ဖိလိပ္ပိ 4:1-23
ဖိလိပ္ပိ 4:1-23 Judson Bible (JBMLE)
ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။- ဧဝေါဒိနှင့်သုန္တုတ်တို့သည် သခင်ဘုရား၌ သဘော တညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန် သွေးဆောင်ပါ၏။- အချင်း ငါ့လုပ်ဖော်ဆောင်ဖက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏။ ငါနှင့် ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသော ငါ၏လုပ်ဖော်ဆောင်ဖက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစထောက်ပံ့ပါလော့။ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။- လူအပေါင်းတို့ရှေ့၌ သင် တို့၏ ဖြည်းညင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။- အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။- ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဖွယ်သော အကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့် ဆိုင်သောအကျင့်တို့ကိုလည်းကောင်း၊ နှလုံးသွင်းကြလော့။- သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။- ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။- ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။- ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။- သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။- အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတစ်ပါး အဘယ်အသင်းတော်မျှ ငါနှင့်မဆက်ဆံကြ။- သက်သာလောနိတ်မြို့၌ ငါရှိစဉ်ပင်၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက်ကြ၏။- ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။- ယခုအခါ အရာရာ၌ ငါရတတ်၏။ ဥစ္စာ ကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရသည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။- ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။- ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ ယေရှုခရစ်၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။- ငါနှင့်အတူရှိသော ညီအစ်ကိုမှစ၍ သန့်ရှင်းသော သူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ ကဲသာဘုရင်၏ နန်းတော်၌နေသော သန့်ရှင်းသူတို့သည် အထူးသဖြင့် နှုတ်ဆက်ကြ၏။- ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ ဖိလိပ္ပိဩဝါဒစာပြီး၏။
ဖိလိပ္ပိ 4:1-23 Common Language Bible (BCL)
ငါ့ညီအစ်ကိုတို့၊ သင်တို့အားငါအလွန်ချစ် ၍လွမ်းဆွတ်ပါသည်။ ငါသည်သင်တို့ကိုအကြောင်း ပြု၍လွန်စွာဝမ်းမြောက်၍ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုတို့၊ ငါတို့ဆိုခဲ့သည့်အတိုင်း ကြံ့ခိုင်စွာရပ်တည်ကြလော့။ ဧဝေါဒိနှင့်သုန္တုတ်တို့၊ သခင်ဘုရား၏တပည့် တော်မများပီသစွာစိတ်သဘောညီညွတ်မှု ရှိကြရန်ငါတောင်းပန်ပါ၏။- ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။ သင်တို့သည်သခင်ဘုရားနှင့် တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ သင်တို့၏နူးညံ့သိမ်မွေ့သောစိတ်သဘောကို လူအပေါင်းတို့အားမြင်စေကြလော့။ သခင် ဘုရားကြွလာတော်မူချိန်နီးပေပြီ။- အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။- ထိုသို့ပြုလျှင်လူ့ဉာဏ်ဖြင့်ကြံဆနားလည် ရန်မစွမ်းနိုင်သောဘုရားသခင်၏ငြိမ်သက် ခြင်းသည် ခရစ်တော်ယေရှုနှင့်သင်တို့တစ် လုံးတစ်ဝတည်းဖြစ်သောအားဖြင့် သင်တို့ ၏စိတ်နှလုံးနှင့်အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။ ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရ လျှင် သင်တို့သည်မှန်ကန်သောအရာ၊ မွန်မြတ် သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင် သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေ ရှိသောအရာတည်းဟူသောကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။- ငါ၏ထံတွင်သင်ကြားမြင်ခဲ့သမျှကိုပြု ကျင့်ကြလော့။ သို့ပြုလျှင်ငါတို့အားငြိမ် သက်ခြင်းကိုပေးတော်မူသောဘုရားသခင် သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။- ငါ့အားသင်တို့လျစ်လူရှု၍ထားကြလေ ပြီဟုယူဆသဖြင့် ဤစကားကိုပြောဆိုရ ခြင်းလည်းမဟုတ်ပါ။ ငါသည်မိမိတွင်ရှိ သမျှနှင့်ရောင့်ရဲစွာနေတတ်ရန်သင်ယူ ထားပြီးဖြစ်သည်။- ငါသည်ငတ်မွတ်သည်ဖြစ်စေ၊ ဝစွာစားရ သည်ဖြစ်စေ၊ ချို့တဲ့မှုရှိသည်ဖြစ်စေ၊ ပိုလျှံ မှုရှိသည်ဖြစ်စေ၊ မည်သည့်အခြေအနေ၊ မည်သည့်အရပ်၌နေရသည်မဆိုကျေနပ် ရောင့်ရဲတတ်ရန်သင်ယူထားပြီးဖြစ်၏။- ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။ သို့ရာတွင်ငါအခက်အခဲတွေ့ကြုံရချိန်၌ သင်တို့ငါ့ကိုကူညီကြသောအားဖြင့်ကောင်း မွန်စွာပြုပြီ။- အချင်းဖိလိပ္ပိအသင်းတော်သားတို့၊ ငါသည် မာကေဒေါနိပြည်မှထွက်ခွာ၍ သတင်းကောင်း ကိုစတင်ကြေညာသောအခါ၌ သင်တို့ အသင်းတော်တစ်ပါးတည်းကသာလျှင်ငါ့ အားကူညီခဲ့ကြောင်း၊ အမှုတော်ဆောင်လုပ် ငန်းတွင်သင်တို့ကသာလျှင် ငါနှင့်အတူ ဖက်စပ်အဖြစ်နှင့်အရှုံးအမြတ်ရှိလျက် လုပ်ဆောင်ခဲ့ကြကြောင်းကို သင်တို့ကိုယ် တိုင်ကောင်းစွာသိကြ၏။- သက်သာလောနိတ်မြို့တွင်ရှိစဉ်အခါက ငါ လိုသောအကူအညီကိုသင်တို့သည်တစ် ကြိမ်မကပေးပို့ခဲ့ကြပေသည်။- ဤသို့ဆိုသော်ငါသည်အလှူကိုခံယူလို၍ မဟုတ်။ သင်တို့၏ငွေစာရင်းတွင်အမြတ်တိုး လာစေရန်ငါအလိုရှိ၏။- သင်တို့ပေးပို့လိုက်သောအလှူပစ္စည်းအား လုံးကိုရရှိကြောင်း ဤတွင်ဖော်ပြပါသည်။ ထိုအလှူပစ္စည်းများကိုဧပဖြောဒိတ်ယူ လာပေးသဖြင့် ငါလိုသမျှရရှိပေပြီ။ ထို အရာတို့သည်မွှေးကြိုင်သောပူဇော်သကာ၊ ဘုရားသခင်လက်ခံနှစ်သက်တော်မူ သောယဇ်ကဲ့သို့ဖြစ်ပါ၏။- ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။- ငါတို့၏အဖဘုရားသခင်သည်ကမ္ဘာအဆက် ဆက် ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ဘုရားသခင်၏လူစုတော်ဝင်များဖြစ်ကြ သောခရစ်တော်ယေရှု၏နောက်လိုက်တပည့် တော်အပေါင်းတို့အားနှုတ်ဆက်လိုက်ပါ၏။ ငါနှင့်အတူရှိကြသည့်ညီအစ်ကိုများ ကသင်တို့အားနှုတ်ဆက်လိုက်ပါသည်။- ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ ကနှုတ်ဆက်လိုက်ပါ၏။ အထူးသဖြင့်ကဲသာ ဘုရင်၏နန်းတော်ရှိညီအစ်ကိုများက နှုတ်ဆက်လိုက်ပါ၏။ သင်တို့အပေါင်းသည်သခင်ယေရှုခရစ်၏ ကျေးဇူးတော်ကိုခံစားရကြပါစေသော။ ဖိလိပ္ပိသြဝါဒစာပြီး၏။
