သာ၍မြတ်၏။ ငါကြောင့်ရသော အခွန်ဘဏ္ဍာ သည် ငွေတော်ထက်သာ၍မြတ်၏။ ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ လျှောက်သွားသည်ဖြစ်၍၊ ငါ့ကိုချစ်သောသူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက် ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။ ထာဝရဘုရားသည် ရှေးအမှုတော်ကိုမပြုမီ ထွက်ကြွတော်မူစကပင် ငါ့ကိုပိုင်တော်မူ၏။ မြေကြီးမဖြစ်မီ၊ ရှေ့ဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မီ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မီ၊ မြေကြီးနှင့် လယ်တောများကိုမဖန်ဆင်း၊ အဦးဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမီ၊ ငါ့ကိုဖြစ်ဖွားစေတော်မူ၏။ မိုးကောင်းကင်ကို ပြင်တော်မူသောအခါ ငါရှိ၏။ သမုဒ္ဒရာမျက်နှာပြင်ကို သတ်မှတ်သောအမှု၊ အထက်မိုးတိမ်ကို တည်စေသောအမှု၊ နက်နဲသောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊ သမုဒ္ဒရာ၌ ကန့်ကွက်သော အပိုင်းအခြားကို ရေမလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက်မြစ်တည်သော အမှုတို့ကိုပြီးစီးစေတော်မူသောအခါ၊ ငါသည် ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ်ကစားလျက်၊ ဖန်ဆင်းတော်မူသော မြေကြီးတစ်ပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏။ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။ ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်းစောင့်လျက်၊ တံခါးတိုင်နားမှမျှော်လင့်လျက်နေသော သူသည် မင်္ဂလာရှိ၏။ ငါ့ကိုရှာ၍တွေ့သောသူသည် အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။ ငါ့ကိုပြစ်မှားသောသူမူကား၊ မိမိအသက်ဝိညာဉ်ကို ပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကို ချစ်ကြ၏။
သုတ္တံ 8:1-36 Common Language Bible (BCL)
ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။ မြင့်သောအရပ်ထိပ်၌၎င်း၊ လမ်းခရီးအနား၌ ၎င်းရပ်နေ၏။ ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊ အချင်းလူတို့၊ သင်တို့အားငါခေါ်၏။ လူသားတို့ အား အသံကို ငါလွှင့်၏။ ဥာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့။ နားထောင်ကြ။ မြတ်သောစကားကို ငါပြော မည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။ ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။ ငါဟောပြောသမျှသော စကားတို့သည် ဖြောင့် မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘော နှင့် ကင်းစင်ကြ၏။ နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ၏။ ငွေအရင်၊ ငါ့နည်းကို၎င်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကို၎င်း ခံယူကြလော့။ အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။ အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဥာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။ ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။ ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ၏။ ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ ငါ၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။ ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။ ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊ ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။ ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။ မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။ နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။ တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊ မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။ မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊ အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊ သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊ ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊ ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဘော်၍ ပျော်ပါးလျက် နေ၏။ သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။ ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။ ငါ့ကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။ ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
