YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 2:1-22

သုတ္တံ 2:1-22 Judson Bible (JBMLE)

ငါ့​သား၊ သင်​သည်​ပ​ညာ​စ​ကား​ကို နား​ထောင်၍၊ စေ​တ​နာ​စိတ်​နှင့် ဉာဏ်​ကို ရှာ​ဖွေ​သည်​တိုင်​အောင်၊ ငါ့​စ​ကား​ကို နား​ခံ၍၊ ငါ့​ပ​ညတ်​တို့​ကို ကိုယ်​အ​ထဲ၌ သွင်း​မိ​လျှင်​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ကို​ခေါ်၍၊ ဉာဏ်​နောက်​သို့ အ​သံ​ကို​လွှင့်​လျှင်​လည်း​ကောင်း၊ ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​သော​သ​ဘော၌ ကျင်​လည်၍၊ ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​နှင့် ပြည့်​စုံ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။ မိ​မိ​သန့်​ရှင်း​သူ​တို့​သည် တ​ရား​လမ်း​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ သူ​တို့၏​လမ်း​ခ​ရီး​ကို လုံ​ခြုံ​စေ​တော်​မူ၏။ ကျေး​ဇူး​တော်​ကြောင့် သင်​သည် ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း၊ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊ လျစ်​လျူ​စွာ ဆုံး​ဖြတ်​ခြင်း​မှ​စ၍၊ ကောင်း​သော​လမ်း​ရှိ​သ​မျှ​တို့​ကို သိ​နား​လည်​လိမ့်​မည်။ ပ​ညာ​သည်​သင်၏​နှ​လုံး​ထဲ​သို့​ဝင်၍၊ သင်​သည် သိ​ကြား​ခြင်း၌​မွေ့​လျော်​သော​အ​ခါ၊ သ​မ္မာ​သ​တိ​သည် သင့်​ကို​ထိန်း​သိမ်း၍၊ ဉာဏ်​သည်​လည်း စောင့်​ရှောက်​သ​ဖြင့်၊ ဆိုး​သော​လမ်း​မှ ကယ်​တင်​လိမ့်​မည်။ ကောက်​သော​စ​ကား​ကို ပြော​တတ်​သော​သူ၊ ဖြောင့်​မတ်​သော​လမ်း​ကို​စွန့်၍၊ မိုက်​မဲ​သော​လမ်း​သို့ လိုက်​သော​သူ၊ ဒု​စ​ရိုက်၌​မွေ့​လျော်၍ အ​ဓ​မ္မ​လူ၏​ကောက်​လိမ်​ခြင်း​ကို အား​ရ​နှစ်​သက်​သော​သူ၊ ဖြောင့်​သော​လမ်း​သို့ မ​လိုက်၊ ကောက်​သော​လမ်း​သို့​သာ လိုက်​သော​သူ​တို့၏​လက်​မှ​လည်း​ကောင်း၊ အ​မျိုး​ပျက်​သော​မိန်း​မ၊ နှုတ်​နှင့်​ချော့​မော့​တတ်​သော ပြည့်​တန်​ဆာ​မိန်း​မ၊ အ​သက်​ငယ်​စဉ် ပဲ့​ပြင်​သော ကျေး​ဇူး​ရှင်​ကို​စွန့်၍၊ မိ​မိ​ဘု​ရား​သ​ခင်၏ ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့​သော မိန်း​မ​လက်​မှ​လည်း​ကောင်း၊ သင့်​ကို​ကယ်​တင်​လိမ့်​မည်။ ထို​မိန်း​မ၏​အိမ်​သည် သေ​ခြင်း​နှင့်​လည်း​ကောင်း၊ သူ​လိုက်​သော​လမ်း​တို့​သည် သင်္ချိုင်း​သား​နေ​ရာ​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သ​ဖြင့်၊ သူ၏​အိမ်​သို့​ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပြန်​ရ။ အ​သက်​လမ်း​ကို​မ​မီ​ရ။ သင်​သည် သူ​တော်​ကောင်း​တို့၏ လမ်း​သို့​လျှောက်၍၊ ဖြောင့်​မတ်​သော​သူ​တို့၏ လမ်း​ခ​ရီး​ထဲ​က​မ​ထွက်​ဘဲ အ​စဉ်​တ​စိုက် လိုက်​ရ​မည်​အ​ကြောင်း​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြည်​တော်၌​နေ၍၊ စုံ​လင်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ပြည်​တော်​မှ​ပယ်​ရှင်း​ခြင်း၊ လွန်​ကျူး​သော​သူ​တို့​သည် နုတ်​ပစ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

သုတ္တံ 2:1-22 Common Language Bible (BCL)

ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊ စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊ သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊ ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။ ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။ မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။ ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။ ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊ သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊ ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊ ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊ ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ၊ ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့၏လက်မှ၎င်း၊ အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊ အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။ ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်၎င်း၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်၎င်း စပ်ဆိုင် သဖြင့်၊ သူ၏အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ။ အသက်လမ်းကို မမှီရ။ သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။ ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။