ဖိလိပ္ပိ 4:1-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် ငါ၏ဝမ်းမြောက်ခြင်းအကြောင်းနှင့် ငါ၏သရဖူဖြစ်သည့် ငါချစ်၍လွမ်းဆွတ်သော ငါ့ညီအစ်ကိုတို့၊ ငါဆိုခဲ့သည့်အတိုင်း သခင်ဘုရား၌ ခိုင်မြဲစွာရပ်တည်ကြလော့၊ ငါချစ်သောသူတို့။ ငါသည် ဧဝေါဒိနှင့်သုန္တုတ်တို့အား သခင်ဘုရား၌ တစ်စိတ်တစ်သဘောတည်းရှိကြရန် တိုက်တွန်းနှိုးဆော်ပါ၏။ အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။ သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ သင်တို့၏ညင်သာသောသဘောကို လူအပေါင်းတို့အား သိစေကြလော့။ သခင်ဘုရားသည် အနီး၌ရှိတော်မူပြီ။ မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် သင်တို့တောင်းခံလိုသောအရာများကို ဘုရားသခင်အား သိစေကြလော့။ ထိုအခါ လူတို့၏နားလည်နိုင်စွမ်းရှိသမျှတို့ထက် ထူးမြတ်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် သင်တို့၏တွေးတောကြံစည်မှုများကို စောင့်ရှောက်တော်မူလိမ့်မည်။ နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။ ငါ့ထံမှ သင်တို့သင်ကြားခံယူလျက် ကြားနာသိမြင်ခဲ့သောအရာတို့ကို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ ငါ့အတွက် အလေးထားစဉ်းစားပေးသောစိတ်သည် သင်တို့၌ ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်၏။ အမှန်စင်စစ် သင်တို့သည် ငါ့အတွက် အလေးထားစဉ်းစားပေးသော်လည်း အခွင့်မရခဲ့ကြ။ ငါသည် ဆင်းရဲချို့တဲ့သောကြောင့် ဤသို့ဆိုသည်မဟုတ်။ အကြောင်းမူကား မည်သည့်အခြေအနေ၌မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါသည် သင်ယူခဲ့ပြီ။ နှိမ့်ချခံရခြင်းကိုငါသိ၍ ကြွယ်ဝခြင်းကိုလည်းငါသိ၏။ ဝပြောသည်ဖြစ်စေ၊ ဆာလောင်သည်ဖြစ်စေ၊ ကြွယ်ဝပြည့်စုံသည်ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသည်ဖြစ်စေ အခြေအနေတိုင်းနှင့်အရာရာတိုင်း၌ နေတတ်သည့်လျှို့ဝှက်ချက်ကို ငါသင်ယူခဲ့ပြီ။ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။ မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ၏ဆင်းရဲဒုက္ခကို မျှဝေခံစားရာ၌ လျောက်ပတ်စွာပြုကြပြီ။ ဖိလိပ္ပိမြို့သူမြို့သားတို့၊ ကောင်းမြတ်သောသတင်းကို စတင်ဟောပြောချိန်၌ မာကေဒေါနိပြည်မှ ငါထွက်လာသောအခါ သင်တို့မှတစ်ပါး မည်သည့်အသင်းတော်မျှ ပေးလှူခြင်းနှင့်လက်ခံခြင်းအမှုတို့၌ ငါနှင့်အတူပါဝင်ခြင်းမရှိခဲ့ကြောင်း သင်တို့သိကြ၏။ သက်သာလောနိတ်မြို့၌ ငါရှိစဉ်ကလည်း သင်တို့သည် ငါလိုအပ်သောအရာကို တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် ပေးပို့ခဲ့ကြ၏။ ဤသို့ဆိုသော် လက်ဆောင်ကို ငါအလိုရှိ၍မဟုတ်။ သင်တို့၏အကျိုးအမြတ်ကို တိုးပွားစေသောအသီးအပွင့်ကိုသာ ငါအလိုရှိ၏။ ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။ ငါ၏ဘုရားသခင်သည်လည်း ဘုန်းအသရေတော်၌ရှိသော မိမိ၏ကြွယ်ဝမှုနှင့်အညီ သင်တို့၏လိုအပ်ချက်ရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။ ငါတို့အဖဖြစ်တော်မူသောဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။ ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။ ငါနှင့်အတူရှိသောညီအစ်ကိုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ သန့်ရှင်းသူအားလုံး အထူးသဖြင့် ဆီဇာဧကရာဇ်၏နန်းတော်၌ရှိသောသူတို့က သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။