YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 8:1-36

သုတ္တံကျမ်း 8:1-36 MSBU

ဉာဏ်ပညာ​သည် ဟစ်ခေါ်​၍ ထိုးထွင်းဉာဏ်​သည် မိမိ​၏​အသံ​ကို​လွှင့်​သည်​မ​ဟုတ်​လော​။ ၎င်း​သည် မြင့်သောအရပ်​၏​ထိပ်​၊ လမ်း​ဘေး​၊ လမ်းဆုံလမ်းခွ​တို့​၌​ရပ်​လျက် မြို့​တံခါး​တို့​အနား​၊ မြို့​အဝင်ဝ​၊ တံခါး​တို့​၏​အပေါက်ဝ​၌ ကြွေးကြော်​သည်​မှာ အချင်း​လူ​တို့​၊ သင်​တို့​ကို​ငါ​ခေါ်​၏​။ ငါ့​အသံ​ကို လူသား​တို့​ထံသို့ ငါ​လွှင့်​၏​။ အသိဉာဏ်​နည်းပါး​သော​သူ​တို့​၊ ဆင်ခြင်ဉာဏ်​ကို ရယူ​ကြ​လော့​။ မိုက်မဲ​သော​သူ​တို့​၊ အသိဉာဏ်​ကို ရယူ​ကြ​လော့​။ နားထောင်​ကြ​လော့​။ အကြောင်းမူကား ငါ​သည် ကောင်းမြတ်​သော​အရာ​များ​ကို ပြောဆို​မည်​။ ငါ့​နှုတ်​မြွက်ဟသောအရာ​သည်​လည်း ဟုတ်မှန်​သော​အရာ​များ​ဖြစ်​၏​။ အဘယ်ကြောင့်​ဆိုသော် ငါ​၏​နှုတ်​သည် သမ္မာတရား​ကို​ပြောဆို​၍ ငါ​၏​နှုတ်ခမ်း​သည် ဆိုးယုတ်မှု​ကို​စက်ဆုပ်ရွံရှာ​၏​။ ငါ​၏​နှုတ်ထွက်​စကား​ရှိသမျှ​သည် ဖြောင့်မတ်​၍ ၎င်း​တို့​တွင် ဉာဏ်များ​သော​သဘော​၊ ကောက်ကျစ်​သော​သဘော​မ​ရှိ​။ ထို​စကား​အားလုံး​တို့​သည် အသိဉာဏ်​ရှိ​သော​သူ​အတွက် မှန်ကန်​၍ အသိပညာ​ကို​တွေ့ရှိ​သော​သူ​တို့​အတွက် ဖြောင့်မှန်​၏​။ ငွေ​အစား ငါ​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို​ရယူ​ကြ​လော့​။ ရွှေ​စင်​အစား အသိပညာ​ကို ရယူ​ကြ​လော့​။ အကြောင်းမူကား ဉာဏ်ပညာ​သည် ပတ္တမြား​တို့​ထက်​ကောင်းမြတ်​၍ မည်သည့်​နှစ်သက်​ဖွယ်​သော​အရာ​နှင့်​မျှ နှိုင်းယှဉ်​၍​မ​ရ​နိုင်​။ ငါ ဉာဏ်ပညာ​သည် ဆင်ခြင်ဉာဏ်​နှင့်အတူ​နေ​၍ အလိမ္မာဉာဏ်​နှင့်ဆိုင်သော​အသိပညာ​ကို ငါ​တွေ့​၏​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် မကောင်းမှု​ကို​မုန်းတီး​ခြင်း​ဖြစ်​၏​။ မောက်မာထောင်လွှား​ခြင်း​နှင့် မာနကြီး​ခြင်း​၊ မကောင်း​သော​လမ်း​နှင့် ဖောက်ပြန်လွဲမှား​သော​စကား​ကို ငါ​မုန်း​၏​။ ငါ​၌ အကြံဉာဏ်​နှင့် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ရှိ​၏​။ ငါ​သည် အသိဉာဏ်​ဖြစ်ပြီး ငါ​၌​အစွမ်းတန်ခိုး​ရှိ​၏​။ ငါ့​အားဖြင့် ရှင်ဘုရင်​တို့​သည် စိုးစံ​ရ​၍ အုပ်ချုပ်​သူ​တို့​သည် ဖြောင့်မတ်​သော​လမ်းစဉ်​ကို ပြဋ္ဌာန်း​နိုင်​ကြ​၏​။ အကြီးအကဲ​များ​၊ မင်းအရာရှိ​များ​နှင့် ဖြောင့်မတ်​စွာ​တရားစီရင်​သော​သူ​အားလုံး​တို့​သည် ငါ့​အားဖြင့် အုပ်စိုး​ရ​ကြ​၏​။ ငါ့​ကို​ချစ်​သော​သူ​တို့​ကို ငါ​ချစ်​၏​။ ငါ့​ကို​ကြိုးစား​၍​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ကြ​လိမ့်မည်​။ ဓနဥစ္စာ​နှင့်​ဂုဏ်သရေ​၊ တည်မြဲ​သော​စည်းစိမ်ဥစ္စာ​နှင့် ဖြောင့်မတ်​ခြင်း​သည် ငါ​နှင့်အတူ​ရှိ​၏​။ ငါ​၏​အသီးအပွင့်​သည် ရွှေ​ထက်မက ရွှေစင်​ထက်ပင် ပို၍​ကောင်း​၏​။ ငါ့​အားဖြင့်​ရ​သော​အမြတ်အစွန်း​သည်​လည်း