သုတ္တံ 2:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​သား​၊ သင်​သည် ငါ့​စကား​တို့​ကို​ခံယူ​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​ကာ ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​လျက် ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​စိတ်နှလုံး​ကို တိမ်းညွတ်​စေ​လျှင်​လည်းကောင်း​၊ အသိဉာဏ်​ကို​ခေါ်​၍ ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​အသံ​ကို​လွှင့်​လျှင်​လည်းကောင်း​၊ ငွေ​ကို​ရှာ​သကဲ့သို့ ဉာဏ်ပညာ​ကို​ရှာ​၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​သကဲ့သို့ ထို​ဉာဏ်ပညာ​ကို​ရှာဖွေ​လျှင်​လည်းကောင်း သင်​သည် ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို နားလည်​၍ ဘုရားသခင်​အား​သိ​သော​ဉာဏ်​ကို ရရှိ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။ ကိုယ်တော်​သည် ဖြောင့်မှန်​သော​သူ​တို့​အတွက် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ကို​သိုမှီး​ထား​၍ တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​တို့​အတွက် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​လည်း ကာကွယ်​၍ မိမိ​သန့်ရှင်း​သူ​တို့​၏​လမ်း​ကို စောင့်ရှောက်​တော်မူ​၏​။ ထိုအခါ သင်​သည် ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ သမာသမတ်​ရှိ​ခြင်း​နှင့် ကောင်းမြတ်​သော​လမ်း​ရှိသမျှ​တို့​ကို နားလည်​လိမ့်မည်​။ ဉာဏ်ပညာ​သည် သင်​၏​စိတ်နှလုံး​ထဲသို့​ဝင်​၍ အသိပညာ​သည် သင်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​သောအခါ အလိမ္မာဉာဏ်​သည် သင့်​ကို​စောင့်ရှောက်​၍ ထိုးထွင်းဉာဏ်​သည် သင့်​ကို​ကာကွယ်​သဖြင့် မကောင်း​သော​လမ်း​မှ​လည်းကောင်း​၊ ဖောက်ပြန်လွဲမှား​သော​အရာ​တို့​ကို ပြောဆို​တတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။ သူ​တို့​သည် ဖြောင့်မှန်​သော​လမ်းစဉ်​တို့​ကို​စွန့်ပယ်​၍ မှောင်မိုက်​သော​လမ်း​တို့​၌ လျှောက်လှမ်း​သော​သူ​များ​၊ မကောင်းမှု​ပြု​ခြင်း​၌​ဝမ်းမြောက်​၍ ဖောက်ပြန်လွဲမှား​သော​မကောင်းမှု​၌ ပျော်မွေ့​သော​သူ​များ​၊ ကွေ့ကောက်​သော​လမ်းစဉ်​နှင့် သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့် စကား​တို့​ဖြင့်​မြှူဆွယ်​တတ်​သော ကိုယ်ကျင့်​တရား​ပျက်ပြား​သည့်​မိန်းမ​၏​လက်​မှ​လည်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။ ထို​မိန်းမ​သည် မိမိ​ပျိုရွယ်​စဉ်​ကတည်းက ပေါင်းဖော်​ခဲ့​သော​သူ​ကို​စွန့်ပစ်​၍ မိမိ​ဘုရားသခင်​၏​ပဋိညာဉ်​ကို မေ့လျော့​သူ​ဖြစ်​၏​။ သူ​၏​အိမ်​သည် သေ​ခြင်း​သို့​လည်းကောင်း​၊ သူ​၏​လမ်း​တို့​သည် သေသူ​၏ ဝိညာဉ်​များ ရှိ​ရာ​သို့​လည်းကောင်း ဆင်းသွား​၏​။ သူ့​ထံသို့​သွား​သော​သူ​တစ်စုံတစ်ဦး​မျှ ပြန်​မ​လာ​တော့​ပေ​။ အသက်ရှင်​ခြင်း​လမ်း​သို့​လည်း မ​ရောက်​နိုင်​တော့​ပေ​။ သို့ဖြစ်၍ သင်​သည် သူတော်ကောင်း​တို့​၏​လမ်း​ကို​လိုက်​၍ ဖြောင့်မတ်​သော​သူ​တို့​၏​လမ်းစဉ်​တို့​ကို စောင့်ထိန်း​ရ​မည်​။ ဖြောင့်မှန်​သော​သူ​တို့​သည် ပြည်​တော်​၌​နေထိုင်​ရ​၍ အပြစ်တင်စရာမရှိ​သော​သူ​တို့​သည် ထို​ပြည်​၌​မြဲ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​မူကား ပြည်​တော်​မှ ဖယ်ရှား​ခြင်း​ခံရ​၍ သစ္စာမဲ့​သော​သူ​တို့​သည် ထို​ပြည်​မှ​နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။