သုတ္တံ 8:1-36 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဉာဏ်ပညာသည် ဟစ်ခေါ်၍ ထိုးထွင်းဉာဏ်သည် မိမိ၏အသံကိုလွှင့်သည်မဟုတ်လော။ ၎င်းသည် မြင့်သောအရပ်၏ထိပ်၊ လမ်းဘေး၊ လမ်းဆုံလမ်းခွတို့၌ရပ်လျက် မြို့တံခါးတို့အနား၊ မြို့အဝင်ဝ၊ တံခါးတို့၏အပေါက်ဝ၌ ကြွေးကြော်သည်မှာ အချင်းလူတို့၊ သင်တို့ကိုငါခေါ်၏။ ငါ့အသံကို လူသားတို့ထံသို့ ငါလွှင့်၏။ အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။ မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။ နားထောင်ကြလော့။ အကြောင်းမူကား ငါသည် ကောင်းမြတ်သောအရာများကို ပြောဆိုမည်။ ငါ့နှုတ်မြွက်ဟသောအရာသည်လည်း ဟုတ်မှန်သောအရာများဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ငါ၏နှုတ်သည် သမ္မာတရားကိုပြောဆို၍ ငါ၏နှုတ်ခမ်းသည် ဆိုးယုတ်မှုကိုစက်ဆုပ်ရွံရှာ၏။ ငါ၏နှုတ်ထွက်စကားရှိသမျှသည် ဖြောင့်မတ်၍ ၎င်းတို့တွင် ဉာဏ်များသောသဘော၊ ကောက်ကျစ်သောသဘောမရှိ။ ထိုစကားအားလုံးတို့သည် အသိဉာဏ်ရှိသောသူအတွက် မှန်ကန်၍ အသိပညာကိုတွေ့ရှိသောသူတို့အတွက် ဖြောင့်မှန်၏။ ငွေအစား ငါ၏ဆုံးမပဲ့ပြင်ခြင်းကိုရယူကြလော့။ ရွှေစင်အစား အသိပညာကို ရယူကြလော့။ အကြောင်းမူကား ဉာဏ်ပညာသည် ပတ္တမြားတို့ထက်ကောင်းမြတ်၍ မည်သည့်နှစ်သက်ဖွယ်သောအရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။ ငါ ဉာဏ်ပညာသည် ဆင်ခြင်ဉာဏ်နှင့်အတူနေ၍ အလိမ္မာဉာဏ်နှင့်ဆိုင်သောအသိပညာကို ငါတွေ့၏။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။ ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။ ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။ ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရ၍ အုပ်ချုပ်သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို ပြဋ္ဌာန်းနိုင်ကြ၏။ အကြီးအကဲများ၊ မင်းအရာရှိများနှင့် ဖြောင့်မတ်စွာတရားစီရင်သောသူအားလုံးတို့သည် ငါ့အားဖြင့် အုပ်စိုးရကြ၏။ ငါ့ကိုချစ်သောသူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ရှာသောသူတို့သည် ငါ့ကိုတွေ့ကြလိမ့်မည်။ ဓနဥစ္စာနှင့်ဂုဏ်သရေ၊ တည်မြဲသောစည်းစိမ်ဥစ္စာနှင့် ဖြောင့်မတ်ခြင်းသည် ငါနှင့်အတူရှိ၏။ ငါ၏အသီးအပွင့်သည် ရွှေထက်မက ရွှေစင်ထက်ပင် ပို၍ကောင်း၏။ ငါ့အားဖြင့်ရသောအမြတ်အစွန်းသည်လည်း ငွေစင်ထက် ပို၍ကောင်း၏။ ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားမျှတခြင်းလမ်း၏အလယ်၌ လျှောက်သွား၍ ငါ့ကိုချစ်သောသူတို့အား စည်းစိမ်ချမ်းသာကိုအမွေဆက်ခံစေလျက် သူတို့၏ဘဏ္ဍာတိုက်များကို ပြည့်စေ၏။ ထာဝရဘုရားသည် ရှေးယခင် မိမိ၏အမှုတော်များကိုမစတင်မီ၊ မိမိလုပ်ဆောင်မှု၏အစအဦးကပင် ငါ့ကိုပိုင်သတော်မူ၏။ ထာဝရကာလ၊ ကနဦးကာလ၊ မြေကြီးကိုမဖန်ဆင်းမီကာလကပင် ငါသည် ခန့်အပ်ထားခြင်းခံရပြီ။ နက်ရှိုင်းသောရေထုများမရှိမီ၊ ရေနှင့်ပြည့်လျှံသောစမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။ တောင်များကိုမဖြစ်ပေါ်စေမီ၊ တောင်ကုန်းများမရှိမီ၊ မြေကြီး၊ ကွင်းပြင်များနှင့် ကမ္ဘာကြီး၏အဦးဆုံးသောမြေမှုန့်များကို ဖန်ဆင်းတော်မမူမီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။ မိုးကောင်းကင်ကို ကိုယ်တော်တည်တော်မူသောအခါ ငါသည် ထိုအရပ်၌ရှိ၏။ နက်ရှိုင်းသောရေထု၏မျက်နှာပြင်ပေါ်တွင် မိုးကုပ်စက်ဝိုင်းကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း၊ အထက်မိုးတိမ်တို့ကိုတည်စေတော်မူပြီး နက်ရှိုင်းသောရေထုထွက်လာရာအပေါက်များကို ခိုင်ခံ့စေတော်မူသောအခါ၌လည်းကောင်း၊ ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း ငါသည် လက်မှုပညာရှင်ကဲ့သို့ ကိုယ်တော်၏အနားတွင်ရှိ၍ နေ့စဉ်နေ့တိုင်း ကိုယ်တော်၏ကြည်နူးတော်မူရာဖြစ်ခဲ့ပြီး ရှေ့တော်၌ အစဉ်အမြဲပျော်မြူး၏။ ငါသည် ကိုယ်တော်၏ကမ္ဘာမြေကြီးတစ်ခုလုံးအတွက် ပျော်မြူး၍ လူသားတို့၌ ကြည်နူးလျက်နေ၏။ သို့ဖြစ်၍ သားသမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါ၏လမ်းများကိုစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။ ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်၍ ဉာဏ်ပညာရှိကြလော့။ ၎င်းကိုလျစ်လျူမရှုကြနှင့်။ ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ငါ့ကိုတွေ့သောသူသည် အသက်ကိုတွေ့၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။ ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။