ငွေ​စင်​ထက် ပို၍​ကောင်း​၏​။ ငါ​သည် ဖြောင့်မတ်​ခြင်း​လမ်း​၊ တရားမျှတ​ခြင်း​လမ်း​၏​အလယ်​၌ လျှောက်သွား​၍ ငါ့​ကို​ချစ်​သော​သူ​တို့​အား စည်းစိမ်​ချမ်းသာ​ကို​အမွေဆက်ခံ​စေ​လျက် သူ​တို့​၏​ဘဏ္ဍာတိုက်​များ​ကို ပြည့်​စေ​၏​။ ထာဝရဘုရား​သည် ရှေးယခင် မိမိ​၏​အမှု​တော်​များ​ကို​မ​စတင်​မီ​၊ မိမိ​လုပ်ဆောင်မှု​၏​အစအဦး​ကပင် ငါ့​ကို​ပိုင်သ​တော်မူ​၏​။ ထာဝရ​ကာလ​၊ ကနဦး​ကာလ​၊ မြေကြီး​ကို​မဖန်ဆင်းမီ​ကာလ​ကပင် ငါ​သည် ခန့်အပ်​ထား​ခြင်း​ခံရ​ပြီ​။ နက်ရှိုင်း​သော​ရေထု​များ​မ​ရှိ​မီ​၊ ရေ​နှင့်​ပြည့်လျှံ​သော​စမ်းရေတွင်း​များ​မ​ဖြစ်ပေါ်​မီ ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။ တောင်​များ​ကို​မ​ဖြစ်ပေါ်​စေ​မီ​၊ တောင်ကုန်း​များ​မ​ရှိ​မီ​၊ မြေကြီး​၊ ကွင်းပြင်​များ​နှင့် ကမ္ဘာကြီး​၏​အဦးဆုံး​သော​မြေမှုန့်​များ​ကို ဖန်ဆင်း​တော်​မ​မူ​မီ ငါ့​ကို​ဖြစ်တည်​စေ​တော်မူ​ပြီ​။ မိုးကောင်းကင်​ကို ကိုယ်တော်​တည်​တော်မူ​သောအခါ ငါ​သည် ထို​အရပ်​၌​ရှိ​၏​။ နက်ရှိုင်း​သော​ရေထု​၏​မျက်နှာပြင်​ပေါ်တွင် မိုးကုပ်စက်ဝိုင်း​ကို အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း​၊ အထက်​မိုးတိမ်​တို့​ကို​တည်​စေ​တော်မူ​ပြီး နက်ရှိုင်း​သော​ရေထု​ထွက်လာ​ရာ​အပေါက်​များ​ကို ခိုင်ခံ့​စေ​တော်မူ​သောအခါ​၌​လည်းကောင်း​၊ ရေ​သည် ကိုယ်တော်​၏​အမိန့်​ကို မ​ကျူးလွန်​မည့်​အကြောင်း ပင်လယ်​၏​နယ်နိမိတ်​ကို သတ်မှတ်​တော်မူ​သောအခါ​၌​လည်းကောင်း​၊ ကမ္ဘာမြေကြီး​၏​အခြေအမြစ်​တို့​ကို အမှတ်အသား​ပြု​တော်မူ​သောအခါ​၌​လည်းကောင်း ငါ​သည် လက်မှုပညာရှင်​ကဲ့သို့ ကိုယ်တော်​၏​အနား​တွင်​ရှိ​၍ နေ့စဉ်နေ့တိုင်း ကိုယ်တော်​၏​ကြည်နူး​တော်မူ​ရာ​ဖြစ်​ခဲ့​ပြီး ရှေ့​တော်​၌ အစဉ်အမြဲ​ပျော်မြူး​၏​။ ငါ​သည် ကိုယ်တော်​၏​ကမ္ဘာမြေကြီး​တစ်ခုလုံး​အတွက် ပျော်မြူး​၍ လူသား​တို့​၌ ကြည်နူး​လျက်​နေ​၏​။ သို့ဖြစ်၍ သားသမီး​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ ငါ​၏​လမ်း​များ​ကို​စောင့်ထိန်း​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ဆုံးမပဲ့ပြင်​ခြင်း​ကို​နားထောင်​၍ ဉာဏ်ပညာရှိ​ကြ​လော့​။ ၎င်း​ကို​လျစ်လျူ​မ​ရှု​ကြ​နှင့်​။ ငါ့​စကား​ကို​နားထောင်​၍ ငါ့​တံခါး​တို့​အနား​တွင် နေ့စဉ်နေ့တိုင်း​စောင့်ကြည့်​လျက် ငါ့​တံခါး​တိုင်​တို့​အနား​တွင် စောင့်မျှော်​လျက်​နေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ အကြောင်းမူကား ငါ့​ကို​တွေ့​သော​သူ​သည် အသက်​ကို​တွေ့​၍ ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​၏​။ ငါ​နှင့်​လွဲသွား​သော​သူ​မူကား ကိုယ့်ကိုယ်ကိုယ်​အကျိုးနည်း​စေ​၏​။ ငါ့​ကို​မုန်း​သော​သူ​ရှိသမျှ​တို့​သည် သေ​ခြင်း​ကို​ချစ်​ကြ​၏​။