ငါ့သား၊ သင်သည် ငါ့စကားတို့ကိုခံယူ၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားကာ ဉာဏ်ပညာကို အာရုံစိုက်နားထောင်လျက် ထိုးထွင်းဉာဏ်ဘက်သို့ သင်၏စိတ်နှလုံးကို တိမ်းညွတ်စေလျှင်လည်းကောင်း၊ အသိဉာဏ်ကိုခေါ်၍ ထိုးထွင်းဉာဏ်ဘက်သို့ သင်၏အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာသကဲ့သို့ ဉာဏ်ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုရှာဖွေသကဲ့သို့ ထိုဉာဏ်ပညာကိုရှာဖွေလျှင်လည်းကောင်း သင်သည် ထာဝရဘုရားအားကြောက်ရွံ့ခြင်းကို နားလည်၍ ဘုရားသခင်အားသိသောဉာဏ်ကို ရရှိလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့် ထိုးထွင်းဉာဏ်သည် ကိုယ်တော်၏နှုတ်တော်မှလာ၏။ ကိုယ်တော်သည် ဖြောင့်မှန်သောသူတို့အတွက် မှန်ကန်ပြည့်စုံသောဉာဏ်ကိုသိုမှီးထား၍ တည်ကြည်စွာလျှောက်လှမ်းသောသူတို့အတွက် ဒိုင်းလွှားဖြစ်တော်မူ၏။ တရားမျှတခြင်းလမ်းစဉ်တို့ကိုလည်း ကာကွယ်၍ မိမိသန့်ရှင်းသူတို့၏လမ်းကို စောင့်ရှောက်တော်မူ၏။ ထိုအခါ သင်သည် ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ သမာသမတ်ရှိခြင်းနှင့် ကောင်းမြတ်သောလမ်းရှိသမျှတို့ကို နားလည်လိမ့်မည်။ ဉာဏ်ပညာသည် သင်၏စိတ်နှလုံးထဲသို့ဝင်၍ အသိပညာသည် သင်၏စိတ်ဝိညာဉ်ကို ရွှင်လန်းဝမ်းမြောက်စေသောအခါ အလိမ္မာဉာဏ်သည် သင့်ကိုစောင့်ရှောက်၍ ထိုးထွင်းဉာဏ်သည် သင့်ကိုကာကွယ်သဖြင့် မကောင်းသောလမ်းမှလည်းကောင်း၊ ဖောက်ပြန်လွဲမှားသောအရာတို့ကို ပြောဆိုတတ်သောသူတို့၏လက်မှလည်းကောင်း သင့်ကိုကယ်နုတ်လိမ့်မည်။ သူတို့သည် ဖြောင့်မှန်သောလမ်းစဉ်တို့ကိုစွန့်ပယ်၍ မှောင်မိုက်သောလမ်းတို့၌ လျှောက်လှမ်းသောသူများ၊ မကောင်းမှုပြုခြင်း၌ဝမ်းမြောက်၍ ဖောက်ပြန်လွဲမှားသောမကောင်းမှု၌ ပျော်မွေ့သောသူများ၊ ကွေ့ကောက်သောလမ်းစဉ်နှင့် သွေဖည်လွဲမှားသောလမ်းတို့ကိုလိုက်သောသူများဖြစ်ကြ၏။ အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။ ထိုမိန်းမသည် မိမိပျိုရွယ်စဉ်ကတည်းက ပေါင်းဖော်ခဲ့သောသူကိုစွန့်ပစ်၍ မိမိဘုရားသခင်၏ပဋိညာဉ်ကို မေ့လျော့သူဖြစ်၏။ သူ၏အိမ်သည် သေခြင်းသို့လည်းကောင်း၊ သူ၏လမ်းတို့သည် သေသူ၏ ဝိညာဉ်များ ရှိရာသို့လည်းကောင်း ဆင်းသွား၏။ သူ့ထံသို့သွားသောသူတစ်စုံတစ်ဦးမျှ ပြန်မလာတော့ပေ။ အသက်ရှင်ခြင်းလမ်းသို့လည်း မရောက်နိုင်တော့ပေ။ သို့ဖြစ်၍ သင်သည် သူတော်ကောင်းတို့၏လမ်းကိုလိုက်၍ ဖြောင့်မတ်သောသူတို့၏လမ်းစဉ်တို့ကို စောင့်ထိန်းရမည်။ ဖြောင့်မှန်သောသူတို့သည် ပြည်တော်၌နေထိုင်ရ၍ အပြစ်တင်စရာမရှိသောသူတို့သည် ထိုပြည်၌မြဲကြလိမ့်မည်။ ဆိုးယုတ်သောသူတို့မူကား ပြည်တော်မှ ဖယ်ရှားခြင်းခံရ၍ သစ္စာမဲ့သောသူတို့သည် ထိုပြည်မှနုတ်ပယ်ခြင်းခံရလိမ့်မည်။
သုတ္တံကျမ်း 2 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 2:1-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို